SJ WorldNews - шаблон joomla Авто

စေတနာအကြင်နာ ဘေးကင်းကွာကြစေရာ

Wednesday, 05 June 2019 10:38 font size decrease font size decrease font size increase font size increase font size

လောကလူသားတို့သည် ဘဝတစ်သက်တာတွင် ကျန်းမာရေးနှင့်ပြည့်စုံ၍ အေးချမ်းစွာဖြင့် အသက်ရှည် နေထိုင်လိုကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသည် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက် ကုသမှုအတွက် အထူးကုဆေးရုံကြီးများ၊ သင်ကြားရေး ဆေးရုံကြီးများ၊ ၁၆ ခုတင်ဆံ့မှ ခုတင်-၁ဝဝဝ ဆံ့ ဆေးရုံကြီးများအထိ ဖွင့်လှစ်ပေးထားသည့်အပြင် တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဒေသန္တရ ကျန်းမာရေးဌာန တို့ကိုပါ ဖွင့်လှစ်ပေးထားသည်။

ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်ကုသမှုအတွက် နိုင်ငံတော်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ် တာကြာကျိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ဇွန် ၁ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း၌ ဒေသခံပြည်သူ ၉၇ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ အရေပြားရောဂါ၊ အစာအိမ်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သွေးအားနည်းသွေးပေါင်ကျရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ ပြည်သူများအတွက် လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို ဆေးကုသရေးအဖွဲ့က ဆောင်ရွက်ပေးကြသည်။

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် လက်ပံပင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား မေ ၃၁ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူ ၁၈၄ ဦးတို့အား နား၊ နှာခေါင်း၊လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား မေ ၃၁ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ရပ်ကွက်ရှိဘုန်းတော်ကြီးကျောင်း၌ သံဃာတော်သုံးပါးနှင့် ဒေသခံပြည်သူ ၉၁ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် အဆုတ်ရောင်ရောဂါ၊ အစာအိမ်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး၊ အကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်း၊ နဃွ စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ အလားတူ မိုးညိုမြို့နယ် ကနစိုးကျေးရွာရှိ လေဘေးသင့်ပြည်သူများအား အဆိုပါ ကျေးရွာရှိ သာသနာ့အောင်လံမဟာသိပ္ပံကျောင်းတိုက်၌ မေ ၃ဝ ရက်တွင် တိုင်းစစ်ဌာနချုပ် ဆေးကုသရေး အဖွဲ့က သံဃာတော်နှစ်ပါးနှင့် ပြည်သူ ၃ဝ ဦးတို့ကို ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရိုး၊ အကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်အတွင်းရှိ သကြားစက်ကျေးရွာ၊ မအူပင်ကျေးရွာ၊ ကျွန်းဦးကျေးရွာ၊ ကျေးကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံ ပြည်သူများနှင့် အမှတ်(၂)သကြားစက်ရုံ(ပျဉ်းမနား)မှ ဝန်ထမ်းများအား မေ ၃ဝ ရက် နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာသကြားစက်၌ ကျန်းမာရေးစောင့်ရှောက်ကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ဆေးကုသရေးအဖွဲ့က ထိုသို့ ဆောင်ရွက်ပေးရာတွင် ဒေသခံပြည်သူ ၃၇ဝ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး၊ အကြောရောဂါ၊ သားဖွား၊ မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၂၆ ဦးတို့ကို နေပြည်တော်ရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရန် စီစဉ်ပေးကြသည်။

တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အားလျော်စွာ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် လုံခြုံရေး တာဝန်ထမ်းဆောင်ရာတွင် စစ်ရေးတာဝန်တစ်ခုတည်းကိုသာ မဟုတ်ဘဲ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသော ပြည်သူတို့အား ကူညီကယ်ဆယ်ရေး၊ ပြည်သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်ကုသမှု တိုးမြှင့်ဆောင်ရွက်ပေးရာတွင် စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာဆောင်ပုဒ် နှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပါသည်။ ။

Read 85 times Last modified on Wednesday, 05 June 2019 10:39