SJ WorldNews - шаблон joomla Авто

ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်

Monday, 17 June 2019 10:37 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၁၉ ခုနှစ်၊ ဇွန် ၁၇ ရက်)

မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နယုန်လပြည့် (ယနေ့)သည် ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဟောကြားတော်မူသော မဟာသမယသုတ်ကို အကြောင်းပြု၍ သွေးစည်းမှု မဟာအောင်ပွဲနေ့ (မဟာသမယနေ့) ဖြစ်သည်ဟု ပညာရှိသူတော်ကောင်းတို့က သတ်မှတ်ထားကြသည်။

ဂေါတမမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ကာလ၌ ကပိလဝတ္ထု၊ ကောလိယနှင့် ဒေဝဒဟဟူသော နိုင်ငံ သုံးနိုင်ငံသားတို့သည် သာကီဝင် မျိုးနွယ်တူများဖြစ်ကြပြီး အချင်းချင်း သားပေးသမီးယူ ကိစ္စမှအစ ကန့်ကွက်ဟန့်တားမှုမရှိ ချစ်ကြည်ရင်းနှီးမှုဖြင့် ဆက်ဆံလာကြသည့် နိုင်ငံများဖြစ်သည်။  ကပိလဝတ္ထုနှင့် ကောလိယ နိုင်ငံတို့၏နယ်ကြားတွင် ရောဟိဏီမြစ် စီးဆင်းလျက်ရှိရာ နှစ်နိုင်ငံ လယ်သမားတို့က မြစ်ရေကို တစ်လှည့်စီ ခွဲဝေယူပြီး စိုက်ပျိုးခဲ့ကြသည်မှာလည်း ခေတ်အဆက်ဆက်ဖြစ်သည်။ သို့သော် မိုးခေါင်ရေရှားသော နှစ်တစ်နှစ်တွင် စိုက်ပျိုးရေ အခက်အခဲဖြစ်လာသောအခါ သူ့ဘက်ကိုယ့်ဘက် လုယက်၍ ရေသွယ်ယူကြရာမှ အငြင်းအခုံဖြစ်ကြသည်။ နှစ်ဦးနှစ်ဖက် ငြင်းခုံကြရာမှ လောဘနောက် ဒေါသလိုက်၍ မောဟအမှောင်ဖုံးပြီး မာနက တွန်းပို့လိုက်သောအခါ နှုတ်နောက်လက်ပါ၊ လက်နောက်လက်နက် ပါသော ခိုက်ရန်ပွဲကြီး ဖြစ်သွားသည်။ သာကီဝင်မျိုးနွယ် အချင်းချင်း ဉာဏ်ကိုသုံး၍ လက်တွေ့ကျကျ ညှိနှိုင်းဖြေရှင်းရမည့်အစား မာန်ကိုသုံး၍  ထင်တိုင်းကြဲကြသည်မှ နှစ်ပြည်ထောင် မင်းတို့ ရောဟိဏီမြစ်၏ ဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်း၌ စစ်အင်္ဂါရပ် စုံညီရောက်ရှိကြပြီး မာနချင်းပြိုင် ရင်ဆိုင်ရန် အသင့်ပြင်နေကြသည်။

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော ဂေါတမမြတ်စွာ ဘုရားသည် အရုဏ်ဦးအချိန်တွင် သတ္တလောကကို ရွှေဉာဏ်တော် စက္ခုနှင့်ကြည့်ရှု ဆင်ခြင်တော်မူသောအခါ တုတ်ဓားလက်နက် လှံတဝင်းဝင်းနှင့် မာန်ပြင်းနေကြသော နှစ်ပြည်ထောင်မင်းတို့ သွေးချောင်းစီးအောင် စစ်ခင်းကြမည့် အရေးကို မြင်တော်မူသည်။ ဂေါတမမြတ်စွာဘုရားသည် ညနေချမ်းအချိန်တွင် နောက်လိုက် သံဃာမပါဘဲ တစ်ကိုယ်တော်တည်းသာ ကြွတော်မူလာပြီး နေ့ခင်းကြောင်တောင် အမှောင်ကျရောက်စေရန် ဆံတော်မှ ညိုမောင်းသော ရောင်ခြည်တော်များ လွှတ်၍ထိုင်နေပြီး နှစ်ပြည်ထောင်မင်းတို့  သတိသံဝေဂဉာဏ်နှင့်  ထိတ်လန့်ကြချိန် တွင် ကိုယ်တော်ကို ထင်ရှားပြတော်မူသည်။ နှစ်ပြည်ထောင်မင်းတို့လည်း ခိုက်ရန်ပြုမည့် အရေးကို ဘုရားရှင် သိတော်မူခြင်းကြောင့် ကြွလာသည်ကို သဘောပေါက်ကြပြီး လက်နက်ကိုယ်စီချ၍ ဘုရားရှင်ကို ဦးခိုက်ကြတော့သည်။ မြတ်စွာဘုရားရှင်က ''မြတ်သောမင်းတို့ ဘယ်အရေးအတွက် သင်တို့ဤနေရာသို့ ရောက်လာကြပါသလဲ''ဟု သိတော်မူလျက် မေးသည်။ နှစ်ပြည်ထောင်မင်းတို့က မင်းမှာသစ္စာ၊ လူမှာကတိ ဆိုသည့်အတိုင်း လိမ်ညာရိုးထုံးစံမရှိ မင်းမျိုးစစ်စစ်များ ဖြစ်ကြောင်းနှင့် ယခုရောက်ရှိနေသည့် အကြောင်းကို လျှောက်ထားကြသည်။ မြတ်စွာဘုရားက ''မြတ်သော မင်းအပေါင်းတို့ ရောဟိဏီမြစ်ရေဟာ ဘယ်လောက်တန်ပါသလဲ''ဟု မေးသော် အဖိုးအနည်းငယ်မျှသာ ထိုက်တန်ကြောင်း လျှောက်ထားကြသည်။ ''ဤမြေကြီးက မည်မျှတန်သလဲ''ဟု မြတ်စွာဘုရားကမေးသော် အဖိုးမဖြတ်နိုင်ကြောင်း  လျှောက်ထားကြသည်။''ခတ္တိယနွယ်ရိုး သာကီဝင် မင်းမျိုးတို့၏ တန်ဖိုးကကော''ဟုမေးသော် တန်ဖိုးဖြတ်လို့ မရနိုင်လောက်အောင် အတိုင်းမသိ ထိုက်တန်ကြောင်း လျှောက်ထားကြသည်။

မြတ်စွာဘုရားက''သာကီဝင်မင်း သွေးတစ်စက်ကို စိုက်ပျိုးမြေ လယ်တစ်ကွက်အတွက် ရေပေးမည်ဆိုသော် လဲလှယ်နိုင်ကြမည်လော''ဟု မေးသော် မဖြစ်နိုင်ကြောင်းနှင့် ဤသို့မေးလာသူကို သာကီဝင်မင်း အားလုံးတို့၏ ရန်သူအဖြစ် စုပေါင်းဆန့်ကျင်ရမည်ဖြစ်ကြောင်း လျှောက်ထားစဉ်မှာပင် မိမိတို့အမှားကိုသိသွားကြသည်။

ထိုအခါ  မြတ်စွာဘုရားက''သွေးတစ်စက်ကို လယ်တစ်ကွက်အတွက် ရေနှင့်မလဲနိုင်သော သင်မင်းတို့သည် ရေတစ်စက်မျှမရဘဲ အချည်းနှီး သွေးမြေကျစေပြီး အဖိုးမဖြတ်နိုင်သော မြေပြင်ကို အဖိုးအနဂ္ဃ ထိုက်တန်သည့် သွေးနှင့်အရုပ်ဆိုး အကျည်းတန်စေတော့မည်လား'' ဟူ၍ မိန့်တော်မူပြီး မာနအာဃာတများကြောင့် အချင်းချင်း သွေးမစည်းကြဘဲ သွေးစီးပြီး ဘဝဆုံးကြရသည့် ရုက္ခစိုးနတ်နှင့် ဝက်ဝံတို့ရန်ပွဲအကြောင်း ဖန္ဒနဇာတ်၊ ယုန်တစ်ကောင်၏ မြေပြိုပြီစကားကိုယုံစားမိသော ခြေလေးချောင်းသတ္တဝါတို့ ဒုက္ခရောက်ကြရသော ဒုဒ္ဒုဘဇာတ်၊ အင်အားကြီးသော ဆင်ပြောင်ကြီးနှင့် အင်အားငယ်သော   ဘီလုံးငှက်မတို့ ရန်ပွဲအကြောင်း လဋုကိကဇာတ်တို့ကို ဟောတော်မူသည်။

ဂေါတမမြတ်စွာဘုရားသည် သွေးစည်းညီညွတ်မှု မရှိခြင်း၏ ဆိုးကျိုးကို  ဟောတော်မူပြီးနောက် ညီညွတ်ခြင်း၏ အကျိုးကိုပြရန် ရုက္ခဓမ္မဇာတ်တော်နှင့် ငုံးငှက်တို့အကြောင်း  ဝဋ္ဋကဇာတ်တော်တို့ကို ဟောကြားတော်မူသည်။ ဝဋ္ဋကဇာတ်တော်၌ အချင်းချင်း စည်းလုံးညီညွတ်ကြသော  ငုံးငှက်အပေါင်းတို့သည် ငှက်မုဆိုးပစ်ချလိုက်သော ပိုက်ကွန်ကို တညီတညွတ်တည်း မချီ၍ ပျံတက်သွားကြသဖြင့် အသက်ဘေးမှ လွတ်မြောက်ကြပုံနှင့် စည်းလုံးညီညွတ်မှု ပြိုကွဲသည့်အချိန်တွင်   ငှက်မုဆိုး၏ ပိုက်ကွန်တွင်း၌ အစုအပြုံလိုက် အသက်ဆုံးရှုံးကြရပုံတို့ကို ဟောကြားသည်။

ထို့ကြောင့်    အချင်းချင်း သွေးစည်း ညီညွတ်ခြင်းသည် အချမ်းသာဆုံး သုခအဖြစ်ခံယူ၍ ယနေ့နယုန်လပြည့်နေ့မှစပြီး  ညီညွတ်ရေးနှင့် အသက်ရှည်ရှည် ခင်ခင်မင်မင် နေထိုင်သွားကြရန် ဖြစ်ကြောင်း မြဝတီက ပန်ကြား အပ်ပါသည်။  

Read 51 times Last modified on Monday, 17 June 2019 10:38