SJ WorldNews - шаблон joomla Авто

ပြည်တွင်းဘဏ် လုပ်ငန်းများ လုံခြုံချောမွေ့ရေး

Thursday, 08 August 2019 09:08 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံစီးပွားရေး ပြုပြင်ပြောင်းလဲမှု စတင်ဆောင်ရွက်သည့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၉ဝ ပြည့်နှစ်တွင် ပြဋ္ဌာန်းလိုက်သော မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ ပုဂ္ဂလိကဘဏ် လုပ်ငန်းများကို တည်ထောင်ခွင့်ပြုထားသဖြင့် ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာသည်။  ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာသည့် အကျိုးဆက်အဖြစ်  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက ဈေးကွက်စီးပွားရေး ယန္တရားချောမွေ့စွာ လည်ပတ်နိုင်ရေးကို အထောက်အကူ ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအား အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်သည့် ကာလ ၂ဝ၁၂ ခုနှစ်တွင် ပြည်တွင်းဘဏ် လုပ်ငန်းများ၏ ဝန်ဆောင်မှု ပိုမိုလွယ်ကူစေရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ အကူအညီနှင့် အကြံဉာဏ်များ ရယူ၍ ဆောင်ရွက်ခဲ့ရာ ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် သတ်မှတ်ပေးနိုင်ခဲ့သည်မှာ   ယနေ့တိုင် သက်ရောက်မှု ရှိနေဆဲဖြစ်သည်။ ဘဏ်များကို အမျိုးအစားခွဲခြားကြရာတွင် နိုင်ငံတော်အစိုးရ၏ ဗဟိုဘဏ်၊ ကူးသန်းရောင်းဝယ်ရေးဘဏ်၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ စိုက်ပျိုးရေးဘဏ်၊ စက်မှုလက်မှုဘဏ်၊ သမဝါယမဘဏ်၊ မွေးမြူရေးဘဏ် စသည်ဖြင့် တွေ့ရသော်လည်း အဓိကအားဖြင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတာဝန် ထမ်းဆောင်ကြရာတွင် တူညီကြသည်။

ယနေ့ကာလတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးများ အတွက် ဘဏ်လုပ်ငန်းများ၏ ဝန်ဆောင်မှုသည် အသက်သွေးကြောသဖွယ် အရေးပါသကဲ့သို့ ပြည်သူတစ်ဦးချင်း အတွက် စုဆောင်းငွေအပ်နှံရေး၊ ပြည်သူအချင်းချင်း ငွေပေးငွေယူကိစ္စ၊ အာမခံအမျိုးမျိုး တို့ကိုပါ ဝန်ဆောင်မှုပေးကြသော   ဘဏ်လုပ်ငန်းများ၏ အခန်းကဏ္ဍ  ပို၍ပို၍ အရေးပါလျက်ရှိသည်။

ဤသို့အရေးပါလျက်ရှိသော ဘဏ်လုပ်ငန်းများတွင် အင်းဝဘဏ်လီမိတက် ပါဝင်လျက်ရှိရာ   အင်းဝဘဏ် လီမိတက်၏ (၆၁)ခုမြောက် ဘဏ်ခွဲကို   မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အတွင်း ၇၃ လမ်းနှင့် သဇင် လမ်းထောင့်တွင် သြဂုတ် ၅ ရက် နံနက်ပိုင်းက ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ ဘဏ်ခွဲဖွင့်ပွဲသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ ဘဏ်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ချမ်းမြသာစည်ဘဏ်ခွဲ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ ဘဏ်ခွဲကမ္ပည်းမော်ကွန်း ဆိုင်းဘုတ်နှင့် ဘဏ်ကောင်တာတို့အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

အင်းဝဘဏ်လီမိတက်  ချမ်းမြသာစည်ဘဏ်ခွဲ အနေဖြင့် အပ်ငွေများ လက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်း ဆောင်ရွက်ပေးခြင်း၊ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေ ထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (PaymentOrder)များ ထုတ်ပေးခြင်း၊   ဘဏ်အာမခံအမျိုးမျိုး ထုတ်ပေးခြင်း(Bank Guarantee)၊Debit Cardများ ထုတ်ပေးခြင်း  စသည့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ အင်းဝဘဏ်လီမိတက်သည် ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းများ အပြင် ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်း    ရာခိုင်နှုန်းနှင့်  စာရင်းသေအပ်ငွေအပေါ်  ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျောက်   စုဆောင်း ထားသည့် အချိန်ကာလ အပိုင်းအခြားအလိုက် မူတည်၍ ၁ဝ ရာခိုင်နှုန်းအထိ  အတိုးနှုန်းများ ပေးအပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်း မတည်ရင်းနှီး လုပ်ကိုင်လိုသူများအတွက် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အင်းဝဘဏ်လီမိတက် အနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်သူများအကြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ အဆင်ပြေလွယ်ကူ ချောမောစွာ လည်ပတ်နိုင်ရေး ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးနေခြင်းကြောင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ မဟုတ်စေကာမူ လူတိုင်းအတွက် သာမန်လူမှုရေး ကိစ္စများကိုလည်း ဆောင်ရွက်ပေးကြောင်းတွေ့ရသည်။ ဘဏ်လုပ်ငန်း၏ သဘာဝအတိုင်း အများပြည်သူတို့ထံမှ အပ်ငွေများကို လက်ခံ၍ သတ်မှတ်ထားသော အတိုးနှုန်းပေးခြင်း၊ လက်ခံရရှိသော အပ်ငွေများ ဥပဒေအရသတ်မှတ်ထားသည့် အရန်ငွေထားရှိ၍ ပိုငွေများကိုပြည်သူများထံသို့ အတိုးဖြင့် ထုတ်ချေးပေးခြင်းတို့ကို ဆောင်ရွက်ကြရာမှ ယနေ့ခေတ်တွင် လုပ်ငန်းတာဝန် ပိုမိုကျယ်ပြန့်လာလျက်ရှိသည်။

မည်သို့ဆိုစေ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုတွင် ဘဏ်လုပ်ငန်းများ၏ အခန်းကဏ္ဍက နယ်ပယ်စုံ၌  အထောက်အကူပေးလျက်ရှိရာ  ပြည်တွင်းဘဏ် လုပ်ငန်းများအားလုံး လုံခြုံချောမွေ့စွာ လည်ပတ်နိုင်ကြစေခြင်းငှာ ပြည်သူတို့က ဝိုင်းဝန်းကူညီကြရန် လိုအပ်လှပေသည်။ 

Read 88 times Last modified on Thursday, 08 August 2019 09:10