SJ WorldNews - шаблон joomla Авто

မြေမှန် မျိုးမှန် စိုက်နည်းမှန် ရာသီမှန်အောင်စိုက်

Tuesday, 06 August 2019 08:43 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ၌နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ဆက်နွှယ်သောလုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်သည်။ မိုးလယ်ကာလ ယနေ့အချိန်တွင် စိုက်ပျိုးရေရရှိသောဒေသများ၌ တောင်သူလယ်သမားတို့ နေ့စဉ်ရက်ဆက် အားတက်သရောလုပ်ကိုင်နေကြသည်ကို ကဗျာဆရာတစ်ဦးက ဤမြေနှင့်ဤလူသားကဗျာဖြင့် သရုပ်ဖော်ထားသည်။ သူ့ကဗျာအစ၌ ''တောအုပ်ပျိုမှ၊ မဝေးလှသော၊ ချောင်းမတစ်ကြော၊ လယ်မြေတောသည်၊ ရှုမောမဆုံးကျယ်ဘိ၏။ မိုးသောက် နံနက်အရုဏ်တက်တွင်၊ လယ်ကွက်တစ်ခွင်၊ ထွန်ရေးငင်သည့်၊ သွင်ပြင်ခံ့ညား၊ လူညိုထွားသည်၊ မာန်အားအပြည့်ရှိဘိ၏'' ဟူ၍ ပတ်ဝန်းကျင်လောကနှင့်လူသား၏လှုပ်ရှားမှုတို့ကို ဖော်ကျူးမိတ်ဆက်ထားသည်။

စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ရေးသည် ဒေသနှင့်ကိုက်ညီပြီး မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဟူသော မှန်လေးမှန်နှင့်ကိုက်ညီအောင် စိုက်ပျိုးကြရန်ဖြစ်သည်။  ဤသို့စိုက်ပျိုးကြရာတွင်  တောင်သူလယ်သမားများကျန်းမာရေးက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ ဒေသဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာအရောက်သွားရောက်၍ ရာသီတုပ်ကွေးရောဂါနှင့်  သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပညာပေးဟောပြောခြင်းနှင့်လက်ကမ်း စာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ကြသည်။ တပ်မတော်နယ်လှည့်  အထူးဆေးကုသရေး အဖွဲ့များကလည်း ကျေးရွာ အရောက် ကျန်းမာရေးစစ်ဆေးစမ်းသပ်ခြင်း၊ ရောဂါရှာဖွေပေးခြင်း၊ ဒေသခံပြည်သူများနှင့် အနီးဆုံးနေရာရှိ တပ်မတော်ဆေးရုံသို့တက်ရောက်၍ လိုအပ်သောကုသမှုများ ခံယူနိုင်ရန် ဆောင်ရွက်ပေးကြသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသခံပြည်သူများအား  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

တောင်သူလယ်သမားများ ကျန်းမာရေးကောင်းပြီး မှန်လေးမှန်နှင့်ကိုက်ညီအောင် စိုက်ပျိုးကြရာတွင် စိုက်ပျိုးရေး လုပ်ငန်းခွင်ဝင်ကြသော တောင်သူလယ်သမားများသည် လုပ်ငန်းသုံးစက်ပစ္စည်းကြောင့်ဖြစ်သော ထိခိုက်မှုအန္တရာယ်၊ စိုက်ပျိုးရေးသွင်းအားစု၊ ဓာတုဆေးပစ္စည်း များကြောင့်ဖြစ်သော အန္တရာယ်၊ အဆိပ်ရှိသည့် မြွေကဲ့သို့သော ပိုးမွှားများအန္တရာယ်၊ သဘာဝဘေးကြောင့် ထိခိုက်သည့်အန္တရာယ် စသည်တို့ကိုလည်း သတိကြီးစွာထားကြရသည်။ စိုက်ပျိုးထားသောစိုက်ခင်းများ၌ အပင်ရှင်သန်ရေး၊ သီးနှံအောင်မြင်အထွက်တိုးရေး၊ သီးနှံကိုဖျက်သော ငမြှောင်တောင်ပိုးနှင့် ရွှေခရုကဲ့သို့သော ပိုးမွှားများနှိမ်နင်းရေးတို့အတွက် ဓာတုဆေးများကိုအသုံးပြုကြရသည်။ စိုက်ပျိုးရေး သွင်းအားစု ဓာတုဆေးများကို စနစ်တကျ ထိန်းသိမ်းကိုင်တွယ်အသုံးမပြုတတ်ပါက လူအတွက်အန္တရာယ်ဖြစ်စေပြီး အသက်ဆုံးရှုံးရသည်အထိ ကြုံတွေ့ရေ သာသတင်းများ တွေ့ရတတ်သည်။ တောင်သူလယ်သမားများ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာ ဒေသန္တရဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်တို့က ပညာပေး အစီအစဉ်များ ဆောင်ရွက်နေကြသည်။

ရန်ကုန်တိုင်းဒေသကြီး  စိုက်ပျိုးရေး ဦးစီးဌာနသည် ရွှေခရုကာကွယ် နှိမ်နင်းရေးနှိုးဆော်ချက်ကို တောင်သူ လယ်သမားများ သိရှိကြစေရန် ဇူလိုင် ၃၁ ရက်တွင် မီဒီယာများ၌ ဖော်ပြထားသည်။ ရွှေခရုကျရောက်ဖျက်ဆီးမှုမှ ကာကွယ်ရန်မှာ စပါးမစိုက်ပျိုးမီ ဦးစွာရေသွင်းခြင်းဖြင့် ကျန်ရှိခိုအောင်းနေသော ရွှေခရုများလှုပ်ရှားလာစေပြီး စက်ကိရိယာများဖြင့် ထွန်ယက်နှိမ်နင်းခြင်း၊ ရိုးပြတ်ကောက်ရိုးများအား  မီးရှို့ဖျက်ဆီးခြင်း၊ ကျူရိုးများ ရှင်းလင်းခြင်း၊  နွေထယ်ရေးခံခြင်း၊   မစိုက်ပျိုးမီရေသွင်းခြင်း၊  တစ်ဧကလျှင် မဖောက်ထုံးပိဿာ ၁၅ဝ နှုန်း ထည့်သွင်းခြင်း တို့ကို ဆောင်ရွက်ရန်ဖြစ်သည်။ စပါးစိုက်ချိန်တွင် ဥများပေါက်ပွားနိုင်ရန် ဝါးတိုင်၊ သစ်ကိုင်းခြောက်များ စိုက်ပေးပြီး တွေ့ရှိရသော ဥမြုံများကို တုတ်ဖြင့်ရေထဲသို့ရိုက်ချခြင်း၊ ကောက်ယူပြီး ရေထဲသို့ပစ်ချခြင်း သို့မဟုတ် ခရုမျှားစာများဖြစ်သော ဖရဲခွံ၊ ငှက်ပျောခွံ၊ ပိန္နဲခွံများကိုထားရှိပြီး ဥများတွေ့ရှိပါက ကောက်ယူစွန့်ပစ်ရန်ဖြစ်သည်။  အကောင်ကြီးအဆင့်တွင် လက်ဖြင့်ကောက်ယူစွန့်ပစ်ရမည်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်စီးပွားရေး တိုးတက်စေရန် စိုက်ပျိုးစွမ်းအားကို အဓိကထားရသည်ဖြစ်ရာ ဒေသနှင့်ကိုက်ညီပြီး မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ပျိုးကြရာတွင် သီးနှံများဖြစ်ထွန်းအောင်မြင်၍ တွက်ခြေကိုက်ရေးအတွက် လိုအပ်ချက်များကို နိုင်ငံတော်အစိုးရ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူ လယ်သမားတို့ သဟဇာတရှိအောင် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။     

Read 95 times Last modified on Tuesday, 06 August 2019 08:52