SJ WorldNews - шаблон joomla Авто

စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေး ဘက်စုံကြိုးပမ်း

Sunday, 24 September 2017 07:50 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေး အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)က ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ လေ့လာ၍ တောင်သူလယ်သမားများ တွေ့ကြုံရသော အခက်အခဲများကို စာတမ်းပြုစု ထုတ်ဝေထားသည်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသရှိ စိုက်ပျိုးရေး ကဏ္ဍအတွက် အဓိက စိန်ခေါ်မှုများမှာ ရာသီဥတု ပြောင်းလဲမှု၊ ငွေရင်းငွေနှီး လိုအပ်မှု၊ လုပ်သားရရှိနိုင်မှု၊ လယ်ယာသုံး စက်ကိရိယာ ရရှိနိုင်မှု၊ သွင်းအားစုရရှိနိုင်မှု၊ ဈေးကွက်ရရှိနိုင်မှုတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ အပူပိုင်းဒေသ ရာသီဥတု ပြောင်းလဲမှု ပုံစံမှာ မုတ်သုံရာသီ တိုတောင်း လာခြင်းကြောင့် ပျမ်းမျှရွာသွန်းသော မိုးရေချိန် ပမာဏ လျော့နည်းလာခြင်း၊ အပူချိန်မြင့်မား လာခြင်းနှင့် ရေငွေ့ပြန်မှုများလာခြင်း၊ မိုးရွာသွန်းမှု ပုံမှန်မဟုတ်ခြင်းကြောင့် မိုးခေါင်ခြင်းနှင့် ရေကြီးခြင်းတို့ ရံဖန်ရံခါ ဖြစ်စေခြင်း စသည့်ပုံစံများဖြစ်သည်။ အစွန်းရောက် ရာသီဥတု ပြောင်းလဲမှု ပုံစံများကြောင့် စိုက်ပျိုးသီးနှံများနှင့် မွေးမြူရေး လုပ်ငန်းများ ထိခိုက်ဆုံးရှုံး လာသောအခါ တောင်သူလယ်သမားများ အတွက် ဝင်ငွေကျဆင်းလာသည်။ ထိုအခါ ကျေးလက်ဒေသနေ ပြည်သူများသည် မြို့ပြနှင့်ပြည်ပ နိုင်ငံများသို့ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ကြသဖြင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် လုပ်သား ရရှိနိုင်မှု ရှားပါးပြီး လုပ်သားခ မြင့်တက်လာသည်။ တောင်သူလယ်သမားများ အတွက် စိုက်ပျိုးစရိတ် ချေးငွေကို နိုင်ငံတော် အစိုးရက ထုတ်ချေးပေးရာတွင် စပါးစိုက်ပျိုးမည့် လယ်တစ်ဧကလျှင် ငွေကျပ် ၁၅ဝဝဝဝ နှုန်းနှင့် ၁ဝ ဧကအတွက် ထုတ်ချေးပေးသည်။ နှမ်းနှင့်ပဲမျိုးစုံ အပါအဝင် အခြားသီးနှံ စိုက်ပျိုးငွေ ထုတ်ချေးရာတွင် တစ်ဧကလျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းနှင့် ၁ဝ ဧကအတွက် ထုတ်ချေးပေးသည်။ နိုင်ငံတော် အစိုးရက ထုတ်ချေးပေးသော သီးနှံအားလုံးအတွက် ချေးငွေများအပေါ် အတိုးနှုန်းမှာ  တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးဆပ်ရသည်။ စိုက်ပျိုးစရိတ် ချေးငွေနှင့် စပ်လျဉ်း၍ နှစ်ဦးစလုံး ကြုံတွေ့ရသော အခက်အခဲမှာ ချေးငွေထုတ်ပေးချိန် နောက်ကျခြင်းကြောင့် တောင်သူလယ်သမား များက အခြားပြင်ပမှ အတိုးနှုန်း မြင့်မားသော ချေးငွေရယူ စိုက်ပျိုးလိုက်ရသည့် အခက်အခဲရှိခြင်း၊ အကြွေး ဝယ်ယူရသော သွင်းအားစုများ တန်ဖိုးမြင့်ခြင်း၊ လုပ်သားခ မြင့်မားခြင်းနှင့် သီးနှံအထွက်နှုန်း ကျဆင်းခြင်းတို့ကြောင့် တောင်သူများ တွက်ခြေမကိုက် ဖြစ်နေခြင်းသည် စိုက်ပျိုးစရိတ် ချေးငွေ ပြန်လည်ပေးဆပ်ရန် နှောင့်နှေးသော အကြောင်းတစ်ခုဖြစ်သည်။ တောင်သူများက ချေးငွေအကျေ မဆပ်နိုင်ကြသဖြင့် နိုင်ငံတော် အစိုးရက နောက်တစ်နှစ်အတွက် စိုက်ပျိုးစရိတ် ထုတ်ချေးပေးရန် နှောင့်နှေးသွားသည်။ သီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ပြင်ပမှ အတိုးနှုန်းမြင့်မားစွာ ချေးယူထားရသော ငွေနှင့် အကြွေးဝယ်ယူ အသုံးပြုရသော သွင်းအားစုအတွက် ကျသင့်ငွေတို့ကို တစ်ပြိုင်တည်း ပေးဆပ်လိုက်ရသော တောင်သူ လယ်သမားများ လက်ထဲ ငွေမကျန်တော့သော အခါ အခြားမြို့ပြများနှင့် ပြည်ပသို့ရွှေ့ပြောင်း လုပ်သားအဖြစ် သွားရောက် လုပ်ကိုင်ကြခြင်းသည် လုပ်သားရှားပါးမှုကို ဖန်တီးသလို ဖြစ်သွားသည်။

တောင်သူလယ်သမားများ တွက်ခြေမကိုက်မှု၊ လုပ်သားရှားပါးမှုနှင့် လုပ်သားခ မြင့်တက်မှု သံသရာမှ လွတ်မြောက်ရန် စိုက်ပျိုးရေးသုံး စက်ကိရိယာများ အသုံးပြုရန် လိုအပ်လာသည်။ စက်ကိရိယာဖြင့် ထွန်ယက်စိုက်ပျိုး ရိတ်သိမ်းခြင်းသည် အချိန်တိုအတွင်း လုပ်ငန်းပြီးစီး နိုင်သည့် အကျိုးရလဒ်ကြောင့် တောင်သူလယ်သမားများ နှစ်သက်ကြသော်ငြား ကုန်ကျစရိတ် များပြားသဖြင့် လူတိုင်းလက်လှမ်း မမီသေးကြောင်းသိရသည်။ နိုင်ငံတော် အစိုးရက လယ်ယာသုံး စက်ကိရိယာများ ရောင်းချပေးခြင်း၊ ငှားရမ်းပေးခြင်း၊ ပြင်ပကုမ္ပဏီများနှင့် ဆက်သွယ်ပေးခြင်းတို့ ဆောင်ရွက်ပေးနေသော်လည်း မလုံလောက်သေးကြောင်း သိရသည်။ တောင်သူလယ်သမားများက စိုက်ခင်းများအတွင်း သွင်းအားစု အသုံးပြုကြရာတွင် ဓာတ်မြေသြဇာ အသုံးများကြခြင်းကြောင့် မြေဆီလွှာ ပျက်စီးမှုများရှိလာသည့် အကျိုးဆက် အဖြစ် သီးနှံအထွက်နှုန်း ကျဆင်းစေသည်။ ပိုးသတ်ဆေး ရောင်းချသူများက ပြည်ပမှ တရားမဝင် တင်သွင်းခြင်း၊ လက်လီရောင်းချသူ အချို့က ပြန်လည်ရောနှော ရောင်းချခြင်း၊ အတုများ ထုတ်လုပ်ရောင်းချခြင်း၊ မြန်မာဘာသာဖြင့် ရေးသားထားသော အညွှန်းမပါရှိခြင်း တို့ကြောင့် သုံးစွဲသော တောင်သူလယ်သမားများ အခက်အခဲ ရှိကြောင်းနှင့် အထွက်တိုး မျိုးကောင်းမျိုးသန့် ရရှိရေး အကန့်အသတ် ရှိကြောင်းသိရသည်။ ဤနေရာတွင် ပိုးသတ်ဆေး အန္တရာယ် ကြုံရသည့် ဖြစ်စဉ်တစ်ခုကို တင်ပြရသော် စစ်ကိုင်းမြို့နယ် တောင်ရင်းကျေးရွာမှ အမျိုးသမီး တစ်ဦးသည် နေအိမ်အတွင်း သိုလှောင်ထားသော ပဲအိတ်များ ပိုးမကျစေရန် ပိုးသတ်ဆေးပြား များအား လက်ဖြင့်ရေဖျော်၍ ဆေးဖျန်းပြီး လက်ကိုစင်ကြယ်အောင် မဆေးဘဲ ညစာထမင်း စားရာမှ အစာအဆိပ်သင့်သွားသည်။ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသမှု ခံယူနေစဉ်မှာပင် စက်တင်ဘာ ၈ ရက်တွင် သေဆုံးသွားသော ဖြစ်စဉ်တစ်ခုရှိသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးသည် နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍနှင့် ဗဟုသုတ ကြွယ်ဝသော တောင်သူလယ်သမားများ ပါဝင်ကြပြီး ဘက်စုံကြိုးပမ်း ကြရမည့် လုပ်ငန်းဖြစ်ကြောင်း ရှုမြင်ရပါသည်။

Read 628 times Last modified on Sunday, 24 September 2017 08:09