SJ WorldNews - шаблон joomla Авто

မြစ်ရိုးစဉ်တန်း ကမ်းပါးယံဆွယ် သတိပြုဖွယ်

Tuesday, 02 July 2019 08:30 font size decrease font size decrease font size increase font size increase font size

မိုးသားထစ်ကြူးကျေးငှက်မြူး၍ တောပန်းကလေးများ ပွင့်ဖူးကြသော နယုန်လကို နှုတ်ဆက်၍ ပုန်းညက် ကြိုင်သင်းသည့် ဝါတွင်းကာလသို့ ကူးပြောင်းတော့မည်။

မိုးလယ်ကာလ ဝါဆိုဝါခေါင်ရေဖောင်ဖောင် စာဆိုနှင့်အညီ မိုးလယ်ကာလအတွက် ရာသီဥတု ခန့်မှန်းချက်ကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားရာ ၂ဝ၁၉ ခုနှစ် မိုးလယ်ကာလ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်(မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် နယုန်လကွယ်မှ တော်သလင်းလဆန်း ၂ ရက်)အထိ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း လေးကြိမ် ဖြစ်ပေါ်ကာ နှစ်ကြိမ်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်နိုင်ကြောင်း၊ အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ပြီး မိုးလယ်ကာလတွင် မုတ်သုံလေ အားပြတ်ခြင်းတစ်ကြိမ် ဖြစ်ပေါ်နိုင်သည်။

မိုးလယ်ကာလအတွင်း မိုးရွာသွန်းမှု အခြေအနေမှာ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် ထစ်ချုန်းရွာနိုင်ကြောင်း ကြေညာထားသည်။

တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ ဇွန်လနောက်ဆုံး ရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှု အခြေအနေမှာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့နှင့် ဆော့လော်ကျေးရွာ အနီးတစ်ဝိုက်တွင် ဇွန် ၂၇ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ မြင့်တက်လာသည်။ နမ့်မလိချောင်း ရေမြင့်တက်မှုကြောင့် ဆော့လော်ကျေးရွာနှင့် ဂျန်မိုင်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် အလျား ၃ဝ၆ ပေ၊ အကျယ် ၆ ပေရှိ ဒေသခံပြည်သူများ၏ အစီအစဉ်ဖြင့် တည်ဆောက်ထားသော ကြိုးတံတားရေစီးနှင့်အတူ မျောပါသွားသည်။ ထို့ပြင် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်းမှ အရှည်ပေ ၅ဝ၊ အကျယ် ၁၅ ပေခန့်ရှိ ယာယီဘေလီတံတား၏ ချဉ်းကပ်လမ်းပိုင်း မှာ ၃ ပေခန့်နိမ့်ကျသွားသဖြင့် အဆိုပါ လမ်းပိုင်းခေတ္တပိတ်ထားရသည်။ ထို့ပြင် ဆဒုံးချောင်းအတွင်း ရေကြီးရေလျှံပြီး ကမ်းပါးပြိုခြင်း၊ တံတားပေါ်ရေကျော်ခြင်းတို့ကြောင့် မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်နှင့် ဈေးဆိုင်ခန်းများအတွင်း ရေဝင်ရောက်လာသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်ကြရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ၌ ဇွန်လအတွင်း မိုးရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းပြိုသဖြင့် ပုလွေရွှေကျေးရွာအုပ်စု ရေလယ်ကျွန်းကျေးရွာသို့ အိမ်ထောင်စု ၂၆ စုပြောင်းရွှေ့ပေးခဲ့ရသည်။ ကမ်းပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေး ပစ္စည်းများကို ဇွန် ၂၅ ရက်တွင် သက်ဆိုင်ရာတို့က ပေးအပ်ခဲ့ပြီး မြေနေရာရရှိရေး ကိုလည်း ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အတွင်း၌ ဇွန် ၂၉ ရက်က ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် သိမ်ကုန်းကျေးရွာမှ လူနေအိမ်ခြောက်လုံး၊ မြင်းခြံစုကျေးရွာမှ လူနေအိမ်ကိုးလုံး၊ ကျောင်းစုကျေးရွာမှ လူနေအိမ်တစ်လုံး တို့အား ဘေးလွတ်ရာသို့ ယာယီရွှေ့ပြောင်း ပေးခဲ့ရသည်။ မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်များ ရွှေ့ပြောင်း ပေးခဲ့ရသော်လည်း လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကလေးဝမြို့သည် ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်တို့ ပေါင်းဆုံရာ၌ တည်ရှိသဖြင့် နှစ်စဉ် ချင်းတွင်းမြစ်ရေ တိုက်စားခြင်းနှင့် မြစ်သာမြစ်ရေတိုက်စားခြင်း ခံရသည်။ ယခင်နှစ်ပေါင်း ၃ဝ ဝန်းကျင်က ရှိခဲ့သော မုဋ္ဌောစွန်းနေရာ၊ ကျော်ဇင်ရွာကူးတို့ဆိပ်၊ ကျောက်တန်းလမ်း၊ ကံမစီဆိပ်ကမ်း၊ သင်္ဘောဆိပ်၊ သစ်တောဆိပ်နေရာ တို့သည် မြစ်နှစ်သွယ်၏ ရေတိုက်စားမှုကြောင့် ကုန်းမြေများကြီးမားစွာ ပြိုကျပျက်စီးသည့် နေရာများအား ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစ်ရေတိုက်စားမှု ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ယခင်နှစ်များမှာလည်း မိုးလယ်ကာလ ဇူလိုင်နှင့်သြဂုတ်လတို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဘာဝဘေးဒဏ် ကြုံတွေ့ကြရသည်များ ရှိခြင်းကြောင့် ယခု ၂ဝ၁၉ ခုနှစ် မိုးလယ်ကာလ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေး လျော့နည်းရေးအတွက် ရေကြီးရေလျှံမှုနှင့်မြေပြိုမှု ကြုံတွေ့ရနိုင်သည့် နေရာများမှ ပြည်သူများ အနေဖြင့် ကြိုတင် သတိရှိကြရန် ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။

Read 34 times Last modified on Tuesday, 02 July 2019 08:30