SJ WorldNews - шаблон joomla Авто

စွန့်စားရသော တောင်တက်ခရီးသွားများ

Thursday, 04 July 2019 08:53 font size decrease font size decrease font size increase font size increase font size

မိတ္ထီလာခြေလျင်နှင့်တောင်တက်အသင်းသည် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်းရှိ အမြင့်ပေ ၆ဝ၂ဝ ရှိသော ဆင်တောင်သို့ ဇွန် ၃ဝ ရက်နံနက်ပိုင်းတွင် အောင်မြင်စွာတက်ရောက်နိုင်ကြောင်း သိရသည်။

မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းသည် ၂ဝ၁၉ ခုနှစ် တောင်တက်ရာသီကို ဆင်တောင်ခရီးစဉ်မှ စတင်ခဲ့ရာ အသင်းဝင် ၈ဝ ဦးတွင်အသက်အရွယ်အားဖြင့် ၇၁ နှစ်မှ ၁၅ နှစ်အထိ ပါဝင်ကြသည်။ ဆင်တောင်ခရီးစဉ်တွင် ပါဝင်သူများအနက် ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ ဖုန်ကန်ရာဇီရေခဲတောင်နှင့် မဒွယ်ရေခဲတောင် ခရီးစဉ်များသို့ လိုက်ပါမည့် အဖွဲ့ဝင် ၂ဝ ဦးတို့သည် လေ့ကျင့်သားပြည့်ဝစေရန် ဇူလိုင် ၁ ရက်တွင် မြင်းမထိတောင်သို့ ဆက်လက် တက်ရောက်ကြသည်။ တောင်တက်ခရီးစဉ်သို့ လိုက်ပါကြမည့် အသင်းဝင်များအား အဖွဲ့လိုက် ပူးပေါင်း ဆောင်ရွက်တတ်မှုနှင့် စည်းကမ်းလိုက်နာမှုတို့ အားကောင်းစေရန် မိတ္ထီလာခရိုင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အခြေခံစစ်ရေးပြ လေ့ကျင့်ခန်းများသင်ကြား ပေးခဲ့ကြသည်။

အားကစားနည်း အမျိုးမျိုးအနက် တစ်ဦးချင်းယှဉ်ပြိုင်ရသည့် အားကစားနည်း၊ အဖွဲ့လိုက်ယှဉ်ပြိုင်ရသည့် အားကစားနည်းတို့ရှိကြရာ မည်သည့်အားကစားနည်းမျိုးမဆို အားကစားသမားတစ်ဦးချင်းစီက ခန္ဓာကိုယ်သန်စွမ်းမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ နည်းစနစ်ကျွမ်းကျင်မှု၊ စည်းကမ်းလိုက်နာမှုတို့အတွက် လေ့ကျင့်သားပြည့်ဝရန် လိုအပ်သည်။ အဖွဲ့လိုက်ယှဉ်ပြိုင်ရသော အားကစားနည်းတွင် ဆိုခဲ့သော အချက်များနှင့် ပြည့်စုံရမည့်အပြင် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်းရှိရမည် ဖြစ်သည်။

တောင်တက်အားကစားနည်းသည် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော် လည်းကောင်း ယှဉ်ပြိုင်သည့် အားကစားနည်း မဟုတ်သော်လည်း အားကစားသမားကောင်းတို့အတွက် သတ်မှတ်ချက်များနှင့် ပြည့်စုံရမည့်အပြင် ပတ်ဝန်းကျင် အခြေအနေကိုပါ လေ့လာအကဲဖြတ်၍ ဆုံးဖြတ်နိုင်စွမ်းရှိရန် လိုအပ်သည်။ မြေစိုင်မြေခဲတို့ဖြင့် ဖွဲ့စည်းတည်ရှိသော တောင် သို့မဟုတ် ကျောက်စိုင်ကျောက်ခဲတို့ဖြင့် ဖွဲ့စည်းတည်ရှိသည့် တောင်တို့ကို အတက်၊ အဆင်းခရီးစဉ်တွင် မိုးဒဏ်လေဒဏ်ကို ကြံ့ကြံ့ခံ၍ ပင်ပန်းကြီးစွာ ခရီးနှင်ကြရသော်လည်း အသက်အန္တရာယ်အတွက် စိုးရိမ်ဖွယ် အခြေအနေ နည်းပါးသည်။

သို့သော် ရေခဲတောင်တက် ခရီးစဉ်များမှ ပေ ၁ဝဝဝဝ အထက်မြင့်သော နေရာများမှာ လူအရောက်အပေါက် နည်းပါးခြင်း၊ တောင်စဉ်တောင်တန်းများ မတ်စောက်ခြင်းတို့ကြောင့် အန္တရာယ်များသည်။ တောင်တက်ခရီးစဉ်တွင် တစ်နေကုန် မိုးသဲသဲမဲမဲ ရွာသွန်းလေ့ ရှိသဖြင့် ရေခဲများစီးမျောသည့် ချောင်းများ၌ ရေစီးသန်ပြီး အအေးဓာတ်လွန်ကဲခြင်း၊ ကျွတ်တွယ်ခြင်း၊ သဲဖြုတ်ကိုက်ခြင်းတို့ကြောင့် ယားယံခြင်းနှင့် ရောင်ရမ်းခြင်း ဝေဒနာကို ခံစားရသည့်အပြင် သောက်ရေရှားပါးမှုနှင့် ကြုံတွေ့ရသည်။ ပေ ၁ဝဝဝဝ အထက်မြင့်သော တောင်ပေါ်ရောက်လျှင် လေထုအတွင်း၌ အောက်ဆီဂျင် ပါဝင်မှုနည်းခြင်းကြောင့် အသက်ရှူမဝသဖြင့် ပင်ပန်းနွမ်းနယ်ရသည့်အပြင် မူးဝေအော့အန်ခြင်းနှင့် အိပ်မပျော်သည့် ဝေဒနာတို့ကို ခံစားရသည်။

ရေခဲပြင်ပေါ်တွင် အချိန်ကြာကြာနေမိပါက ခြေချောင်း၊ လက်ချောင်း၊ နား၊ နှာခေါင်းတို့မှာ ရေခဲကိုက်ဝေဒနာ( Frostbites) ခံစားရခြင်းကြောင့် သွေးမလျှောက်တော့သဖြင့် ဖြတ်လိုက်ရသည်အထိ ကြုံတွေ့ကြရသည်။ စွန့်စားသတိ ထားရသော တောင်တက်ခရီးစဉ်၏ အောင်မြင်မှုသည် သက်ဆိုင်သူတို့ အတွက်သာ ဝမ်းမြောက်ဂုဏ်ယူဖွယ် မဟုတ်ဘဲ ၄င်းတို့ ကိုယ်စားပြုသော အသင်းအဖွဲ့၊  နေရာဒေသနှင့် နိုင်ငံအတွက်ပါ ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဧဝရတ်တောင်ထိပ်သို့ ၂ဝ၁၉ ခုနှစ်အတွင်း ယခုရက်အထိ တက်ရောက်သူ ၂၉၃ ဦးအနက်မှ ၁၁ ဦးသေဆုံးသည်။

အခြားအားကစားနည်းများမှ တစ်နှစ်လျှင် လက်ဝှေ့ကစားသမား၅ဝဝ ခန့်ယှဉ်ပြိုင် ထိုးသတ်ကြရာ ပျမ်းမျှ ၁၁ ဦးသေဆုံးသည်။ စိတ်လှုပ်ရှားဖွယ် စကိတ်စီးအားကစားနည်းမှာ နှစ်စဉ်သေဆုံး သူဦးရေ ၂ဝ မှ ၅ဝ အထိ ရှိသည်။ ၁၉၅၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ကားမောင်းပြိုင်ပွဲများတွင် ဗြိတိသျှနိုင်ငံသား ၁၄ ဦးသေဆုံးပြီး ၁၉၅၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ကားမောင်းပြိုင်ပွဲများတွင် အမေရိကန်နိုင်ငံသား ၁ဝ ဦးသေဆုံးသည်။

အားကစားနည်းဟူသမျှ အန္တရာယ်အနည်းနှင့် အများရှိကြသော်လည်း ကူညီကယ်ဆယ်ရေး မနှောင့်နှေးစေရန် ဆောင်ရွက်ပေးနိုင်ကြရန်လိုသည်။ ရေခဲတောင်တက်အားကစားမှာ ကူညီကယ်ဆယ်ရေး အလှမ်းဝေးသဖြင့် တောင်တက်သမား တစ်ဦးချင်းစီ၏ ကျန်းမာကြံ့ခိုင် ထက်သန်မှုနှင့် ကြိုတင်ပြင်ဆင်မှုတို့က ပို၍အဓိကဖြစ်လေရာ မိတ္ထီလာ ခြေလျင်နှင့်တောင်တက်အသင်းသားများ ရည်မှန်းချက်အောင်မြင်ရေး အားပေးကူညီကြပါရန် မြဝတီကတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။  

Read 34 times Last modified on Thursday, 04 July 2019 08:54