SJ WorldNews - шаблон joomla Авто

အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်ရန် ဗဟုသုတရှာမှီး

Tuesday, 04 June 2019 12:48 font size decrease font size decrease font size increase font size increase font size

စပါးခင်းများကို ကြည့်သောအခါ စပါးပင်တို့သည် တစ်ပင်နှင့်တစ်ပင်ခြားနားခြင်းမရှိ အတူတူပင် ရှင်သန်နေကြောင်း တွေ့ရသည်။ စပါးပင်တို့ကို တစ်ပင်စီသေချာ ကြည့်သောအခါတွင်မှ ကြုံလှီသောအပင်များနှင့် အမှိုက်ပင် ရောနှောနေခြင်းကို မြင်ရသည်။

စပါးပင်များ အနှံထွက်သော အချိန်တွင် ပို၍သိသာ ထင်ရှားသည်။

လူ့အဖွဲ့အစည်း အတွင်းမှာလည်း အလားတူရှိကြလေရာ တစ်ဦးချင်းစိတ်သဘောထားနှင့် အပြုအမူတို့ မတူညီကြပေ။ အခွင့်အခါအားလျော်စွာ ပြုဖွယ်ကိစ္စတို့ရှိလာချိန်တွင်မှသာ တစ်ဦး၏ အားသာချက်နှင့် တစ်ဦး၏ အားနည်းချက်တို့ကို သိသာထင်ရှားစွာ တွေ့မြင်ကြရသည်။

လယ်သမားတို့ စပါးလှေ့ခြင်းသည် အောင်မြင်သော စပါးစေ့ကိုသာရယူရန်၊ အဖျင်း၊ အမှော်၊ အမှိုက်သရိုက်တို့ကို လေနှင့်အတူလွင့်ပါသွားစေရန်ဖြစ်သည်။ လူတို့ဆန်ပြာကြရာတွင်လည်း အဖျင်း၊ အမှော်နှင့် အမှိုက်သရိုက်တို့ကို လေနှင့်အတူ လွင့်ပါသွားစေပြီး အဆီအနှစ်ရှိသော ဆန်စေ့တို့ကိုသာ ရယူရန်ဖြစ်သည်။ လောကသဘာဝ လူတစ်ယောက်အတွက် အစာအာဟာရ ဖြစ်သော်လည်း တခြားတစ်ယောက်အတွက် အဆိပ်ဖြစ်တတ်သည်ဟူသော စကားရှိသကဲ့သို့ တစ်နေရာတွင် ကောင်းသော်လည်း တခြားတစ်နေရာတွင် မကောင်းသော အရာများစွာရှိသည်။

စိတ်သွားရာကိုယ်ပါခြင်းဟု ဆိုကြရာတွင် ကောင်းမှုကိုသာ ပြုခြင်းသည် စိတ်နောက်ကိုယ်ပါလေလေ ကောင်းကျိုးစံစားရလေ ဖြစ်သကဲ့သို့ မကောင်းမှု၌မူကား စိတ်နောက်ကိုယ်ပါလေလေ မကောင်းကျိုး ခံစားရလေဖြစ်သည်။ ဥပမာအားဖြင့်ဆိုသော် တစ်စုံတစ်ဦးသည် ရာဇဝတ်မကင်းသော အမှုကိစ္စတစ်ခုကို မပြုမိအောင် မိမိကိုယ်မိမိထိန်းချုပ်နိုင်သော် အားလုံးစိတ်ချမ်းသာ ကြရပြီး ရာဇဝတ်မကင်းသော အမှုကိစ္စတစ်ခုကို ပြုမိသော် အားလုံးစိတ်သောက ရောက်ကြရသည်။

လူတို့သဘာဝ စိတ်တွင်းအကြံသည် တစ်သက်လုံးဖြူစင်သည် ဟူ၍ကား မရှိနိုင်ပေ။

လူ့လောက လူ့သဘာဝအရှုပ်အထွေး၊ အခက်အခဲများကြုံရသောအခါ ပြောင်းလဲတတ်သည့် စိတ်သဘောရှိကြပေရာ ခေတ်စကားနှင့် ဆိုသော် ထွက်ပေါက်ရှာတတ်ကြခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး စိတ်ထားဖြူစင်မှု အနည်းနှင့်အများသာ ကွာခြားကြပေမည်။ သို့သော် ပကတိစိတ်တွင်း၌ သန့်ရှင်းဖြူစင်ကြည်လင်ခြင်းကို သာလျှင် သူတော်ကောင်းသူ မြတ်လောင်းခေါ်တွင်ကြသည် မဟုတ်ချေ။ စိတ်တွင်း၌ ဖြစ်ပေါ်လာသည့် မကောင်းသော အကြံအစည်တို့ကို ဖိစီးနှိပ်ကွပ်လျက် မပြုမိစေရန်ချုပ်တည်းနိုင်သူကိုလည်း သူတော်ကောင်းသူမြတ်လောင်းအဖြစ် သတ်မှတ်ခေါ်တွင် ကြပေသည်။

လောက၌ လူတို့တတ်စွမ်းနိုင်သည့် သတ္တိအမျိုးမျိုး ရှိကြရာတွင် အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားတတ်သော သတ္တိထက် မြင့်မြတ်သော သတ္တိမရှိဟု ဆိုကြသည်။ လူတို့နေ့စဉ် ကြုံတွေ့နေရသည့် ဒုက္ခနှင့်သောကတို့သည် အမှားနှင့်အမှန်ကို ခွဲခြားသိသယောင်ယောင်ဖြင့် အမှုမထားကြခြင်းကြောင့် ဖြစ်သည်။ ဥပမာအားဖြင့်ဆိုသော် ကျား၊ ဆင်စသော သားရဲတိရစ္ဆာ န်တို့သည် ဤသို့ဤပုံ ခုပ်တတ်၊ အုပ်တတ်၊ ဖမ်းဆီးသတ်ညှစ် စားသောက်တတ်သည်။ ဤသို့ဤပုံရှောင်ရှားတိမ်းဖယ်ပါက လွတ်နိုင်သည်ကို ကောင်းစွာသိပါလျက် တောတွင်းသို့ရောက်၍ ကျား၊ ဆင် စသည်တို့နှင့်တွေ့ရ သောအခါမူကား အသက်ဘေးမှလွတ်အောင် မတိမ်းမရှောင် နိုင်သူကဲ့သို့ ဖြစ်ပေမည်။

သို့ဖြစ်၍ ဘဝတစ်သက်တာလျှောက်လှမ်းကြရာတွင် အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားတတ်သည့် မြင့်မြတ်သော သတ္တိပေးစွမ်းနိုင်သည့် အကြားအမြင်ဗဟုသုတကို စဉ်ဆက်မပြတ် ရှာဖွေအပ်ကြပေသည်။ ။

Read 21 times Last modified on Tuesday, 04 June 2019 12:50