SJ WorldNews - шаблон joomla Авто

စိမ်းလန်းသာယာရေး သဘာဝတောကို ထိန်းသိမ်း

Wednesday, 29 May 2019 09:25 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၏ သဘာဝသစ်တောကြီးများမှ တန်ဖိုးမဖြတ်နိုင်သော သစ်တောသယံဇာတများနှင့် ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်သွားခြင်း မရှိစေရန် နိုင်ငံတော်အစိုးရက သစ်တောဥပဒေနှင့် မူဝါဒများ ချမှတ်၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

မျက်မှောက်ကာလတွင် ရာသီဥတုကို ထိန်းညှိပေးသော သစ်ပင်သစ်တောများအား တရားမဝင်ခုတ်လှဲခြင်း၊ တောမီးရှို့ခြင်း၊ တောင်ယာခုတ်ခြင်းတို့ကို ဥပဒေနှင့်အညီ တားမြစ်ထားပြီး မြို့ပြချဲ့ထွင်ခြင်း၊ စက်ရုံအလုပ်ရုံများ တည်ထောင်ခြင်းတို့ကိုလည်း ပတ်ဝန်းကျင် မထိခိုက်စေရန် စနစ်တကျ ဆောင်ရွက်နေစဉ်မှာပင် သစ်ပင်များကို တရားမဝင်ခုတ်လှဲခြင်းနှင့် သယ်ဆောင်ခြင်းများ ရှိနေကြောင်း တွေ့ရသည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေ ၂၅ ရက် နံနက် ၁ နာရီ မိနစ် ၄ဝ ခန့်တွင် ဂဏန်းကျွန်း၏ အနောက်မြောက်ဘက် ရေမိုင် ၁ မိုင်ခန့်ကွာဝေးသော နေရာရောက်ရှိစဉ် မသင်္ကာဖွယ်လှေနှစ်စင်းကို တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ လှေနှစ်စင်းပေါ်မှ တရားမဝင်တောသစ် ၁၂ တန်ခန့် တင်ဆောင်ထားသည်ကို လူသုံးဦးနှင့်အတူ ဖမ်းဆီးရမိသည်။ ဖမ်းဆီးရမိသော တရားမဝင်သစ်များ၊ လှေများနှင့် ဖမ်းဆီးရမိသူများအား ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်သည်။

အလားတူ မြိတ်မြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေ ၂၁ ရက် နံနက် ၁ နာရီ မိနစ် ၂ဝ ခန့်တွင် မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၄ မိုင်ခန့် အကွာနေရာသို့ အရောက်၌ မသင်္ကာဖွယ် လှေလေးစင်းအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ လှေလေးစင်းပေါ်မှ တရားမဝင်တောသစ် ၂၆ ဒသမ ၅ တန်ခန့် တင်ဆောင်လျက် လူ ၁ဝ ဦးကိုဖမ်းဆီးရမိသည်။ ဖမ်းဆီးရမိသောလှေများ၊ သစ်များနှင့်လူများအား ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်သည်။ ကျွန်းစုမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေ ၁၉ ရက် နံနက် ၂ နာရီ ၁ဝ မိနစ်ခန့်တွင် ဆောင်ကြီးကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၄ ဒသမ ၈ မိုင်ခန့် အကွာတွင် မသင်္ကာဖွယ် လှေတစ်စင်း တွေ့ရှိသဖြင့် မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်း မရှိသောကြောင့် လိုက်လံဖမ်းဆီးရာ ကျွန်းစုမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၂၃ မိုင်ခန့်အကွာသို့ အရောက်၌ အလျား ၄၈ ပေ၊ အနံ ၁၁ ပေခန့်ရှိ စက်တပ်လှေတစ်စင်းပေါ်မှ လူသုံးဦးကို တရားမဝင် သယ်ဆောင်လာသော တောသစ်ခွဲသားဆိုဒ်စုံ ၇ ဒသမ ၅ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိသည်။ ဖမ်းဆီးရမိသော တရားမဝင် တောသစ်များနှင့်အတူ လှေပေါ်ပါသူများအား ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံမည် ဖြစ်သည်။

တနင်္သာရီ တိုင်းဒေသကြီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်သစ် သယ်ဆောင်လာသည့် လှေများကို ဖမ်းဆီးရမိသကဲ့သို့ ပြည်နယ်အချို့တွင်လည်း တရားမဝင်သစ်ထုတ်လုပ်ငန်း လုပ်ကိုင်သည်များ ရှိကြောင်း သိရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မေ ၉ ရက် နံနက် ၁ဝ နာရီခန့်တွင် နောင်ဝိုးကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာသို့အရောက်၌ တရားမဝင် စုပုံထားသော ကျွန်းသစ်လုံးဆိုဒ်စုံ ၁၅ တန်ခန့်၊ အင်ကြင်းသစ်လုံးဆိုဒ်စုံ ၁၆ တန်ခန့်နှင့် အင်သစ်လုံး ၁၃ တန်ခန့်တို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိသည်။

သိမ်းဆည်းရမိသော တရားမဝင်သစ်များအား မိုင်းကိုင်မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ နန့်ကွတ်ရွာအနီး၌ ပိတ်ဆို့ရှာဖွေနေစဉ် မေ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နောင်ချိုမြို့နယ် ဟိုခိုကျေးရွာဘက်မှ မူဆယ်မြို့နယ် မော်တောင်းဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်သုံးစီးအား စစ်ဆေးရာ ခြောက်ဘီးယာဉ် သုံးစီးပေါ်မှ ပိတောက်သစ်ခွဲသားဆိုဒ်စုံ စုစုပေါင်းခန့်မှန်း ၁၅ ဒသမ ဝဝ၉ တန် တွေ့ရှိ သိမ်းဆည်းရမိသဖြင့် သိမ်းဆည်းရမိသော တရားမဝင်သစ်များ၊ မော်တော်ယာဉ်များနှင့် လူများအား ကွတ်ခိုင်မြို့မရဲစခန်းနှင့် သစ်တောဦးစီးဌာန တို့သို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတစ်ဝန်း စိမ်းလန်းသာယာရေးအတွက် သဘာဝသစ်ပင်သစ်တောများကို နိုင်ငံတော်အစိုးရ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက တာဝန်သိသိ သစ္စာရှိရှိဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။

Read 20 times Last modified on Wednesday, 29 May 2019 09:26