ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အားကစားနှင့် ပညာရေးပေါင်းစပ်သင်ကြားပေးသော အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်မြို့တို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထူးချွန်ထက်မြက်သည့် လူငယ်မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကို ၁၉၉၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းကို ၁၉၉၇ ခုနှစ်တွင် တိုးချဲ့ဖွင့်လှစ် လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။ သင်တန်းစတင်ဖွင့်လှစ်သည်မှ ယခုအချိန်အထိအောင်မြင်မှု အနေဖြင့် ထူးချွန်သည့် မြန်မာ့လက်ရွေးစင် အားကစားသမား အမျိုးသား ၂၉ဝ ဦး၊ အမျိုးသမီး ၂၇၆ ဦး၊ လူငယ်လက်ရွေးစင် အမျိုးသား၂၈၈ ဦး၊ အမျိုးသမီး ၁၈၅ ဦးတို့ကို စနစ်တကျမွေးထုတ်ပေးနိုင်ခဲ့သည်။ ဒေသတွင်း အားကစားပြိုင်ပွဲ ဖြစ်သည့် (၂၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲအထိ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသားများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ရွှေတံဆိပ်ဆု ၃၈ ခု၊ ငွေတံဆိပ်ဆု ၅၈ ခုနှင့် ကြေးတံဆိပ်ဆု ၈၃ ခုတို့ကို နိုင်ငံတော်အတွက် ဆွတ်ခူးရယူနိုင်ခဲ့ကြသည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက အားကစားနှင့် ပညာရေး ပေါင်းစည်းရေး (Sport and Education Trophy )ဆုကို ၁၉၉၉ ခုနှစ်တွင် ချီးမြှင့်ခဲ့ကြောင်းသိရသည်။ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၌ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်အတွက် သင်တန်းသား၊ သင်တန်းသူ ၄၇၄ ဦး ရွေးချယ်ထားပြီး အားကစားနည်း ၂၃ မျိုးကို လေ့ကျင့်သင်ကြားပေးလျက်ရှိသကဲ့သို့ မန္တလေး၊ တောင်ကြီး၊ ပုသိမ်မြို့တို့တွင် ဖွင့်လှစ်ထားသော သင်တန်းကျောင်းများကလည်း လေ့ကျင့်သင်ကြားပေးလျက်ရှိကြသည်မှာ ထူးချွန်ထက်မြက်သော လူငယ်အားကစားသမားများ ပေါ်ထွက်လာမည့် အခြေအနေကောင်းကို ဖန်တီးပေးနေကြခြင်း ဖြစ်သည်။
မြန်မာမှုနယ်ပယ်၌ ကြိုတင်ပြင်မှအောင်ပွဲရဟူသော ဆိုရိုးစကားသည် အရာရာတိုင်းနှင့် သက်ဆိုင်သကဲ့သို့ အားကစားသမား တို့အတွက်လည်း အထူးအသုံးဝင်သော ဆိုရိုးစကားဖြစ်သည်။ ကြိုတင်ပြင်ဆင်ခြင်းဟူသည် ကြိုတင် လေ့ကျင့်ခြင်းဖြစ်သဖြင့် ပြိုင်ပွဲဝင်မည့် အားကစားနည်းအလိုက် သတ်မှတ်ထားသော စည်းကမ်းနည်းလမ်းများနှင့်အညီ ကြိုတင်လေ့ကျင့်ကြရသည်။ တစ်ဦးချင်း စွမ်းရည်ယှဉ်ပြိုင်ရသည်ဖြစ်စေ၊ အဖွဲ့လိုက် စွမ်းရည်ယှဉ်ပြိုင်ရသည်ဖြစ်စေ အားကစားစိတ်ဓာတ်မွေးမြူပြီး ပြိုင်ပွဲစည်းကမ်းနည်းလမ်းများကို စောင့်ထိန်းလိုက်နာ၍ တရားသဖြင့်အနိုင်ရယူသူသာလျှင် ထူးချွန်ထက်မြက်သော အားကစားသမားများဖြစ်သည်။ အသင်းလိုက်ယှဉ်ပြိုင်ရသော အားကစားနည်းများ၌ မိမိတို့အသင်းသားများ၏ စွမ်းရည်နှင့်မိမိစွမ်းရည်တို့ကို ချိတ်ဆက်ပေါင်းစပ်နိုင်စေရန် ပွဲမဝင်မီ အပြင်ကကျင်းပဟူသော ဆိုရိုးစကားအတိုင်း လိုက်နာကြရန်လိုသည်။ ထင်သာမြင်သာ ဥပမာအနေဖြင့် မကြာခဏတွေ့ရတတ်သည်မှာ နာမည်ကြီးကလပ်အသင်းများ၌ ကစားနေကြသော လူကြိုက်များသည့် ကြယ်ပွင့်ကစားသမားများသည် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အမိနိုင်ငံ ကိုယ်စားပြုအသင်းသို့ လာရောက်ကစားကြရာတွင် မိမိတို့အသင်းသားများနှင့် အချိတ်အဆက်မမိဘဲဖြစ်နေသဖြင့် ပွဲကြည့်ပရိသတ်စိတ်ပျက်ကြရသည်ကို သတိထားမိကြပေမည်။
တစ်ဦးချင်းယှဉ်ပြိုင်ရသော အားကစားနည်းဖြစ်စေ၊ အသင်းအဖွဲ့လိုက်စွမ်းရည်ယှဉ်ပြိုင်ရသော အားကစားနည်းဖြစ်စေ ကြိုတင် လေ့ကျင့်ပြင်ဆင်မှုအားကောင်း လေလေအောင်မြင်မှု ရလေလေဖြစ်သော်လည်း ကြိုတင် လေ့ကျင့်ပြင်ဆင်မှု အားနည်းလေလေ အောင်မြင်မှုအားနည်းလေလေဖြစ်ရန် သေချာသည်။ ထို့အတူ အသင်းအဖွဲ့လိုက် လုပ်ဆောင်ရသော မည်သည့်လုပ်ငန်းမျိုးမဆို လုပ်ငန်းတွင်ပတ်သက်ဆက်နွှယ်သူတို့ တစ်ဦးကိုတစ်ဦး အပြန်အလှန်အသိအမှတ်ပြုနားလည်မှု မရှိကြလျှင် မျှော်မှန်းမထားသော အခက်အခဲနှင့် ကြုံတွေ့ရနိုင်သည်။
လူတို့လောကတွင် မည်သည့်လုပ်ငန်းမျိုးမဆို လုပ်ငန်းပြီးမြောက်၍ ရည်မှန်းချက် ပေါက်မြောက်ရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ကြရာ၌ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ရမည့်အပြင် နည်းစနစ်ကျွမ်းကျင်မှု၊ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ခြင်း၏ရလဒ်ကောင်းကို အသိအမှတ်ပြုမှုတို့ဖြင့်လည်း ပြည့်စုံရန်လိုအပ်သည်။ ထို့ကြောင့် အထူးအားဖြင့် နိုင်ငံဂုဏ်ကို အားကစားဖြင့် မြှင့်တင်ကြမည့် အားကစားနှင့်ကာယပညာသိ ပ္ပံသင်တန်းသားများ အနေဖြင့် ဆိုခဲ့သော အချက်များအား အလေးထားလိုက်နာကြရန်ဖြစ်ကြောင်း မြဝတီကတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။