SJ WorldNews - шаблон joomla Авто

ဆုမတောင်းဘဲပြည့်သော အကျိုးတရား ဆယ်ပါး

Thursday, 13 June 2019 09:36 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးမှုဒဏ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရသဖြင့် နိုင်ငံအတွင်းရှိ ဒေသအချို့၌ ဇွန် ၁ ရက်မှစ၍ အပူချိန် မြင့်တက်လျက်ရှိရာ နိုင်ငံမြောက်ပိုင်း၌ နေ့အပူချိန် ၅ဝ ဒီဂရီစင်တီဂရိတ်ထက် ပိုနေခြင်းကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များက အပူလှိုင်း ဖြတ်သန်းမှုနှင့် ရေရှားပါးမှုဖြစ်လာနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံတွင် ၁၉၆၁ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း အပူချိန် သုည ဒသမ ၈ ဒီဂရီစင်တီဂရိတ်နှုန်း တဖြည်းဖြည်း မြင့်တက်လာပြီး ရာသီဥတုပူပြင်းသည့် နေ့ရက် ပိုများလာသည်ဟု မိုးလေဝသဌာနက ထုတ်ပြန်ထားသည့် သတင်းများ၌ ဖော်ပြထားသည်။ထို့ပြင် အိန္ဒိယနိုင်ငံ၌ ၁၉၉၂ ခုနှစ်မှစ၍ အပူချိန်မြင့်တက်မှုကြောင့် လူပေါင်း ၂၂ဝဝဝ ကျော်သေဆုံးခဲ့ရာတွင် သေဆုံးသူ အများစုမှာ ရေဓာတ်ခန်းခြောက်ခြင်းနှင့် အပူလှိုင်း မိခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။ ကီရာလာပြည်နယ်၌ ယခုနှစ် မတ် ၁ ရက်မှစ၍ အပူချိန်မြင့်တက်မှုကြောင့် ဆေးကုသမှုခံယူရသူ ၂၈၈ ဦးရှိပြီး ပါလက်ဒက်ခရိုင်တွင်မူ လူလေးဦးသေဆုံးခဲ့သည်။ နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဒေသရှိ ကာယလုပ်သားများသည် ပူပြင်းလှသည့်အပူချိန်ကို နေ့စဉ်နှင့်အမျှခံစားနေရပြီး ရေရှားပါးမှုနှင့်လည်း ကြုံတွေ့ နေရသည်။ သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရသည့် ဒေသများအနက် ချန်နိုင်းမြို့မှာ

အဆိုးဆုံးဖြစ်သဖြင့် ပြည်နယ်အစိုးရ အနေဖြင့် ပင်လယ်ရေကို ရေချိုအဖြစ် ပြောင်းလဲပေးနိုင်မည့် စက်ရုံများ တည်ဆောက်ရန် စီစဉ်လျက်ရှိသော်လည်း စီမံကိန်း အကောင်အထည်ဖော်ရန် အချိန်ယူရဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၌ ကုန်းတွင်းပိုင်းရော ပင်လယ်ကမ်းရိုးတန်း ဒေသများတွင် နေထိုင်ကြသူများပါ သောက်သုံးရေ ရှားပါးမှုကို ခံစားနေရသကဲ့သို့ ကမ္ဘာ့နိုင်ငံအချို့မှ ရေပတ်လည် ဝိုင်းရံလျက်ရှိသော ကျွန်းများတွင် နေထိုင်ကြသူများလည်း

သန့်ရှင်းသော သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ နော်ဝေနိုင်ငံ အနောက်ပိုင်း၌  ဒေသခံပြည်သူ ထောင်ပေါင်းများစွာတို့သည်  မသန့်ရှင်းသော ရေကိုသောက်ပြီးနောက် ဖျားနာသည့် ဝေဒနာ ခံစားကြရသူတွင် အသက်တစ်နှစ်အောက် ယောက်ျားလေးတစ်ဦး သေဆုံးသွားကြောင်း TV2 သတင်းဌာန၏ ကြေညာချက်ကို ကိုးကား၍ှ Sputnik သတင်း၌ ဖော်ပြထားသည်။ ဒေသခံ ၂ဝဝဝ ခန့်သည် ဘာဂန်မြို့အနီး အက်ကွိုင်ကျွန်းရှိ သောက်သုံးရေကန်မှ ရေကိုသောက်ပြီးနောက် ပျို့အန်ခြင်း၊ ဗိုက်နာခြင်းနှင့် ဝမ်းလျှောခြင်းတို့ ခံစားရပြီး ကလေးငယ် ၁၂ ဦးအပါအဝင် လူ ၄ဝ ခန့် ဆေးကုသမှု ခံယူနေကြရသည်။  သောက်သုံးရေကန်မှ  ရေကိုကျိုချက်ပြီး သောက်သုံးကြသော ဒေသခံပြည်သူအချို့မှာလည်း နာမကျန်းဖြစ်ကြရပြီး အများစုမှာ ရေဓာတ်ခန်းခြောက်မှုကြောင့် ဘာဂန်မြို့ရှိ ဟူကီလန်တက္ကသိုလ်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေကြသည်။ လူပေါင်း ၂၅ဝဝဝ ခန့် နေထိုင်လျက်ရှိသော အဆိုပါကျွန်း၌ ရေထုညစ်ညမ်းမှု ပြဿနာကို ကူညီဖြေရှင်းပေးရန် ပြည်သူ့ကျန်းမာရေး အဖွဲ့မှ ကူးစက်ရောဂါ ကာကွယ်ရေး ပညာရှင်သုံးဦးသည် အက်ကွိုင်မြို့သို့ ရောက်ရှိနေကြသည်။

မြန်မာနိုင်ငံတွင်  ယခုနှစ်နွေရာသီ အပူချိန်မြင့်တက်မှုကြောင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်အချို့ဒေသများ၌ သောက်သုံးရေရရှိနိုင်မှု ခက်ခဲလျက်ရှိရာမှ ယနေ့ မုတ်သုံ စတင်ဝင်ရောက်သည့်တိုင်အောင် မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းခြင်းကြောင့် သန့်ရှင်းသော သောက်သုံးရေ လိုအပ်ချက် ရှိနေသေးသည်။ နွေဦးကာလမှာပင် သန့်ရှင်းသောသောက်သုံးရေ အခက်အခဲရှိသည့် ဒေသနေပြည်သူများ အတွက် နိုင်ငံတော် အစိုးရဌာန ဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူတို့က ရေသယ်ယာဉ်များဖြင့်

ပို့ဆောင်လှူဒါန်းခြင်း၊ ရေသန့်ဘူးများလှူဒါန်းခြင်းတို့ဖြင့် ဖြည့်ဆည်းပေးကြရာတွင် တပ်မတော်ကလည်း တိုင်းစစ်ဌာနချုပ် နယ်မြေအလိုက်  ပါဝင်ဖြည့်ဆည်း လှူဒါန်းပေးလျက် ရှိသည်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် ဇွန် ၄ ရက်တွင် တောင်ကုတ်တပ်နယ် မိချောင်းတိုးကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၅ဝဝ နှင့် သောက်ရေသန့်ဘူးကြီးများကို လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သည် တောင်ငူမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာ၊ ပေါက်ခေါင်းမြို့နယ် ကုတင်ငါးဆင့်ကျေးရွာ၊ ပန်းတောင်းမြို့နယ် မသုန်ကျေးရွာနှင့် နဖူးကျင်းကျေးရွာ တို့သို့ သောက်သုံးရေ ၅၃၇၈ ဂါလန်ကို လည်းကောင်း ပေးပို့လှူဒါန်းကြသည်။

ထို့ကြောင့် ရေကုသိုလ်ရှင် အားလုံးတို့သည် ဆုမတောင်းဘဲရသော လျင်မြန်ခြင်း၊ ကျော်စောခြင်း၊ စင်ကြယ်ခြင်း၊ မွတ်သိပ်ခြင်းမှ ကင်းခြင်း၊ အခြံအရံများခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ပညာကြီးခြင်း၊  ချမ်းသာခြင်းတည်းဟူသည့် ရေလှူသော ကောင်းမှုကုသိုလ် အကျိုးတရား ဆယ်ပါးနှင့်ပြည့်စုံကြပါစေကြောင်း ပြည်သူတို့ကိုယ်စားမြဝတီက ဆုတောင်းမေတ္တာပို့သရင်း သာဓုအနုမောဒနာ ခေါ်ဆိုအပ်ပါသည်။     

Read 41 times Last modified on Thursday, 13 June 2019 09:38