SJ WorldNews - шаблон joomla Авто

တောင်းကိုမဖောက် တောင်ကိုဖောက်သည့် သွေးသောက် စစ်သည်များ

Tuesday, 18 June 2019 11:07 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် အတွက်  အသက်နှင့် ခန္ဓာကိုယ်ကို ပဓာနမထားဘဲ သက်စွန့်ကြိုးပမ်း တာဝန် ထမ်းဆောင်ခဲ့သည့် သာစည်မြို့ နယ်မြေခံတပ်မှ ရှေ့တန်းပြန် တပ်မတော်သားများအား ဇွန် ၁၃ ရက်က တပ်မတော် မိသားစုဝင်များနှင့် ဒေသခံပြည်သူများက မိုးထဲရေထဲကြားမှ အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသော သတင်းဓာတ်ပုံကို တွေ့မြင်ရသည်တွင် လွန်ခဲ့သည့် ကာလများဆီသို့ စိတ်အာရုံကို ပြန်လည်ခေါ်ဆောင်သွားသည်။

သတင်းဓာတ်ပုံတွင် ဖော်ပြထားသော တပ်မတော်သားတို့၏ လက်မောင်းတံဆိပ်ပါ အမှတ်(၉၉)ခြေမြန်တပ်မသည် ၁၉၆၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ပဲခူးရိုးမနှင့် အရှေ့မြောက်ဒေသတို့အတွင်း  နယ်မြေအနှံ့ ခြေဆန့်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၅ဝ ရွှေရတုကိုပင် ကျော်လွန်ခဲ့လေပြီ။ ခြေမြန်တပ်မကို ပထမဆုံး စတင်ဖွင့်လှစ်ခဲ့သည့်ပုဂ္ဂိုလ်မှာ တစ်ချိန်က ကာကွယ်ရေးဝန်ကြီးနှင့်  တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး သူရကျော်ထင်ဖြစ်သည်။ ခြေမြန်တပ်မမှူး တာဝန် ထမ်းဆောင်ခဲ့ဖူးသူများမှ မှတ်မိသမျှမှာ ဗိုလ်မှူးကြီး အယ်လ်ကွန်ဖန်သည် တိုင်းရင်းသားဖြစ်ပြီး ပြည်ထောင်စုစိတ်ဓာတ် ထက်သန်သူဖြစ်သည်။ ခြေမြန်တပ်မ ကွပ်ကဲမှု

အောက်ရှိ တပ်ရင်းများမှ   တပ်မတော်သားတို့သည် ပဲခူးရိုးမကို ကွက်ပြည့်နင်း၍ ပြည်တွင်း သောင်းကျန်းမှုကို နှိမ်နင်းနေစဉ်မှာပင် ရန်ကုန်-မန္တလေး ရထားလမ်းနှင့် ကားလမ်း လုံခြုံရေးအတွက်  ဒိုက်ဦး၊  ပြွန်တန်ဆာ၊ ညောင်လေးပင် ဝန်းကျင်ကို အခြေပြု၍ ပဲခူးနှင့်တောင်ငူကြား အစုန်အဆန် သွားလာ လှုပ်ရှားကြသည်။ တောင်ပေါ် ၁၄ ရွာ တည်ဆောက်ရာတွင်  ဒေသခံ တိုင်းရင်းသား ပြည်သူတို့နှင့်အတူ တစ်တပ်တစ်အား  ပါဝင်ခဲ့ကြသည်။

ပဲခူးရိုးမ၌ တာဝန်အလီလီ ကျေပွန်ခဲ့ပြီး အရှေ့မြောက်ဒေသသို့ သွားရောက် တာဝန်ထမ်းဆောင်ကြရာ၌ ခြူးရွှေနှင့်စီစီဝမ်တာပန်ဒေသ တို့ကို အမှတ်တရ ရင်ထဲစွဲနေကြသည်။ ထိုဒေသနှစ်ခု၏  အမည်နာမတို့က မှတ်သားရ လွယ်ကူသလောက် အကောက်အကွေ့ အတက်အဆင်း ခရီးပြင်းနှင်ရသည်က ကြမ်းတမ်းသည်။

ရေမြေတောတောင် သဘာဝကြောင့် နေ့ခင်းကြောင်တောင် ဖြစ်လင့်ကစား မှောင်တစ်ခါ လင်းတစ်လှည့်ဖြင့် သွားကြရသည်မှာ အန္တရာယ်များသည်။ ရာသီကာလကို လိုက်၍ မိုးရေဖျန်းသော တောင်ပေါ်လမ်း၊ နှင်းစက်ဆမ်းသော တောင်ပေါ်လမ်းတို့ကို သွားရသည်မှာလည်း ခက်ခဲသည်။ မှုန်မှုန်မွှားမွှား မြင်ကွင်းကြားတွင် ရှေ့မှာ ရန်သူ တွေ့လာပါမူ အခုန်အပျံ အလူးအလှိမ့် အဆန့်အသွား မနားတမ်း ကျွမ်းကျင်ရသည်မှာ လေ့ကျင့်သားပြည့်ဝသော တပ်မတော်သားတို့အတွက် အထူးအဆန်း သဘောမထား မျက်စိရှင်ရှင် နားလျင်လျင်ဖြင့် ရှေ့သို့သာ တိုးသွားကြသည်။ အဘိုးလက်မှ အဖေရ၍  အဖေလက်မှ သားတို့ရသည့် ဤမြေဤရေ ဤအမွေကို နောင်သားစဉ် မြေးမြစ် အဆက်ဆက်တို့အား လက်ဆင့်ကမ်းပေးရန် တာဝန်ကိုယ်စီ ရှိကြသည်ဟူသော ဇာတိမာန်ထက်သန်ကြသည်မှာ တပ်မတော်သားတို့၏ မြင့်မြတ်သော စိတ်ဓာတ်ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ် သုံးခုကျော်ကာလက စီစီဝမ်တာပန်ဒေသမှ မုံးယု၊ နမ့်တောင်း၊ မုံးပေါ်၊ မန်ကျန်း၊မုံးကိုး၊ ဖောင်းဆိုင် စသည့်နေရာများ၌ ဗကပအင်အားစုများ ကျယ်ကျယ်ပြန့်ပြန့် စိုးမိုးထားကြသည်။ ပဲခူးရိုးမမှ စစ်ဆင်ရေးနယ်မြေ ပြောင်းရွှေ့လာသော  တပ်မတော်ခြေမြန် တပ်မဌာနချုပ်နှင့် တပ်ရင်းများကလည်း မဆုတ်တမ်း ခံစစ်စခန်းများဖြင့် အခိုင်အမာ တပ်စွဲကာကွယ်ထားကြသည်။ ဤခံစစ်စခန်းများသည် ဗကပတို့နေခဲ့ဖူးသော စခန်းများဖြစ်သဖြင့် နယ်မြေအခြေအနေကို သိထားကြခြင်း၊ သွေးဆာနေသော ကျားရဲကို  ခုခံကာကွယ်ရမည်မှာ သတိဝီရိယနှင့် စွန့်လွှတ်စွန့်စားရမည့် တာဝန်ဖြစ်ခြင်းကို သိထားကြသော   တပ်မတော်သားတို့က တစ်ဝက်အိပ်၊ တစ်ဝက်နိုးစနစ်ဖြင့် ဗကပတို့ လာတိုက်မည့်အချိန်ကို စောင့်နေကြသည်။ မုံးပေါ်၌ အင်အားစုစည်း ပြင်ဆင်နေသော ဗကပတို့ သတင်းကို ကြိုတင် ကြားသိထားသည့်အတိုင်း ၁၉၈၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် အရုဏ်တက် နှင်းမှုန်မှုန်ဖွေးလာချိန်၌ သွေးဆာသူတို့က တပ်မတော်စခန်းများကို သာလွန်အင်အားဖြင့် လက်နက်ကြီးအားကိုး၍ တစ်ဟုန်ထိုး ချဉ်းကပ် တိုက်ခိုက်ကြသည်။ တပ်မတော် တပ်စခန်းများမှာ ရင်ဆိုင်ကုန်းစခန်း၊ ဇော်ဝင်းကုန်းစခန်း၊ ဘိန်းမုံ့ကုန်းစခန်း၊ မိချောင်း(၁၊ ၂၊ ၃၊ ၄) စခန်းများ၊ ရင်ကွဲတောင်စခန်းနှင့် တင်ရွှေကုန်းစခန်းတို့ဖြစ်ပြီး ဗကပတို့က ၆ဝ မီလီမီတာ၊ ၈၂ မီလီမီတာစိန်ပြောင်း၊ ၅၇ မီလီမီတာ နောက်ပွင့်ရိုင်ဖယ်၊ ပွိုင့် ၅ စက်သေနတ်ကြီးဖြင့် စုပြုံပစ်ခတ်ကြသည်။ တပ်မတော်သားများက ရွပ်ရွပ်ချွံချွံ ခုခံပြန်လည် ပစ်ခတ်ကြသဖြင့် စခန်းများကို မသိမ်းပိုက်နိုင်သော ဗကပတို့သည် နောက်ဆုံး အနေဖြင့် ၁၂ဝ မီလီမီတာဖြင့် အဝေးမှ ပစ်ခတ်ခြိမ်းခြောက်ပြီး  ၎င်းတို့ဘက်မှ အလောင်းများ ကောက်၍ ည ၆ နာရီခွဲတွင် အမှောင်ထုကို အကာအကွယ်ပြုကာ လာရာလမ်းအတိုင်း ဆုတ်ခွာသွားကြရသည်။

ဖေဖော်ဝါရီ ၁၂ ရက်သည် ပြည်ထောင်စုနေ့ဖြစ်သဖြင့် ပြည်ထောင်စုနေ့ မတိုင်မီ တစ်ရက်အလိုတွင် ပြည်ထောင်စုပိုင်နက် နယ်မြေကို ဖဲ့ယူရန် ကြိုတင်စီမံကြသည်ဟု ယူဆရန် အကြောင်းရှိသည်။ ပြည်ထောင်စုကို  အသက်ပေးကာကွယ်ကြသော  တပ်မတော်သားတို့က  စွန့်လွှတ်စွန့်စား တားဆီးခုခံ ကာကွယ် စောင့်ရှောက်ထားသဖြင့် ဗကပတို့ အထမမြောက်နောက်ကြောင်း ပြန်သွားကြရသည်မှာ တောင်းကိုမဖောက် တောင်ကိုဖောက် သည့် တပ်မတော်သားတို့၏ သစ္စာတရားနှင့် ရဲစွမ်းသတ္တိကိုပြသော သာဓကအဖြစ်  အမှတ်တရ ရင်ထဲစွဲနေကြပါသည်။      

Read 102 times Last modified on Tuesday, 18 June 2019 11:09