SJ WorldNews - шаблон joomla Авто

ငါးရစ်ငါးသန် ဘေးမဲ့ချန် ပုံမှန်စားသုံး မျိုးမတုံး

Friday, 14 June 2019 10:58 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၏ ၂ဝ၁၉ ခုနှစ် မုတ်သုံမိုးဦးရွာသွန်းမှုမှာ ဇွန် ၁၁ ရက်တွင် ဘီးလင်းနှင့် မော်လမြိုင်တို့တွင် ၃ လက်မအထက်၊ ရေး၊ ထားဝယ်၊ ကွမ်းခြံကုန်း၊ သထုံ၊ ပေါင်၊ ဘားအံ၊ ကမမောင်း၊ မြိတ်၊ ဂွ၊ မုဒုံတို့၌  ၂ လက်မအထက် အသီးသီး ရွာသွန်းသည်။

မိုးဖြိုင်ဖြိုင်ရွာသည်နှင့် မြိုင်မြိုင်ဆိုင်ဆိုင် ပျော်မြူးကြသော ငါးသတ္တဝါတို့ အစုန်အဆန် ကူးခပ်သွားလာနေကြသည့် ယခုအချိန်သည် သားပေါက်ချိန်ဖြစ်သဖြင့် မွန်ပြည်နယ်တွင် ဇွန်လမှသြဂုတ်လအထိ ငါးမဖမ်းရရာသီ သတ်မှတ်ထားသည်။ ငါးမဖမ်းရရာသီ သတ်မှတ်သည့် ရည်ရွယ်ချက်မှာ ငါးသယံဇာတ ထိန်းသိမ်းရန်ဖြစ်ပြီး ငါးလုပ်ငန်းရှင်များ၊ ငါးလုပ်ငန်းနှင့် သက်ဆိုင်သည့် ပညာရှင်များ၊ ငါးလုပ်ငန်းရုံးချုပ်မှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး သတ်မှတ်လိုက်ခြင်းဖြစ်သည်။ မွန်ပြည်နယ်အတွင်း ကမ်းခြေမှ အကွာအဝေး ၁ဝ မိုင်အတွင်းကို ကမ်းနီးသတ်မှတ်ထားပြီး ပေ ၃ဝ အောက် လက်လှော်လှေများကို ကမ်းနီးငါးဖမ်းလှေအဖြစ် သတ်မှတ်ထားသည်။ ကမ်းခြေမှ အကွာအဝေး ၁ဝ မိုင်ပြင်ပကို ကမ်းဝေးအဖြစ် သတ်မှတ်ထားပြီး  ပေ ၃ဝ နှင့်အထက် အင်ဂျင်ပါဝါ ၂၅ ကောင်အား စက်တပ်လှေများကို ကမ်းဝေးငါးဖမ်း စက်လှေအဖြစ် သတ်မှတ် ထားသည်။

ယခုနှစ် ငါးမဖမ်းရရာသီတွင် ကမ်းနီးငါးဖမ်း လှေလုပ်သားများ၏ စားဝတ်နေရေးကို ငဲ့ညှာပြီး ငါးဖမ်းခွင့်ပြုထားသော်လည်း  ကမ်းဝေးငါးဖမ်း စက်လှေအားလုံးကိုမူ ငါးဖမ်းခွင့် လုံးဝပိတ်ပင်ထားကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့်ပြည်ပ ပို့ကုန်တိုးမြှင့်ရေး တို့ကို ဆောင်ကြဉ်းပေးနေသော ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ လေ့လာဆန်းစစ်ကြသော ပညာရှင်တို့၏ တွေ့ရှိချက်များမှာ တိုးပွားလာသော လူဦးရေနှင့်အတူ  မြင့်တက်လာသော စားနပ်ရိက္ခာ လိုအပ်ချက်အတွက် ငါးသယံဇာတ ဆိုင်ရာများ အလွန်အကျွံ ထုတ်ယူကြခြင်း၊ ကျဉ်းမြောင်းလာသော ငါးဖမ်းကွက်ပေါ်တွင် တိုးပွားလာသော စားနပ်ရိက္ခာ လိုအပ်ချက်များကို စည်းကမ်းမဲ့ အလုအယက် ထုတ်ယူနေကြခြင်း၊ ခေတ်မီငါးဖမ်း ကိရိယာနည်းပညာများကြောင့် ငါးအရွယ်အစားမရွေး အားလုံးကို ဖမ်းဆီးနိုင်ခြင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်း၊ အဆိပ်၊ လျှပ်စစ်ကျဉ်စက် စသည့် တားမြစ်ငါးဖမ်းပစ္စည်း နည်းစနစ်များဖြင့် တရားမဝင်ငါးဖမ်းခြင်း၊ လေလံစည်းကမ်း၊ လိုင်စင်စည်းကမ်းများ အပေါ် လိုက်နာမှု အားနည်းခြင်းနှင့် သက်ဆိုင်ရာမှ စစ်ဆေးအရေးယူမှု အားနည်းခြင်း၊ လူ၊ စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး စသည့်နယ်ပယ်များမှ စွန့်ပစ်ပစ္စည်းများကြောင့် ရေထုညစ်ညမ်း အဆိပ်သင့်ပြီး ရေသယံဇာတများ ပျက်စီးခြင်း၊ ကမ်းလွန်သတ္တုရှာဖွေခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာပြီး သဘာဝဂေဟစနစ်ထိခိုက်ပျက်စီးလာခြင်းနှင့် ငါးသယံဇာတများ နေထိုင်ကျက်စားရာ နေရာများ  ပျက်စီးပျောက်ကွယ်လာခြင်း၊ လူမှုအဆောက်အအုံ၊ နေစရာ၊ စိုက်ပျိုးမြေများ တိုးချဲ့လာသည်နှင့်အမျှ  သက်ရှိသက်မဲ့ ရေသယံဇာတများ၏ ဧရိယာကျဉ်းမြောင်း ပျောက်ကွယ်လာခြင်း၊ ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာခြင်းကြောင့် ငါးများ၏နေထိုင် ကျက်စားရာနေရာများ ပြောင်းလဲလာခြင်းနှင့် မျိုးတုံးပျောက်ကွယ် လာခြင်းတို့ဖြစ်သည်။

လူမှု ပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှုများမှာ ငါးဖမ်းနှုန်း မြင့်တက်လာခြင်းကြောင့် ငါးလုပ်ငန်း၏ အရည်အသွေးပိုင်းဆိုင်ရာ နိမ့်ကျလာပြီး စားနပ်ရိက္ခာ ထုတ်လုပ်မှုပါ ကျဆင်းလာသည့်အပြင် ငါးလုပ်ငန်းနှင့် ဆက်စပ်သော အစာထုတ်လုပ်ငန်းနှင့် ပြုပြင်ထုပ်ပိုးသည့် လုပ်ငန်းများ ထိခိုက်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်း ရနိုင်မှု နည်းပါးမည်ဖြစ်သည်။ ပြည်တွင်းနှင့်ပြည်ပ ငါးဖမ်းလုပ်ငန်းများ အကြား အသေးစားနှင့် အကြီးစားငါးဖမ်း လုပ်ငန်းများ အချင်းချင်း ပြဿနာကြီးထွားလာနိုင်သည်။ မညီမျှသော လုပ်ပိုင်ခွင့်ချထားပေးသည့်စနစ်နှင့်  သဘာဝသယံဇာတ ခွဲဝေသုံးစွဲမှုစနစ်တို့ကြောင့် ဒေသတွင်း ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုသူများနှင့် သဘာဝပတ်ဝန်းကျင်မှ အကျိုးအမြတ် ရှာလိုသူတို့အကြားပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည်။ ဂေဟစနစ်ပျက်စီးလာခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးလာခြင်းတို့ကြောင့် ကမ်းရိုးတန်းဒေသ၌ နေထိုင်ရင်း အသက်မွေးသူများ အနေဖြင့် သဘာဝဘေး အန္တရာယ်ဒဏ်ကို ပိုမိုခံစားလာကြသည်။ တိုးပွားလာသော လူဦးရေ၊ ရွှေ့ပြောင်း ဝင်ရောက်နေထိုင်မှုများ၊ စိုက်ပျိုးမြေ ချဲ့ထွင်လာခြင်းနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများကြောင့် ဒီရေတောဂေဟစနစ်များ ပျက်စီးလာသည်နှင့်အမျှ သဘာဝ ဘေးအန္တရာယ်များကို ကာကွယ်တားဆီးရန် အခက်အခဲရှိမည်ဖြစ်သည်။ ဒေသတွင်း လုပ်ငန်းအဆင်မပြေမှုကြောင့် မြို့ကြီးများသို့ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူနှင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူ ဦးရေများပြားလာပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ပေါ်ပေါက်လာနိုင်သည်ဟူသော အချက်များကို ပညာရှင်များက လေ့လာဆန်းစစ် သတိပေးထားကြသည်။

ထို့ကြောင့် ငါးသယံဇာတ ထိန်းသိမ်းရေးသည် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးကြသော ရေလုပ်သား မိသားစုများအတွက်သာ အရေးကြီးလိုအပ်ချက်မဟုတ်ဘဲ နိုင်ငံသား အားလုံးတို့၏ စီးပွားရေး၊ လူမှုရေးအတွက်ပါ လိုအပ်ချက်တစ်ခုဖြစ်သဖြင့်  နိုင်ငံတော်က ပြဋ္ဌာန်းထားသော ငါးလုပ်ငန်းဥပဒေနှင့်  ဒေသအလိုက် ထူးခြားမှုအရ ပြဋ္ဌာန်းထားသောဥပဒေတို့ကို လိုက်နာကြရန်နှင့် အနည်းဆုံးအားဖြင့် ငါးရစ်ငါးသန်များကို မဖမ်းဆီးခြင်းဖြင့် ငါးမျိုးပြန့်ပွား တည်တံ့ရေး အလေးအနက် ထားကြရန်ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။   

Read 18 times Last modified on Friday, 14 June 2019 11:00