SJ WorldNews - шаблон joomla Авто

ရေထိပန်းသွင် လန်းဆန်းမြူးကြွ သင်ယူကြ

Monday, 03 June 2019 13:33 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်အတွက် ဇွန် ရက်(ယနေ့)တွင် စတင်ဖွင့်လှစ်လိုက်သဖြင့် နွေရာသီကျောင်းပိတ်ရက်များက ငြိမ်သက်နေသော ကျောင်းပတ်ဝန်းကျင်သည် လှုပ်လှုပ်ရှားရှား ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများဖြင့် စည်ကားနေသည်။

ပညာရေးဝန်ကြီးဌာနသည် ပြည်သူများ ပူးပေါင်းပါဝင်နိုင်မည့် ပညာရည်မြှင့်တင်မှု လုပ်ငန်းများ ချမှတ် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကဏ္ဍအတွက် ကျောင်းများ အဆင့်တိုးမြှင်ဖွင့်လှစ်ခြင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်သတ်မှတ်ပေးခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ရက်သတ္တပတ် လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့တွင် ပညာရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက ပါဝင် ဆောင်ရွက်နေကြသည်။

အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ နှစ်စဉ် သတ်မှတ်ကာ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးတွင် အသက်ငါးနှစ်ပြည့်ပြီး ကလေးများကို KG တန်းအပ်နှံရန်ဖြစ်ပြီး အသက်ခြောက်နှစ်ပြည့်ပြီး ကလေးများကို ပထမတန်းသို့ အပ်နှံကြရန်ဖြစ်သည်။ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေကိုမျှ ကောက်ခံခြင်းမရှိသည့်အပြင် ငွေကြေး၊ ပစ္စည်း စသည်တို့ တစ်စုံတစ်ရာပေးရခြင်း၊ ကျောင်းတံဆိပ်နှင့်စာရေးကိရိယာများ ရောင်းချခြင်း မရှိသည့်အတွက် အားလုံး အဆင်ပြေကြသည်။ ကျောင်းသားမိဘများ အနေဖြင့် သား၊ သမီးများအား ကျောင်းအပ်ကြရာတွင် မိမိတို့နေ ထိုင်သည့် မြို့နယ်အတွင်းရှိ ကျောင်းများ၌သာအပ်ကြရန် လိုက်နာဆောင်ရွက်ကြခြင်းကြောင့် မြို့နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်သည့်နှုန်းထားအချိုးညီသဖြင့် ကျောင်းသုံးပြဌာန်းစာအုပ်မျှဝေရေး အဆင်ပြေကြောင်း သိရသည်။ ကျောင်းသားမိဘများအနေဖြင့် မိမိတို့မြို့နယ်အတွင်းမဟုတ်ဘဲ အခြားမြို့နယ်ရှိ ကျောင်းများသို့ သားသမီးများအား ကျောင်းအပ်လိုပါက ခြွင်းချက်အဖြစ် ထားသော သတ်မှတ်ချက်များဖြင့် ကိုက်ညီသူကိုသာ ခွင့်ပြုပေးကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအား နှစ်စဉ်အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခြင်းနှင့် ဆရာ၊ ဆရာမအင်အားဖြည့်တင်းရေးတို့ကို ဦးစားပေးအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာတွင် မိမိတို့ဒေသအတွင်း နေထိုင်သူများမှ ဘွဲ့ရလူငယ်များကို ခန့်ထားကြသည်မှာ သင်ကြားပေးသူနှင့် သင်ယူသူတို့၏ ဆက်သွယ်ပြောဆိုမှုအတွက် ဘာသာစကားအခက်အခဲမရှိ အဆင်ပြေ ချောမွေ့စေသော အကျိုးရရှိစေသည့် အစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံ အခြေခံအဆင့်၏ နှစ်စဉ်ကျောင်းဝင်စာရင်းမှာ ယခု ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင်လည်း ယခင်နှစ်ထက်လျော့နည်းမှု မရှိနိုင်ကြောင်း ခန့်မှန်းရသည်။

ယခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံး သိရှိလိုက်နာရမည့် အချက်များကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားရာတွင် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာမသုံးစွဲရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးရေး၊ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်ရေးတို့ကို မိဘပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ကြရန်တို့ ပါဝင်သည်။ ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးသို့ အကြံပြုလို၊ တိုင်ကြားလိုပါကလည်း နေပြည်တော်ရုံး အမှတ်(၁၃)သို့ဖြစ်စေ၊ E-Mail ဖြင့်ဖြစ်စေ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။

ခေတ်စနစ်တွေ မည်သို့ပင်ပြောင်းစေကာမူ ကျောင်းနေပျော်၍ စာတော်ရေး၊ မိဘဆရာပူးပေါင်း ကလေးပညာကောင်းဆောင်ပုဒ်တို့သည် ပြောင်းလဲရမည့် အသိများမဟုတ်ဘဲ အသိနှင့် အလုပ်ယှဉ်ရန် ပို၍ပို၍သာလိုအပ်နေမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ရောစိတ်ပါ ကြံ့ခိုင်ကျန်းမာစွာ ပညာသင်ယူနိုင်ရေး အားပေးကူညီကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 51 times Last modified on Monday, 03 June 2019 13:34