SJ WorldNews - шаблон joomla Авто

အကြားနှင့်အမြင် ဆင်ခြင်နိုင်စွမ်း ဘဝလမ်း

Tuesday, 09 July 2019 08:22 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း၌ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော် စခန်းသို့ ဇွန် ၃ဝ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာပြီး ကိုယ်တိုင်ထုတ်ဖော် ပြောဆိုချက်အရ ၄င်းသည် စစ်တွေတက္ကသိုလ်တွင် တတိယနှစ်အထိ တက်ရောက်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။

စစ်တွေတက္ကသိုလ်တွင် တတိယနှစ်သို့ တက်ရောက်ပညာသင်ယူနေစဉ် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ 2020 Arakan Dream ဖြင့် ဆွဲဆောင်စည်းရုံးမှုကြောင့် ၄င်းတို့အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဝင်ရောက် ခဲ့ပြီးနောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသခံပြည်သူများ သွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်းများပေါ်တွင် မိုင်းထောင်၊ မိုင်းခွဲခြင်း၊ အပြစ်မဲ့ဒေသခံပြည်သူများအား ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများရှိ ဆောက်လုပ်ရေးလုပ်သား များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လုပ်ငန်းသုံးယာဉ် ယန္တရားစက်ကိရိယာပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် တွေ့မြင်လာရကြောင်း၊ ထို့ပြင် AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် လူမျိုးရေးမုန်းတီးမှုများ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်လျက် ရှိသည်ကိုလည်း တွေ့ရကြောင်း၊ ထို့ကြောင့် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့၏ လမ်းစဉ်ကို အယုံအကြည် မရှိတော့သဖြင့် မိမိအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ပညာကို အေးချမ်းစွာ ပညာသင်ယူနေစဉ် အပြောကောင်းသော သောင်းကျန်းသူတို့၏ ပြောစကားကို ယုံစား၍ အမှောင်တွင်းသို့ ရောက်သွားချိန်တွင် အကြမ်းဖက်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ်လုပ်နေကြပြီး ပြည်သူကို ကောင်းကျိုးမပေး ဒုက္ခသာပေး နေကြသည်ကို မြင်ရတွေ့ရသောအခါ အမြင်နှင့်အကြား လားလားမျှ မကိုက်ညီကြောင်း ဆင်ခြင်မိသဖြင့် အလင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ တစ်ဖန် မိမိကဲ့သို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ အများအပြားရှိသော်လည်း ဥပဒေဘောင်အတွင်း ဝင်ရောက်ပါက တပ်မတော်မှသတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်သည်ဟု ဝါဒဖြန့်ချိမှုများ ရှိနေသောကြောင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ရန် စိုးရွံ့လျက်ရှိကြောင်း၊ သို့သော်လည်း ယခုဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ချိန်တွင် တပ်မတော်မှ တာဝန်ရှိသူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်ကို တွေ့မြင်ရပါကြောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အတွင်း၌လည်း ၄င်းနှင့်ခင်မင်ရင်းနှီး အဆက်အသွယ်ရှိ သူများ၏ ဆက်သွယ်ပြောဆိုမှုများအရ အခြေအနေပေးပါက တရားဥပဒေဘောင်အတွင်းသို့ ထပ်မံ ဝင်ရောက်လိုသူ အများအပြား ရှိကြောင်း သိရသည်။ အဆိုပါ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့သူအား တာဝန်ရှိသူများက လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ထပ်မံ ဝင်ရောက် လာသူများကိုလည်း တရားဥပဒေဘောင်အတွင်း တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် ကူညီထောက်ပံ့မှု များအား သက်ဆိုင်ရာတို့က ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ဤနေရာတွင် ဂန့်ဂေါမြို့နယ် ကန်ရွာကျေးရွာရှိ ကန်တောရကျောင်းတိုက်ကြီးကို တည်ထောင်ခဲ့သော ဆရာတော်ကြီး ဘဒ္ဒန္တကေတုမဟာထေရ်၏ သြဝါဒများမှ ''မကောင်းတာတစ်ရာကိုမလိုချင်နဲ့၊ အကောင်းတစ်ခုကိုရအောင်ယူ။ ပညာသင်တယ် ဆိုတာ အရှိကိုအသိက နိုင်အောင်လို့ သင်ရတာ၊ အရှိကို အသိကမနိုင်ရင် အရှိနှိပ်စက်တာကို ခံရတယ်'' ဟူသော ဆုံးမစကားကို ပြန်လည်ကြားယောင်မိသည်။ မိမိမတွေ့ဘူးသောပုဂ္ဂိုလ် သို့မဟုတ် မရောက်ဘူးသော ဒေသအကြောင်းကို အဝေးမှကြားရသည်နှင့် ကိုယ်တိုင်တွေ့မြင် ရသည့်အခါ သို့မဟုတ် ကိုယ်တိုင်ရောက် ရသည့်အခါ အဝေးမှကြားရသော စကားနှင့် အနီးကပ်တွေ့မြင်ရသည်တို့မှာ ပြောသလောက် မဟုတ်သည်များ ရှိသကဲ့သို့ လုံးဝဆန့်ကျင်သည်များလည်း ရှိကြသည်။

ထို့ကြောင့် အရွယ်မရွေး ခေတ်ပညာတတ်ပုဂ္ဂိုလ် များအနေဖြင့် ဘဝတစ်သက်တာတွင် အဝေးကြားနှင့် အနီးမြင်ကို နှိုင်းယှဉ်ဆင်ခြင်နိုင်စွမ်းရှိကြရန် လိုအပ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။

Read 33 times Last modified on Tuesday, 09 July 2019 08:23