SJ WorldNews - шаблон joomla Авто

ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေမည်

Tuesday, 11 June 2019 12:27 font size decrease font size decrease font size increase font size increase font size

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု တတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော် Aureum Palace Hotel ၌ ဇွန် ၇ ရက်မှ ၈ ရက်အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် UNOCHA တို့ ပူးပေါင်း ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင် တပ်မတော်နှင့်ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ဖြစ်သည်။

အလုပ်ရုံ ဆွေးနွေးပွဲသို့ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအောက်ရှိ လုပ်ငန်း ကော်မတီများမှ ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၆ ဦးတက်ရောက်ကြသည်။ နှစ်ရက်တာကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြဋ္ဌာန်းထားသည့်လုပ်ထုံးလုပ်နည်းများနှင့်နည်းလမ်းများ၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေမှု၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှု၌ တပ်မတော်မှ ပူးပေါင်းဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံရသည့် အောင်မြင်မှုများနှင့် ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နိုင်သည်များ၊ အာဆီယံဒေသတွင်း အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်တုံ့ပြန်ရာ၌ တပ်မတော်မှ ကိုယ်စားလှယ်များ စေလွှတ်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား လက်တွေ့ဆောင်ရွက်မှု များနှင့်အတူ လိုအပ်သည်များ ဆွေးနွေးကြသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်များမှ ၂၁ ရာစု၏ ပထမဆယ်စုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်းသည် ထိခိုက်ဆုံးရှုံးမှု အများဆုံး ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ် ဖြစ်သည်။ ၂ဝဝ၈ ခုနှစ် ဧပြီ ၂၉ ရက်မှစ၍ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကို ကျော်လွန်၍ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာသည့် နာဂစ်မုန်တိုင်းသည် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမှ ဝင်ရောက်လာပြီး အရှေ့မြောက်သို့ ဦးတည်လျက် ကုန်းတွင်းပိုင်းသို့ မေ ၁ ရက်တွင် စတင်ဖြတ်ကျော်တိုက်ခတ်သည်။ ထိုသို့ တိုက်ခတ်စဉ် မုန်တိုင်းကြီး၏ အရှေ့အနောက် အချင်းမိုင် ၂၉ဝ နှင့် တောင်မြောက် အချင်းမိုင် ၂၂၅ မိုင်ရှိပြီး ဗဟိုချက်လေတိုက်နှုန်း မိုင် ၁၂ဝ အထိတိုက်ခတ်သည်။ မုန်တိုင်းကြီး ဦးတည်ရွေ့လျားရာ၏ ထောင့်မှန်ကျရာ ဒေသများသို့ အမြင့် ၁၂ ပေရှိသော ဒီရေလှိုင်းများက မုန်တိုင်းကြီးနှင့်အတူ မေ ၂ ရက်တွင် ဝင်ရောက်လာသဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပင်လယ်နှင့်နီးသော ကျေးရွာများမှ အဆောက်အအုံများ မျောပါသွားပြီး လူနှင့်တိရစ္ဆာန်များလည်း သေဆုံးကြရသည်။

နာဂစ်မုန်တိုင်းသည် မေ ၃ ရက် နံနက် ၁ နာရီခန့်မှစတင်၍ တစ်နာရီလျှင် မိုင် ၁၂ဝ နှုန်းတိုက်ခတ်ပြီး ရန်ကုန်မြို့အနီးသို့ ချဉ်းကပ်တိုက်ခတ်ခဲ့ရာ နံနက် ၁၁ နာရီအထိ ကြာမြင့်သည်။ ရန်ကုန်မြို့ကို ဖြတ်ကျော်တိုက်ခတ်သွားသည့် မုန်တိုင်းအရှိန်ကြောင့် သစ်ပင်များ၊ အဆောက်အအုံများ၊ လျှပ်စစ်ဓာတ်တိုင်များနှင့် တယ်လီဖုန်းတိုင်များ ပြိုလဲသွားသည်။ မေ ၂ ရက်မှ ၃ ရက်အထိ အရှိန်ပြင်းထန်စွာ တိုက်ခတ်သောနာဂစ်မုန်တိုင်းဒဏ်ကို အများဆုံး ခံစားကြရသော ဒေသများမှာ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြည်သူများဖြစ်သည်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် သဘာဝဘေးသင့်ဒေသများသို့ တပ်မတော်သားများ သွားရောက်ပြီး ရှာဖွေ ကယ်ဆယ်ရေး၊ ပြန်လည်နေရာ ချထားရေး၊ မိသားစုပြန်ပေါင်းစည်းရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဒေသမှဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြသည်။ လမ်းခရီးဆက်သွယ်ရေး ပြတ်တောက်သွားသော ဒေသများသို့ တပ်မတော်ရဟတ်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ရေး အဆင်ပြေစေရန် ပို့ဆောင်ထောက်ပံ့ပေးခဲ့သည်။ ထိုကာလ နောက်ပိုင်း၌ ၂ဝ၁၁ ခုနှစ် တာချီလိတ် ငလျင်ဘေးနှင့်ပခုက္ကူရေဘေး၊ ၂ဝ၁၂ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့အတွင်း ငလျင်ဘေး၊ ၂ဝ၁၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရေဘေးတို့တွင် တပ်မတော်က လူအား၊ ပစ္စည်းအား၊ ငွေအားတို့ဖြင့် တစ်တပ်တစ်အား ပါဝင်ကူညီ ထောက်ပံ့ပေးခဲ့ကြသည်။

သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သော လုပ်ငန်းများသည် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည့် လုပ်ငန်းများဖြစ်ရာ တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်အောင် စွမ်းဆောင်သွားမည် ဖြစ်ပါသည်။ ။

Read 46 times Last modified on Tuesday, 11 June 2019 12:29