SJ WorldNews - шаблон joomla Авто

အစုအဖွဲ့ပိုင်သစ်တောများတည်ထောင်ရေး

Saturday, 15 June 2019 11:40 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် သစ်တော ဖုံးလွှမ်းမှု ဧရိယာသည် နိုင်ငံတော် အကျယ်အဝန်း၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်း ခန့် ရှိကြောင်း ကမ္ဘာ့စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က ထုတ်ပြန်သော သစ်တော သယံဇာတ ဆန်းစစ်ချက် အစီရင်ခံစာ (FRA-2015) အရ သိရသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ၌ နေထိုင်ကြပြီး လူမှု စီးပွားရေး အတွက် သစ်တောများကို မှီခိုနေထိုင်ကြရသည်။ နိုင်ငံတော်တွင် အိမ်ထောင်စု ၁၁ သန်းကျော်ရှိသည့် အနက် ၈၁ ရာခိုင်နှုန်းသည် လောင်စာ အတွက် ထင်းနှင့် မီးသွေးကို သာ အသုံးပြု နေကြသည်။ သစ်တောများ ပြုန်းတီးရသည့် အကြောင်းရင်းများမှာ လူနေ ဧရိယာ တိုးချဲ့လာခြင်း၊ စိုက်ပျိုးမြေများ တိုးချဲ့ လာခြင်း၊ ရေအရင်း အမြစ် အခြေခံ အဆောက်အဦများ တိုးချဲ့ တည်ဆောက်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် လမ်းများ တိုးချဲ့ တည်ဆောက်ခြင်း၊ တရားမဝင် သစ်ထုတ်လုပ်ခြင်း တို့ကြောင့်ဖြစ်ပြီး  သစ်တော သယံဇာတများ ပါ ထွက်ရှိမှု လျော့နည်း လာသည်။ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ကျေးလက် ဒေသများ၌ လိုအပ်နေသော ထင်းလောင်စာနှင့် သစ်တော ထွက် ပစ္စည်းများ ဖြည့်ဆည်းနိုင်ရန် ၂ဝ၃ဝ ပြည့်နှစ်တွင် ပြည်သူ အစုအဖွဲ့ပိုင် သစ်တောဧရိယာ ဧက ၂ ဒသမ၂၇ သန်းအထိ တိုးချဲ့ တည်ထောင်နိုင်ရန် စီစဉ် လျက်ရှိသည်။ ပြည်သူ အစုအဖွဲ့ပိုင်ကျေးရွာ ထင်းစိုက်ခင်းများကို ၁၉၈၁-၁၉၈၂ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် စိုက်ခင်းဧက စုစုပေါင်း ၄၆ဝဝဝဝ ကျော်အထိရှိပြီးဖြစ်သည်။

အပူပိုင်း ဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာနသည် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့၌ နေထိုင်ကြသော ပြည်သူ များအား ထင်းလောင်စာ၊ မျောတိုင်နှင့် လယ်ယာသုံး ကိရိယာများ ဖြည့်ဆည်းပေး နိုင်ရန် မြစ်ချောင်းနှင့် ဆည်များ၊ ရေကန်များ၏ ရေဝေရေလဲ ဒေသများအား ထိန်းသိမ်းရန်၊ တောင်စဉ် တောင်တန်းများ နှင့် ဒေသ စိမ်းလန်းစိုပြည်ရေး၊ ရေမြေ သဘာဝ တိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် ဟူသော ရည်ရွယ်ချက်များဖြင့် သစ်တော စိုက်ခင်းများ တည်ထောင် လျက်ရှိရာ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာသုံးထင်းစိုက်ခင်းဧက၁၆ဝဝ၊ ရေဝေရေလဲစိုက်ခင်းဧက ၁ဝဝဝ၊ တောင်တန်းစိုက်ခင်းဧက ၁ဝဝဝ၊ အခြားစိုက်ခင်းဧက ၄ဝဝ တို့ကိုဆောင်ရွက်လျက်ရှိသည်။ သစ်တော စိုက်ခင်းများတွင် သစ်မျိုးစုံ ၁၉ မျိုးလျာထားရာ ယူကလစ် ၃ဝ ရာခိုင်နှုန်းနှင့် ဒေသမျိုး ၇ဝ ရာခိုင်နှုန်းစိုက်ပျိုးသွားမည်ဖြစ်သည်။

ထို့ပြင် မိုးရာသီ၌ အပူပိုင်း ဒေသ ဧရိယာများအတွင်း သစ်တောစိုက်ခင်းများ၊ အထူးစိမ်း စိုက်ခင်းများနှင့် သဘာဝ တော ထိန်းဧရိယာများ၌ မြေတိုက်စားမှု ဖြစ်ပေါ်နေသော  လျှိုငယ် မြောင်းငယ် များတွင် ငုတ်တက် အထွက်နှုန်း ကောင်းမွန်သည့် သစ်ကိုင်းဖျား မျိုးကို အသုံးပြု၍ နုန်းထိန်း တမံငယ်များ တည်ဆောက် ပေးခဲ့ရာ  စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့ အတွင်း စုစုပေါင်း ၁၇၄ ခုရှိသည်။  နုန်းထိန်း တမံငယ်များ တည်ဆောက်ရာတွင် မြေတိုက်စားမှု လျော့နည်းစေရေး၊ မြေအောက် ရေ ပြန်လည် ဖြည့်ဆည်းရန်နှင့်  မြေဆီလွှာ ထိန်းသိမ်းရန် ရည်ရွယ်ချက်များ ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

ကမ္ဘာ့ လူဦးရေ စာရင်းများကို ၂ဝ၁၈ ခုနှစ် ထုတ်ပြန်သော စစ်တမ်းအရ သန်းပေါင်း၇၇ဝဝ ရှိပြီဖြစ်ကြောင်းနှင့်  မြန်မာနိုင်ငံ လူဦးရေ ၅၄ သန်းခန့်ရှိကြောင်း သိရသည်။ လူဦးရေ တိုးတက်လာ ခြင်းသည် သဘာဝ ပတ်ဝန်းကျင်အ ပေါ် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော အနေ အထားဖြင့် ထိခိုက်ပျက် စီးစေသော အကြောင်းတစ်ရပ်ဖြစ်သည်။ ဖွံ့ဖြိုးမှု နောက်ကျ နေသော နိုင်ငံများမှ ကျေးလက် ဒေသနေ ပြည်သူများ သည် သစ်တောမြေများ၊ ရေတိမ်ဒေသများ၊ ဒီရေတော မြေများ အတွင်း ဝင်ရောက် နေထိုင် လုပ်ကိုင်စားသောက် ကြခြင်းကြောင့်  သစ်တောများ ပြုန်းတီး ပျက်စီးခြင်း၊  ရေတိုက်စား သဖြင့် မြေပြိုခြင်း၊  ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီး ပျောက်ကွယ် သွားခြင်းတို့ ကြုံတွေ့ ကြရသည်။

ထို့ကြောင့် ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်နေသော အပူပိုင်း ဒေသ သစ်တော စိုက်ခင်းများ  တည်ထောင်ရေး လုပ်ငန်းများနှင့်  အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းများ ထူထောင်ရေး လုပ်ငန်းများတွင် ပြည်သူ အားလုံးတို့က တတ်အားသမျှ ကူညီဆောင်ရွက် ပေးကြပါရန်  မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။   

Read 71 times