SJ WorldNews - шаблон joomla Авто

ကြိုတင်ပြင်ဆင်ခြင်းသည် အောင်မြင်မှု၏အစ

Sunday, 09 June 2019 13:37 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ မိုးဦးလေဦး ကျချိန်၌  တွေ့ကြုံရတတ်သော သဘာဝ ဘေးအန္တရာယ် အမျိုးမျိုး ရှိကြရာ ဒေသအလိုက် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ် လျော့နည်း သက်သာစေရန် ကြိုတင် စီစဉ် ဆောင်ရွက်နေကြသည်။ မကွေးတိုင်း ဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဇွန် ၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မုန်းချောင်း ကမ်းပါးနှင့် ပေ ၇ဝဝ ခန့်သာကွာဝေးသည့် ရွှေလှေကျေးရွာအုပ်စု အိမ်ထောင်စု ၂၈ဝ ရှိသော မှရိုးကုန်းကျေးရွာ၌ မြေအက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာသောကြောင့် ကမ်းပြိုအန္တရာယ်မှ ကာကွယ်ရန် အိမ်ခြေ ၄ဝ နှင့် Save the Children က ဆောက်လုပ် လှူဒါန်းထားသော မူလ တန်းကြို ကျောင်းတစ်ကျောင်းတို့ကို နေရာရွှေ့ပေးရန် ဌာနဆိုင်ရာတို့က စီစဉ်နေကြသည်။ မှရိုးကုန်းကျေးရွာအတွင်းရှိ အိမ်ခြေ  ၂ဝ  ပတ်ဝန်းကျင်တွင်ဖြစ်ပေါ်နေသော မြေအက်ကြောင်းများမှာ အကျယ် ၁၈ လက်မခန့်ရှိပြီး အနက်မှာ ဝါးလုံးဖြင့်ထောက်၍ မမီကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

 

မကွေးတိုင်းဒေသကြီး၏ အနောက်ဘက် ချင်းပြည်နယ်ဘက်မှ စီးဆင်းလာသော ချောင်းရေတို့သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းသို့ ဝင်ရောက်လာပြီး စလင်းမြို့နယ် အတွင်း စီးဆင်းသော မုန်းချောင်းနှင့် ပေါင်းဆုံကြသည့် နေရာ၌ မုန်းချောင်း ရေလှောင်တမံ တည်ဆောက်ထားသည်။ ရေလှောင်တမံမှ ဆက်လက် စီးဆင်းလာသော မုန်းချောင်းသည်   ပွင့်ဖြူမြို့နယ်အတွင်း၌  ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သွားသည်။ ရေကြည်ရာ မြက်နုရာအရပ်၌ အခြေချ နေထိုင်ကြသော လူတို့သဘာဝ အတိုင်း မုန်းချောင်း ဝန်းကျင်ကျေးရွာများမှ ပြည်သူများမှာ သီးနှံ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်ကြသဖြင့် စားဝတ်နေရေးအတွက် သင့်တင့်သော အနေအထားရှိကြသည်။ ချင်းတိုင်းရင်းသားတို့၏ ရိုးရာစကားပုံ၌  စမ်းရေ လျှံလျှင်  ဆင်းရဲသူ ချမ်းသာသည်ဟုဆိုထားသည့်အတိုင်း မိုးသီးနှံ စိုက်ပျိုးရန် ကြိုတင် ပြင်ဆင် ထားကြသော တောင်သူ လယ်သမားတို့မှာ မိုးဦးကျတွင် ထွန်ရေးငင်နေကြသည်။ မိုးဦးအသင့်အတင့် ရွာသွန်းသော ဒေသများ၌ နယုန်မိုးသေးမြက်သားမွေး၍ စိမ်းစို လန်းဆန်းနေချိန်တွင် ပွင့်ဖြူမြို့နယ်ရှိ မှရိုးကုန်းကျေးရွာကဲ့သို့ မြေပြိုသည့် အန္တရာယ်ကြုံတွေ့ရသည့် ဒေသများလည်းရှိကြသည်။

မိုးဥတုအတွင်း  မြေပြိုသည့် အန္တရာယ်သည်  ချောင်းမြစ်တို့နှင့် နီးသော နေရာများ၌ ကြုံတွေ့ရသကဲ့သို့ ပင်လယ် ကမ်းရိုးတန်း ဒေသများမှာလည်း ကြုံတွေ့ရပေရာ ၂ဝ၁၈ ခုနှစ် သြဂုတ် ၁ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီ တိုင်းဒေသကြီး လောင်းလုံးမြို့နယ် ကျောက်မတ်တက်ကျေးရွာ အုပ်စု ကြက်လွတ်ကျေးရွာ၌ တည်ထား ကိုးကွယ်သော မြတ်ရှင်မော်ဘုရား၏ အနောက်ဘက် ကမ်းပါး မြေပြိုကျမှုဖြစ်ပွားခဲ့သည်။ ကမ်းပါးမြေပြိုကျမှု ဖြစ်ပွားခဲ့သည့် နေရာအား မြေထိန်းနံရံ တည်ဆောက်ရန် အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ လှူဒါန်းငွေ ကျပ်သိန်း ၁၅ဝဝဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးနှင့်  တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းတို့မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းလျက် အလျားပေ ၈ဝ၊ အမြင့် ၄၆ ပေရှိ သံကူကွန်ကရစ် အမျိုးအစားမြေထိန်းနံရံကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်း ၈၉ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ယခင် ၂ဝ၁၈ ခုနှစ် သြဂုတ် ၂၉ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းသဖြင့်  ဆွာချောင်းတမံ ပင်မ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ်(၁၆၅/၁)နှင့် (၁၆၅/၃)အကြားရှိ ဆွာချောင်း တံတား အဆန် လမ်းပိုင်း ရေလယ်တိုင် အောက်ခြေနိမ့်ကျ သွားသဖြင့် မော်တော်ယာဉ်များ သွားလာရန် အစုန်လမ်းကိုသာ အသုံးပြုနေရခြင်းကြောင့် အချိန်ကြန့်ကြာမှုရှိခဲ့သည်။ 

အဆန်လမ်းကို အသုံးပြုနိုင်ရန် ယာယီဘေလီတံတားကို တပ်မတော်က တည်ဆောက်ပေး လိုက်သဖြင့် ခရီးသည်များ အဆင်ပြေစွာသွားလာနိုင်ကြသည်။ ဆွာဘူတာနှင့်ရေတာရှည် ဘူတာကြားရှိ ရထားလမ်းနှင့်တံတားများရေတိုက်စားခံရပြီး ပျက်စီးသွားသဖြင့် ခရီးသည် များနှောင့်နှေးမှုမရှိစေရန် တပ်ပိုင်မော်တော်ယာဉ်များဖြင့် အစုန်/အဆန်သယ်ပို့ပေးခဲ့သည်။ ယခုနှစ် မိုးကျသည်နှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ဘီးတောင်ရပ်ကွက်၌ မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ပတ္တမြားစေတီ အောက်တွင် ဇွန် ၆ ရက် နံနက် ၂ နာရီခန့်က မြေပြိုကျသဖြင့် အိမ်တစ်လုံးပျက်စီးပြီး လူတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာ ရသွားသည်။ အလားတူ သာယာရပ်ကွက်တွင်လည်း မြေပြိုကျသဖြင့် အိမ်တစ်လုံး ပျက်စီးသွားပြီး လူတစ်ဦးဒဏ်ရာရသွားသည်။

သို့ဖြစ်၍  ယခင်နှစ် အတွေ့အကြုံများ အရ  ယခုနှစ် မိုးရာသီတွင်  ဒေသအလိုက် ကြုံတွေ့ရနိုင်သည့် ဘေးအန္တရာယ် လျော့နည်းရေး အဘက်ဘက်မှ ကြိုတင်ပြင်ဆင် ဆောင်ရွက်၍  နိုင်ငံပိုင်မီဒီယာများနှင့် တရားဝင်အခွင့်ရ သတင်းမီဒီယာများက ထုတ်ပြန်ကြေညာသည့်  မိုးလေဝသသတင်းများကို  အမြဲမပြတ် စောင့်ကြည့် နားဆင်ကြရန် ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။   

Read 32 times