SJ WorldNews - шаблон joomla Авто

နယ်ရှစ်ခွင် မုတ်သုံဝင် လေဟုန်ပြင်းသည်ကြောင့်

Thursday, 11 July 2019 11:46 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံအတွင်း ၂ဝ၁၉ ခုနှစ် နွေရက်များတွင် အပူချိန်မြင့်တက်မှုကြောင့် ပူလောင်မိုးခေါင်ရေရှားမှောင် လူ့ဘောင်ခက်ပြီလေး ဆိုရတော့လေမလား စဉ်းစားမိသူတွေများပါသည်။ နေ့အပူချိန်များစံချိန်တင်မြင့်တက်သည့်  နောက်ဆက်တွဲ သက်ရောက်မှုကြောင့် သင်္ကြန်မိုးမရွာ၊ ကဆုန်ညောင်ရေသွန်းမိုးက ခွာသွားလေသောအခါ မြေလွှာအက်၍ စိမ့်စမ်းတွေလည်း ပျက်သဖြင့် အချို့ဒေသများ၌ သောက်သုံးရေ ပြတ်လပ်သည့် အခြေအနေ ရောက်သွားသည်။

မုတ်သုံအဝင် နောက်ကျသဖြင့် စိုက်ပျိုးရေး လုပ်ငန်းခွင်မှ တောင်သူများ မိုးကိုမျှော်ကြစဉ် မုန်တိုင်းဆင်ဝင်လာသည့် မုတ်သုံက ဆိုးဆိုးရွားရွား မဟုတ်သော်ငြား ထူးခြားသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသ မွန်ပြည်နယ် အတွင်းမှ မော်လမြိုင်၊ ကျိုက်မရောနှင့် ပေါင်မြို့နယ်တို့၌ ဇူလိုင် ၁  ရက်နေ့တွင် ၄ လက်မအထက်ရွာသွန်းပြီး သထုံမြို့နယ်၌ ၃ လက်မ အထက်ရွာသွန်းသည်။  ၂ ရက်နေ့တွင်  ချောင်းဆုံမြို့နယ်၌ ၄ လက်မအထက်၊ ၄ ရက်နေ့တွင် သထုံမြို့နယ်၌ ၅ လက်မအထက်၊ သိမ်ဇရပ်၊ ပေါင်၊ ချောင်းဆုံမြို့နယ်တို့၌  ၃ လက်မအထက်၊ ၅ ရက်နေ့တွင် မုဒုံမြို့၌ ၅ လက်မအထက်၊ ကျိုက္ခမီ၊ ပေါင်၊ ကျိုက်မရောမြို့နယ်တို့၌ ၄ လက်မအထက်၊ ၇ ရက်နေ့တွင် ကျိုက္ခမီမြို့နယ်၌ ၂ လက်မအထက် ရွာသွန်းကြောင်း တွေ့ရသည်။

မွန်ပြည်နယ်အတွင်း ဇူလိုင် ၁ ရက်နေ့မှစတင်ရွာသွန်းသော မုတ်သုံမိုးသည် ဇူလိုင် ၇ ရက်တွင် အရှိန်လျော့ သွားသော်လည်း   အချို့နေရာ၌ လေပြင်းတိုက်ခတ်မှု ရှိခဲ့သည်။

ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ပန်းကုန်းကျေးရွာ အမှတ်(၁၅)ရပ်ကွက်အတွင်း ဇူလိုင် ၇ ရက် ညပိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ်သဖြင့် လူနေအိမ်ခြောက်လုံးအမိုးလန် ပျက်စီးသွားသည့်အပြင် လမ်းဘေး ဝဲ/ယာရှိ လမ်းမီးတိုင်များမှာ လမ်းသွားလမ်းလာသူများအား အမှောင်ခွင်း၍ အလင်းရောင်ပေးနေသည့် တိုင်အောင် လေဆင်နှာမောင်း ဒဏ်ခံရခြင်းကြောင့် အလင်းရောင် မပေးနိုင်တော့ဘဲ တုံးလုံးလဲသွားသည်။ ဇင်းကျိုက်ဆံတော်ရှင် ဘုရားမုခ်ဝရှိ ကုက္ကိုပင်နှင့် ရာသီအလိုက် ချိုချိုမွှေးမွှေးအသီးများ မှည့်ဝင်းနေသော သရက်ပင်တို့မှာလည်း အမြင့်ပျံငှက်တို့ခိုနားရာ၊ ဘုရားဖူးပြည်သူများနှင့် လမ်းသွားလမ်းလာများအတွက် ရှိန်းဆာယာအရိပ် ပေးနေကြရာမှ လေဆင်နှာမောင်းဝင် မွှေသည်ကြောင့်  အကိုင်းအခက်တို့ ကျိုးကျ၍ ညှိုးလေသည့်အပြင် လမ်းတွေပါ ပိတ်ဆို့သွားသည်။ လေဆင်နှာမောင်း တိုက်ခတ်ခဲ့သည့် နေရာသို့  အရှေ့တောင်တိုင်းစစ်ဌာနချုပ်  နယ်မြေခံတပ်မတော်သားများက ဇူလိုင် ၈ ရက်တွင်သွားရောက်ကြပြီး  လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကျိုးကျပျက်စီးခဲ့သည့် သစ်ပင်သစ်ကိုင်းများအား ရှင်းလင်း ဖယ်ရှားပေးကြသဖြင့် လမ်းသွားလမ်းလာများအတွက် အဆင်ပြေသွားသည်။

ရန်ကုန်မှမန္တလေးသို့  မီးရထားဖြင့်ခရီးသွားကြသူများသည် ပဲခူးမြို့မှ ရွှေမော်ဓောစေတီကို ဖူးမြော်ပြီး ဒိုက်ဦး၊ ပြွန်တန်ဆာတို့ကို လွန်လျှင် ညောင်လေးပင်ဘူတာသို့ ရောက်သည်။ ညောင်လေးပင်မြို့မှာလည်း ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် အညာစုမြို့သစ်ရပ်ကွက်ရှိ ဒေသခံပြည်သူတို့၏ လူနေအိမ် ၇၆ လုံး အမိုးလန်ပျက်စီးသွားသည်ကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ညောင်လေးပင်တပ်နယ်မှ တပ်မတော်သားများ သွားရောက်၍ အဆောက်အအုံများ ပြန်လည်ပြုပြင်ပေးပြီး အမိုးလန်သွပ်များ ပြန်လည် ဆယ်တင်ပေးကြသည်။   လေပြင်းဒဏ်ကြောင့် လဲကျသော သစ်ပင်သစ်ကိုင်းများကိုလည်း တပ်မတော်သားများက ဖြတ်တောက်ဖယ်ရှား ရှင်းလင်းပေးပြီး ရပ်ကွက်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရွာကြီးကျေးရွာ ကင်းကူးတို့ဆိပ်အနီး ကင်းချောင်းအတွင်း၌ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်ဘက်ဆိပ်ကမ်းမှ ခရီးသည် ၁၉ ဦး တင်ဆောင်လာသော စက်လှေသည် လေပြင်းတိုက်ခတ်မှုကြောင့် နစ်မြုပ်သွားရာ လေဖြတ်ဝေဒနာကုသရန်  ဇင်ချောင်းဆေးရုံသို့ လိုက်ပါလာသော အမျိုးသားတစ်ဦး ရေနစ်သေဆုံးသည့် ဖြစ်စဉ်တစ်ခု ဇူလိုင် ၇ ရက် နံနက် ၇ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အမာဘဝသစ်ကျေးရွာအုပ်စု သမိန်ပုလဲကျေးရွာ၌ ဇူလိုင် ၆ ရက် နံနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်  အခြေခံပညာမူလတန်းလွန် ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်ဟောင်း နှင့် School Shelter ဆောင် အမိုးလန် ပျက်စီးသွားသည်။

ထို့ကြောင့် အဝင်နောက်ကျသော မုတ်သုံသည်  အသွင်အားဖြင့်  မိုးဦးလေဦးကဲ့သို့ ခပ်မြူးမြူးခပ်စူးစူး ဝင်ရောက်လျက်ရှိရာ   ဘေးအန္တရာယ် လျော့နည်းရေး  စုပေါင်းကာကွယ် စောင့်ရှောက်ပေးကြပါရန် မြဝတီက တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။  

Read 62 times