SJ WorldNews - шаблон joomla Авто

သနားကြင်နာ စီးပွားရှာ၍ မေတ္တာမကင်းမစခြင်းဖြင့်

Monday, 10 June 2019 15:23 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသည် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် အတွက် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးကို ဇွန် ၃ ရက်မှ စတင် ဖွင့်လှစ်လိုက်ရာ နီတျာတျာစိန်ပန်းပင်ရိပ် အစိမ်းရောင်နှင့် အဖြူရောင်တူညီ ဝတ်စုံဝတ်ဆင်ထားသော ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ လှုပ်လှုပ်ရှားရှား သွားလာနေကြသည်ကို တွေ့နေရသည်။

လူနေထူထပ်ပြီး လမ်းများပေါ်၌ စက်တပ်ယာဉ်သွားလာမှု များပြားသော မြို့ကြီးများမှ ကျောင်းသားများမှာ ကျောင်းကားဖြင့် သွားလာကြခြင်းကြောင့် မိဘများစိုးရိမ်စိတ် လျော့နည်းကြသည်။ ကျောင်းကြိုပို့ယာဉ်မသုံးဘဲ ကိုယ်ပိုင်အစီအစဉ်ကြုံရာကားကို စီး၍လည်းကောင်း၊ မော်တော်ဆိုင်ကယ် သို့မဟုတ် စက်ဘီးကို စီး၍လည်းကောင်း ကျောင်းတက်ကြရသော မြို့ငယ်များနှင့် ကျေးလက်ဒေသတို့မှ ကျောင်းသားမိဘတို့မှာ မြို့ကြီးမှ ကျောင်းသားမိဘများထက် စိုးရိမ်စိတ်ပိုကြရသည်။ မြို့ကြီးများရှိလမ်းများမှ လမ်းဆုံလမ်းခွများ၌ ယာဉ်ထိန်းရဲများ စနစ်တကျစောင့်ကြပ်နေခြင်း၊ လူကူးမျဉ်းကျားများ ရေးဆွဲထားခြင်းနှင့် ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်တို့တွင် ယာဉ်အန္တရာယ်ကင်းရေးကို ဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများကြောင့် ကျောင်းသားမိဘများ စိတ်အေးကြရသည်။ မြို့ငယ်များနှင့် ကျေးလက်ဒေသတို့မှာ ယာဉ်ကြော မကျပ်သော်လည်း လူစီးယာဉ်ကြီးယာဉ်ငယ်များ၊ ကုန်တင်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်၊ ထော်လာဂျီ စသည့် စက်တပ်ယာဉ်များက အရှိန်ပြင်းပြင်းမောင်းနှင်ခြင်း၊ ဝန်နှင့်အားမမျှတခြင်း စသည်တို့ကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်နေကြသည်မှာ ကျောင်းသားမိဘများ စိုးရိမ်နေကြရသည့် အကြောင်းတရားတစ်ခု ဖြစ်သည်။ အထူးသဖြင့် မိဘနှစ်ဦးစလုံး အလုပ်တာဝန်ကိုယ်စီ ရှိနေကြသဖြင့် မူလတန်းကျောင်းသား အရွယ်ကလေးငယ်များကို ကျောင်းပို့ကျောင်းကြိုရန် အခက်အခဲ ရှိသူများအတွက် ပို၍စိုးရိမ်စိတ် ဖြစ်ကြရသည်။

 ကျောင်းတက်နေသောသား၊ သမီးများအတွက် ကျောင်းသွား၊ ကျောင်းပြန်ချိန် စိတ်သောကဖြစ်ကြရသကဲ့သို့ ကျောင်းတက်နေချိန်တွင်လည်း  စိတ်ပူကြရသေးသည်မှာ ကျောင်းမုန့်ဈေးတန်းများမှ ရောင်းချသည့်မုန့်များသည် သား၊သမီးတို့ ကျန်းမာရေးအတွက် အန္တရာယ်ရှိ၊မရှိ သေချာ သိနိုင်ကြပါမည်လော။ မိုးလေးကျသည်နှင့် ယင်ကောင်တွေကများလာချေပြီ။ ကျောင်းမုန့်ဈေးတန်းမှ ဆိုင်များ၌ ယင်မနားစေရန် စီစဉ်ထား၊ မထားဆိုသည်မှာ မျက်စိဖြင့် အလွယ်တကူမြင်နိုင်ကြသကဲ့သို့ တားမြစ်ဆေးရောင်ဆိုးထားသည်ကိုလည်း မြင်နိုင်ကြသည်။ သို့သော် အစား အသောက်များကို အဏုကြည့်မှန်ပြောင်းဖြင့်သော်လည်းကောင်း၊ ဓာတ်ခွဲစမ်းသပ်ကြည့်မှ သော်လည်းကောင်း မြင်နိုင်သိနိုင်သည့် ရောဂါဖြစ်စေနိုင်သောပိုးနှင့် တာရှည်ခံဓာတုပစ္စည်းများ ပါဝင်မှုတို့ကိုမူ သာမန်မျက်စိဖြင့် မမြင်နိုင်ကြပေ။ အချို့ အခြေအနေပေးသော မိဘများနှင့် ကျန်းမာရေး အသိရှိသော မိဘများက သား၊သမီးများ  ကျောင်းမသွားမီ အိမ်မှာပင်ချက်ပြုတ် ကြော်လှော်ကျွေးကြပြီး ကျောင်းတွင် အဆာပြေစားရန် အတွက်ကိုပါ စီစဉ်ပေးကြသည်။ အချို့မိဘများက အိမ်မှာချက်ပြုတ် ကြော်လှော်ကျွေးပြီးမှ ကျောင်းသို့ စေလွှတ်သော်လည်း ကျောင်းတွင် အဆာပြေစားရန်အတွက် စီစဉ်ပေးရာတွင် ဈေးဆိုင်များမှ ဝယ်ယူထားသော အသင့်စားသုံးနိုင် သည့်မုန့်များကို ထည့်ပေးလိုက်ကြသည်မှာ ကလေးများ ကျန်းမာရေးအတွက် အပြည့်အဝ ယုံကြည်စိတ်ချရမှု နည်းပါးသည်။

အထူးသဖြင့် ရောင်စုံဝေဖာ၊ ရောင်စုံသကြားလုံး၊ လေဖောင်းအိတ်တွင် ထည့်ထားသော မု့န်များ၊ ပီကေ၊ ဂျယ်လီ၊ ဟမ်ဘာဂါနှင့် ကိုးရီးယား အစားအစာများ၊ အကင်များသည် အစာအိမ်ကို ဒုက္ခပေးနိုင်ကြောင်း၊ ထို့ပြင် အသုပ်ဆိုင်များ၌ ပလတ်စတစ်ပန်းကန်၊ ပလစ်စတစ်ဇွန်း၊ ပလတ်စတစ်ဟင်းရည်သောက်ခွက်တို့သည် အပူနှင့်ထိတွေ့လျှင် ကင်ဆာဖြစ်စေနိုင်သော ကာစီနိုဂျင်ဓာတ်များပါဝင်ခြင်းကြောင့် စားသောက်ဖွယ်ရောင်းသူနှင့် စားသုံးသူတို့ နှစ်ဦးနှစ်ဖက်နားလည်မှုဖြင့် ရှောင်ကြဉ်ကြရန်လိုကြောင်း ဆေးပညာရှင်များက အသိပေးထားကြသည်။ ထို့ပြင် စားသောက်ဖွယ်ရာ မုန့်ဟင်းခါး၊ လက်ဖက်ရည်၊ ကော်ဖီနှင့် အလားတူ စားသောက်ဖွယ်တို့ကို ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးသယ်ယူခြင်း သည်လည်း စားသုံးသူတို့ ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ကျောင်းဖွင့်ချိန်တွင် ဘဝရပ်တည်မှုအတွက် ရုန်းကန်လှုပ်ရှားကြရာ၌ လူအချင်းချင်း ကိုယ်ချင်းစာနာစိတ်၊ သနားကြင်နာစိတ်တို့ဖြင့် မေတ္တာ၊ စေတနာထားကာ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် နည်းလမ်းဖြင့် ရိုင်းပင်းကူညီ မစကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ပါသည်။ ။

Read 49 times Last modified on Monday, 10 June 2019 15:26