Print this page

သတိတစ်လုံးအရှိသုံး အားလုံးကျန်းမာစေ

Saturday, 06 July 2019 12:36 font size decrease font size decrease font size increase font size increase font size

မိုးတွင်းကာလအတွင်း ရာသီတုပ်ကွေးရောဂါ (H1N1 pdm 09) သည် လူဦးရေထူထပ်ပြီး ဖြစ်ပွားမှုလွယ်ကူသော မြို့ကြီးများရှိ ဆေးရုံကြီးရှစ်ရုံ၌ စောင့်ကြည့်လျက်ရှိရာမှ တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ ဆေးရုံကြီးများတွင် တိုးချဲ့၍ ကြိုတင်ကာကွယ်ရေး၊ ကုသရေး၊ လေ့လာစောင့်ကြည့်ရေးနှင့် သုတေသနပြုခြင်းကို ဆေးရုံ ၁၅  ရုံအထိ  ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ သိရသည်။

ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊  ကုသရေး၊ လေ့လာစောင့်ကြည့်ရေးနှင့် သုတေသနပြုခြင်းကို ယနေ့အထိ ဆောင်ရွက်နေသော ဆေးရုံကြီးများမှာ  နေပြည်တော်ခုတင်-၁ဝဝဝ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံ၊ မန္တလေးပြည်သူ့ဆေးရုံ၊ မြစ်ကြီးနားပြည်သူ့ဆေးရုံ၊ စစ်တွေပြည်သူ့ဆေးရုံ၊ မြဝတီပြည်သူ့ဆေးရုံ၊   မူဆယ်ပြည်သူ့ဆေးရုံတို့ ဖြစ်သည်။  အဆိုပါဆေးရုံကြီးများ၌   ရာသီတုပ်ကွေးရောဂါကို စောင့်ကြည့် လေ့လာရာတွင် ရိုးရိုးရာသီတုပ်ကွေးရောဂါ (Influenza) နှင့် Influenza B ဖြစ်ပွားမှု ရှိသော်လည်း သေဆုံးမှု မရှိသေးကြောင်း သိရသည်။ ရာသီတုပ်ကွေးရောဂါ (H1N1 pdm 09) ဖြစ်ပွားမှုများမှ ကိုယ်ခံအားနည်းသော ကလေးငယ်များနှင့် ကိုယ်ခံအားနည်းပြီး နာတာရှည်ရောဂါ အခံရှိသည့် အသက် ၆၅ နှစ်အထက် လူကြီးများ သေဆုံးမှု ရှိကြသည်။ ဆေးရုံကြီးများတွင်  ဆောင်ရွက်နေသော လုပ်ငန်းစဉ်များသည် လအလိုက် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ၊  အသက်အရွယ်အလိုက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်နိုင်သည့်ပမာဏ၊ လူအစုအပြုံလိုက်ဖြစ်ပွားမှု၊ ကာကွယ်ကုသမှု အခြေအနေ၊ တုပ်ကွေးရောဂါ အမျိုးအစားနှင့် ကာကွယ်ဆေး ထုတ်လုပ်ရမည့် အခြေအနေ၊ ယခုနှစ်နှင့် လာမည့်နှစ်တို့အတွက် ကာကွယ်ဆေးထုတ်ရမည့် အခြေအနေတို့ကို သိရှိနိုင်ရန် ဆောင်ရွက်ကြခြင်း ဖြစ်သည်။

ရာသီတုပ်ကွေးရောဂါ (H1N1 pdm 09)ဗိုင်းရပ်စ်သည် လေထဲမှတစ်ဆင့် ကူးစက်တတ်သောရောဂါ ဖြစ်သည်။ ကမ္ဘာ့အနောက်ဘက်ရှိ နိုင်ငံများ၌ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတို့တွင် ရာသီတုပ်ကွေးရောဂါ အဖြစ်များသည်။ မြန်မာနိုင်ငံ၌ တစ်နှစ်ပတ်လုံး ဖြစ်တတ်သော်လည်း   မိုးတွင်းကာလတွင်အဖြစ်များကြောင်း  ပညာရှင်များက  သတိပေးထားကြသည်။   ရာသီတုပ်ကွေးရောဂါ ကူးစက်စေသော ဗိုင်းရပ်စ်သည် နှစ်နာရီခန့် အသက်ရှင်နိုင်သော်လည်း နေပူလျှင်မြန်မြန်သေသွားသည်။ ရောဂါကူးစက်မှုတွင် လေထဲမှတစ်ဆင့် ကူးစက်ခြင်းနှင့် လူအချင်းချင်း ကူးစက်ခြင်းဟူ၍ ရှိသည်။ လူအချင်းချင်းကူးစက်မှုတွင် နှာချေ၊ ချောင်းဆိုးရာမှတစ်ဆင့် တိုက်ရိုက်ကူးစက်ခြင်းနှင့် အသုံးအဆောင်ပစ္စည်းများမှတစ်ဆင့် သွယ်ဝိုက်ကူးစက်ခြင်းတို့ဖြစ်သည်။ ရောဂါမကူးစက် စေရန် မိမိပတ်ဝန်းကျင်၌ ရောဂါဖြစ်သူရှိနေလျှင် ရောဂါဖြစ်သူရော ပြုစုနေသူပါ နှစ်ဦးစလုံး လက်ဆေးရမည်။ ပတ်ဝန်းကျင်ရှိ အခြားသူများလည်း လက်ဆေးရမည်ဖြစ်သည်။ သို့မှသာ အသုံးအဆောင်ပစ္စည်းများ မှတစ်ဆင့် ရောဂါသွယ်ဝိုက် ကူးစက်ခြင်းကို ကာကွယ်နိုင်မည်။

လေထဲမှတစ်ဆင့် ကူးစက်ခြင်းကို ကာကွယ်ရန် အိမ်မှာကိုယ်တိုင်ပြုလုပ်သော နှာခေါင်းစည်း အသုံးပြုခြင်းက မထိရောက်သဖြင့် စနစ်တကျချုပ်ထားသော တစ်ခါသုံးနှာခေါင်းစည်းကို သုံးသင့်သည်။ တစ်ခါသုံးနှာခေါင်းစည်း များသည် အထဲမှပိုးအပြင် မထွက်နိုင်စေရန်နှင့်  အပြင်မှပိုးအထဲ မဝင်နိုင်စေရန် ကာကွယ်ပေးနိုင်သည်။

ရာသီတုပ်ကွေးရောဂါဖြစ်နေသူသည် မိမိထံမှပိုးများ အပြင်မထွက်အောင် အစိမ်းကိုအပြင်မှာထားရပြီး ရောဂါမရှိသူ အနေဖြင့် အခြားသူများထံမှ ရောဂါပိုး မိမိထံမဝင်နိုင်အောင် အဖြူရောင်ကို အပြင်မှာ ထားရမည်ဖြစ်သည်။ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးပြီး ၁၄ ရက်ခန့်ကြာမှ ရောဂါပိုးကိုခံနိုင်ရည်ရှိသော ပဋိပစ္စည်း (Antibody) ထွက်သဖြင့် ရာနှုန်းပြည့်စိတ်ချရသော်လည်း ကာကွယ်ဆေးထိုးပြီးစဆိုလျှင် ၅ဝ မှ ၆ဝ ရာခိုင်နှုန်း ခန့်သာ စိတ်ချရကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ သတ်မှတ်ချက်အရ ကာကွယ်ဆေးထိုးရာတွင် ၂ဝ၁၈ ခုနှစ်ကထုတ်သော ဆေးသည် ယခုနှစ်အတွက် မထိရောက်ဘဲ ၂ဝ၁၉ ခုနှစ်အတွက်ထုတ်သော ကာကွယ်ဆေးကသာ ထိရောက်နိုင်ကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ပညာပေး အစီအစဉ်များကို သတိထားစောင့်ကြည့်ပြီး လက်တွေ့လိုက်နာခြင်း၊ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ခြင်း၊ လက်ဆေးရန်သတိရှိခြင်း တို့သည် လူတိုင်းတတ်နိုင်သည့် အနေအထား ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၇ ခုနှစ်က ရာသီတုပ်ကွေးရောဂါ ကူးစက်ခံရသူ ၄ဝ၆ ဦးရှိသည့်အနက် ၃၈ ဦး သေဆုံးသည်။ ၂ဝ၁၈ ခုနှစ်တွင် ရာသီတုပ်ကွေးရောဂါ ကူးစက်ခံရသူ ရှိသော်လည်း သေဆုံးသူမရှိကြောင်း အဏုဇီဝဗေဒပညာရှင် တစ်ဦးက ပြောကြားသည်။ ယခုနှစ်တွင် ရာသီတုပ်ကွေးရောဂါ (H1N1 pdm 09) ဖြစ်ပွားပြီး ဇူလိုင် ၄  ရက်အထိ  သေဆုံးသူ ၂၉  ဦးရှိကြောင်း သိရလေရာ ကာကွယ်ကုသရေး မနှောင့်နှေးစေရန် တိုင်းရင်းသားပြည်သူအားလုံး သတိတစ်လုံးအရှိ သုံးကြပါရန်  မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ 

Read 85 times Last modified on Saturday, 06 July 2019 12:37