SJ WorldNews - шаблон joomla Авто

လမှာဝါခေါင် ခိုးမှောင်လျှပ်ဆို့ သက်တံသို့သာ

Friday, 09 August 2019 12:38 font size decrease font size decrease font size increase font size increase font size

မြန်မာပြက္ခဒိန် ဆယ့်နှစ်လရာသီစက်ဝန်းသည် ဝါခေါင်လသို့ရောက်သည်နှင့် ဝါဆိုဝါခေါင်ရေဖောင်ဖောင် စာဆိုထားသည့်အတိုင်း ချောင်းမြစ်တို့ရေလျှံ၍ကန်ရေများတိုးလာခြင်းကြောင့် ကျေးရွာအချို့နှင့် မြို့ပေါ် လူနေရပ်ကွက်အချို့မှ ပြည်သူတို့ ကယ်ဆယ်ရေး စခန်းများသို့ခေတ္တရွှေ့ပြောင်းနေထိုင်ကြရသည်။ အချို့ဒေသများမှ အခြေခံပညာကျောင်းများ ခေတ္တပိတ်ထားရပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ မိုးဒဏ်လေဒဏ် စိုးရိမ်ရသည့် အခြေအနေကြောင့် ရေကြောင်းပို့ဆောင်ရေးရေယာဉ်များ ပြေးဆွဲခြင်းကို ခေတ္တဆိုင်းငံ့ထားကြောင်း မီဒီယာများ မှတစ်ဆင့် သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေကြောင်း သိရသဖြင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက ရေဘေးကယ်ဆယ်ရေးအတွက် အသက်ကယ်လှေများ ကြိုတင်ပြင်ဆင်ထားရှိခြင်းနှင့် စစ်တောင်းမြစ်တာပေါင်ရေကျော်မှု မရှိစေရေးအတွက် သဲအိတ်များ ကြိုတင်ပြင်ဆင်ပြုလုပ်လျက်ရှိသည်။ ထို့ပြင် ရွှေကျင်မြို့ ရွှေတောင်ဦးဘုရားရေဘေးကယ်ဆယ်ရေး စခန်း၌ ရေဘေးသင့်ပြည်သူများအား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ထိခိုက်ရှနာ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးပြီး တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သား များက ရေဘေးသင့်ပြည်သူများ အတွက် စားချက်ဆောင်နှင့်အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန်နေရာသတ်မှတ် ဆောက်လုပ်ပေးကြသည်။ ထိုသို့ဆောင်ရွက်ပေးနေသည်များကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သြဂုတ် ၆ ရက် နံနက်ပိုင်းတွင်သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် သမိုင်းဝင်အရှေ့မဟာ ဗုဒ္ဓဘုရားကြီးနှင့် ဂန့်ဂေါ်ဝိုင်းရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတို့၌ ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုအားပေး ပြီး ရေဘေးသင့် ပြည်သူများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အလားတူ မဒေါက်မြို့ မြို့မ(၁)ရပ်ကွက်ရှိ စစ်တောင်းမြစ်ရေထိန်းတာကျိုးပေါက်မှုမရှိစေရေး သဲအိတ် ၈ဝဝ ဖြည့်တင်းပေးခြင်းနှင့် ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စုခြောက်စုမှ လူဦးရေ ၂၁ ဦးတို့အား တပ်မတော် အသက်ကယ်လှေသုံးစင်းဖြင့် တိုင်တစ်ရာဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းပေးခဲ့သည်။  ထို့ပြင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေကျင်ချောင်းရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ်အထက် မြင့်တက် လာသဖြင့် ရွှေကျင်မြို့နယ် စံဖဲကျေးရွာအတွင်း ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သဖြင့် အိမ်ထောင်စု ၁၅ စုမှ လူဦးရေ ၅၁ ဦးတို့အား ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက  ကူညီရွှေ့ပြောင်း ပေးခဲ့ကြသည်။

မွန်ပြည်နယ်အတွင်း၌ သြဂုတ် ၅ ရက်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းမြို့ပေါ်ရှိ ကန်သာယာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့သို့ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည်။

ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စု ၉၉ စုမှ လူဦးရေ ၄၁၁ ဦးကို ဘီးလင်းမြို့ ဓမ္မဝိဟာရကျောင်းတိုက်၊ ချမ်းငြိမ်းရိပ်မြုံကျောင်းတိုက်၊ မြို့ဦးကျောင်းတိုက်နှင့် အောင်သိဒ္ဓိကျောင်းတိုက်တို့ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ သြဂုတ် ၆ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေ ခံတပ်မတော်သားများက ပြောင်းရွှေ့နေရာချထားပေးပြီး စားသောက်ဖွယ်ရာ များနှင့် သောက် ရေသန့်ဘူးများ ပေးအပ်ကာ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

အလားတူ ရေးမြို့နယ် ဟံဂံကျေးရွာ၌ တောင်ကျရေများ အဆက်မပြတ်စီးဆင်းမှုကြောင့် ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သော ကျေးရွာရှိ အိမ်ထောင်စု ၂ဝဝ ခန့်မှ လူဦးရေ ၅ဝဝ ခန့်ကို ကျေးရွာရှိ  အာသောကရာမ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း၊ အိမ်ထောင်စု ၁၇ စုမှ လူဦးရေ ၆၉ ဦးကို ရေဘေးကင်းလွတ်ရာ သို့လည်းကောင်း နယ်မြေခံတပ်မတော်သားများက ပြောင်းရွှေ့နေရာချထားပေးပြီး စားသောက်ဖွယ်ရာများနှင့် ရေသန့်ဘူးများ ပေးအပ်ကာ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ရေးမြို့နယ် ချောင်းတောင်ကျေးရွာရှိ  ရေး-ကလော့ကြီးကျေးရွာသွား ကားလမ်းပေါ်၌ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သဖြင့် နယ်မြေခံတပ်မတော်သားများက သွားရောက်၍ သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်းပေးသဖြင့် ခရီးသွားပြည်သူများသွားလာရေးအတွက် အခက်အခဲမရှိတော့ကြောင်း သိရသည်။

ထို့ကြောင့် ပတ်ဝန်းကျင်တစ်ခွင်၌ တိမ်ခိုးဝေမှောင်၍ လျှပ်ပန်းလျှပ်နွယ်တို့ဝင်းဝင်းလက်သည့်အခါလက်ပြီး တိမ်သက်တံတို့ တရွေ့ရွေ့လှုပ်ရှားနေကြသော ဝါခေါင်လတွင်လှိုင်းကြီးလေထန်ခြင်းကြောင့် ရေကြောင်းခရီးသာမက ကုန်းကြောင်း၊ လေကြောင်းခရီးသွား လာကြရာတွင်လည်း အထူးသတိရှိကြရန်လိုအပ်ကြောင်း မြဝတီကတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ 

Read 57 times Last modified on Friday, 09 August 2019 12:39