SJ WorldNews - шаблон joomla Авто

လုံ့လပညာလိမ္မာတတ်ကုံ ဆင်စွယ်စုံသို့

Wednesday, 10 July 2019 09:31 font size decrease font size decrease font size increase font size increase font size

လောကသာရပျို့ဆုံးမစာ၌ ''လုံ့လပညာ၊ လိမ္မာတတ်ကုံ၊ ဆင်စွယ်စုံသို့၊ ကိုယ်ယုံမြဲမြံ၊ ကောင်းအောင်သံသား၊ လုပ်ကြံသေသတ်၊ ယောက်ျားမြတ်တို့၊ မှတ်သည့်အတိုင်း၊ ပြည့်လှိုင်းချမ်းသာ၊ စီးပွားရှာအံ့...''ဟု ညွှန်ပြထားသည်။ ကုသိုလ်ကောင်းမှုပြုခြင်း၊ပညာရှာခြင်း၊ စီးပွားဥစ္စာရှာခြင်းတို့တွင် လုံ့လဝီရိယစိုက်ထုတ်၍ ကောင်းကျိုးဆိုးပြစ်တို့ကို ဆန်းစစ်ဝေဖန်နိုင်စွမ်း ရှိသူသာလျှင် စစ်မှန်သောကောင်းကျိုး သုခရရှိကြမည် ဖြစ်သည်။

မျက်မှောက်ကာလ ၂၁ ရာစုသည် ပညာခေတ်ဖြစ်သည့်အားလျော်စွာ ပညာခေတ်ကိုအမီလိုက်နိုင်ရန် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကို ကမ္ဘာ့နိုင်ငံအသီးသီး၌ စဉ်ဆက်မပြတ်ဆောင်ရွက်နေကြရာ မြန်မာနိုင်ငံတွင်လည်း ဆောင်ရွက်နေကြသည်။

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ၂ဝ၁၉ ခုနှစ် မတ်လကကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သောစစ်သည်များ၊ တပ်မတော်သားမိသားစုဝင် သားသမီးများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သားသမီးများနှင့် ဘက်စုံပညာထူးချွန်လူငယ်များအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ ဇူလိုင် ၇ ရက်ကကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မျိုးဆက်သစ်မောင်မယ်များအား အမှာစကား ပြောကြားရာ၌ ''နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် တည်ဆောက်ရာတွင် အသိပညာ တစ်ခုတည်းဖြင့် တည်ဆောက်၍ မရသကဲ့သို့ အတတ်ပညာတစ်ခုတည်းနှင့်လည်း တည်ဆောက်၍ မရနိုင်ကြောင်း၊ အသိပညာနှင့် အတတ်ပညာနှစ်မျိုး ပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ်ကျွမ်းကျင် တတ်မြောက်ထားမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ အသိပညာကို အခြေခံပြီး လက်တွေ့နယ်ပယ်တွင် အတတ်ပညာရှင်အဖြစ် အများအကျိုးကို ဖော်ဆောင်ပေးနိုင်ကြရမည် ဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာများအတွက် အကောင်းဆုံးမိတ်ဆွေမှာ စာကောင်းပေမွန်များ ဖြစ်ပြီး အလိမ္မာစာမှာ ရှိသည်ဆိုသည့်အတိုင်း အကျိုးရှိသည့်စာများကို များများဖတ်ကြရန် တိုက်တွန်းလိုကြောင်း'' ထည့်သွင်း ပြောကြားသည်။

၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှစတင်ကာ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အထိ တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်မှုထမ်းနှင့် စစ်မှုထမ်းဟောင်းများ၏ သားသမီးများအား အောင်မြင်မှုရမှတ်အလိုက် အမှတ်အများဆုံးရရှိသူများကို ရွေးချယ် ချီးမြှင့်ပေးခဲ့ရာ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၊ အဆင့်မြင့်နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ပညာရေးတက္ကသိုလ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ဝိဇ္ဇာ/သိပ္ပံထူးချွန်သူများ၊ ရေကြောင်းတက္ကသိုလ်နှင့် လေကြောင်း တက္ကသိုလ်တို့အတွက် တက္ကသိုလ်ပညာသင်ဆု ရရှိသူ စုစုပေါင်း ၄ဝ၇ ဦးတို့ ပညာသင်ဆုများရရှိ ကြသည့်အနက် ဘွဲ့ရရှိသူ ၁၉ ဦးရှိပြီဖြစ်သည်။ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်မှုထမ်းနှင့် စစ်မှုထမ်းဟောင်းများ၏ သားသမီးများ စုစုပေါင်း ၁၉ဝ၇ဝ ဦး ဝင်ရောက် ဖြေဆိုခဲ့ရာတွင် ၆၂၇၄ ဦး အောင်မြင်ခဲ့သည့်အနက် ၃ ဘာသာဂုဏ်ထူးနှင့် အထက်ရရှိသူ ၃ဝ၄ ဦး၊ တပ်မတော်ပညာရေး ကျောင်းများမှ စစ်သည် ၃၂ ဦးနှင့် နိုင်ငံတော်အစိုးရမှ ရွေးချယ်ခြင်းခံရသည့် ဘက်စုံပညာထူးချွန်လူငယ် ၃၆ ဦး၊ ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းဆုရရှိသူ ငါးဦးနှင့် တက္ကသိုလ်ပညာသင်ဆု ရရှိသူ ၈၃ ဦးတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူတို့က ဇူလိုင် ၇ ရက်တွင်ကျင်းပသော အခမ်းအနား၌ ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးကြသည်။

လောကသုံးပါး၌ ယောက်ျား၊ မိန်းမဟူသမျှတို့၏ မြတ်လှဥစ္စာရတနာသည် ရတနာသုံးပါးကို ကြည်ညိုခြင်းဖြစ်ပြီး အလေ့အကျက် တကာတို့တွင် ကုသိုလ်ကမ္မပထတရားဆယ်ပါး အလေ့အကျက်သည် ချမ်းသာကိုဆောင်သည်။ မှန်ကန်ဖြောင့်မတ်သော စကားသည် အရသာတို့တွင် အကောင်းဆုံးဖြစ်ပြီး ပညာဖြင့် အသက်မွေးခြင်းသည် အမြတ်ဆုံးဖြစ်ကြောင်း မြတ်စွာဘုရား ဟောကြားသော သံယုတ်ပါဠိတော်၌ ညွှန်ပြထားသည်။ ယနေ့လူငယ်နောင်ဝယ် လူကြီးဆိုထားသည့်အတိုင်း အနာဂတ်တွင် နိုင်ငံတော်ကိုတည်ဆောက် ကာကွယ်ကြမည့် မျိုးဆက်သစ်များ အနေဖြင့် အသိပညာ၊ အတတ်ပညာတို့နှင့်ပြည့်စုံရန် လုံ့လဝီရိယ စိုက်ထုတ်လေ့လာ သင်ယူကြရမည် ဖြစ်သကဲ့သို့ မိဘ၊ ဆရာတို့ကလည်း မေတ္တာ၊ စေတနာတရား ထက်သန်ကြရမည် ဖြစ်သည့်အပြင် ပညာရေး ပတ်ဝန်းကျင်ကောင်း ဖြစ်အောင် အုပ်ချုပ်ရေး တာဝန်ရှိသူ တို့ကလည်း ဝိုင်းဝန်း တည်ဆောက်ကြရန် ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။

Read 109 times Last modified on Wednesday, 10 July 2019 09:32