SJ WorldNews - шаблон joomla Авто

မိုးလေဝသနှင့် ကောလာဟလ သတိပြုကြ

Sunday, 11 August 2019 07:26 font size decrease font size decrease font size increase font size increase font size

ယခုရက်ပိုင်းအတွင်း မုတ်သုံမိုး အဆက်မပြတ် ရွာသွန်းလျက်ရှိရာ သြဂုတ် ၆ ရက် ညနေပိုင်းမှစ၍ ရွာသွန်းသော မိုးကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ မြောက်ဥက္ကလာပဆေးရုံကြီး၊ အင်းစိန်၊ လှိုင်သာယာ၊ ဒဂုံ(မြောက်၊ အရှေ့၊ တောင်နှင့် မြောက်ပိုင်း မြို့နယ်များ)၊ မရမ်းကုန်းနှင့် ရန်ကင်းမြို့နယ် အပါအဝင် မြို့နယ်အချို့၌ ဆေးရုံနှင့်လူနေအိမ်များအတွင်း ရေဝင်ခြင်းနှင့် လမ်းများပေါ် ရေလျှံမှုများရှိခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်အချို့၌ သြဂုတ် ၇ ရက်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သည့် အခြေအနေမှာ ပဲခူးတိုင်းဒေသကြီးတွင် အိမ်ထောင်စု ၁ဝဝဝ ခန့်မှ လူဦးရေ ၅ဝဝဝ ခန့်၊ ကရင်ပြည်နယ်တွင် အိမ်ထောင်စု ၁ဝဝဝ ခန့်မှ လူဦးရေ ၄၈ဝဝ ခန့်၊ မွန်ပြည်နယ်တွင် အိမ်ထောင်စု ၁၇ဝဝ ကျော်ခန့်မှ လူဦးရေ ၇၂ဝဝ ကျော်၊ ဧရာဝတီ တိုင်းဒေသကြီးတွင် အိမ်ထောင်စု ၆ဝ ကျော်မှ လူဦးရေ ၂၈ဝ ကျော်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် အိမ်ထောင်စု ၁၂ စုမှ လူဦးရေ ၅၅ ဦး အရေးပေါ် ပြောင်းရွှေ့နေရာချထားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရေဘေးဖြစ်ပွားသည့် ဒေသများတွင် အရေးပေါ် ထောက်ပံ့ပေးထားကြောင်း သိရသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း နှင်းပုလဲနှင့် ဒုန်ဝန်းလမ်းပိုင်း မိုင်တိုင်အမှတ် (၁၁၈/၂၃)မှ (၁၁၉/၄) အကြားရှိ တံတားအမှတ် BR 72(A) ယာယီလမ်းလွှဲတာပေါင်မှာ တောင်ကျရေများ တိုးဝင်တိုက်စားမှုကြောင့် ပြတ်ကျလုနီးပါးဖြစ်၍ ရန်ကုန်-မော်လမြိုင် အစုန်အဆန်ရထားများ ဖြတ်သန်းရန်မသင့်သဖြင့် သြဂုတ် ၆ ရက် ည ၈ နာရီမှစ၍ ယာယီပိတ်ထားရပြီး သြဂုတ် ၇ ရက် ညနေ ၄ နာရီ ၁၆ မိနစ်တွင် ပုံမှန်ပြန်လည်ပြေးဆွဲ နေပြီဖြစ်ကြောင်း သိရသည်။ ကရင်ပြည်နယ်အတွင်း ကော့ကရိတ်-ဘားအံကားလမ်းပေါ်၌ တည်ဆောက်ထားသော ဂျိုင်းမြစ်ကူးပွန်တွန်းတံတားသစ် ချဉ်းကပ်လမ်းများ ရေကျော်နေသဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်း သွားလာ၍ မရကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု အခြေအနေမှာ တမံရေပိုလွှဲမှရေကျော်နေသည့် ရေလှောင်တမံပေါင်း ၁၆ ခုရှိသော်လည်း စိုးရိမ်ဖွယ် အခြေအနေ မရှိသေးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သြဂုတ် ၇ ရက်တွင် ပြောကြားချက်အရ သိရသည်။ တမံရေပိုလွှဲမှ ရေကျော်နေသော ရေလှောင်တမံများမှာ ကရင်ပြည်နယ် ဘားအံခရိုင်ရှိ ရေဘုတ်ရေလှောင်တမံ၊ ချင်း ပြည်နယ် ဖလမ်းခရိုင်ရှိ လိုင်ဗားရေလှောင်တမံ၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်ရှိ ရာဇဂြိုဟ် ရေလှောင်တမံ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) တောင်ငူခရိုင်ရှိ မင်းရဲရေလှောင်တမံ၊ ငမြွေရေလှောင်တမံ၊ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်ရှိ မုန်းချောင်းရေလှောင်တမံနှင့် ကြီးအုံကြီးဝရေလှောင်တမံ၊ မန်းချောင်း ရေလှောင်တမံ၊ မွန်ပြည်နယ်ရှိ ဝါးပါးရေလှောင်တမံ၊ ရခိုင်ပြည်နယ် စစ်တွေခရိုင်ရှိ ပြိုင်းချောင်း ရေလှောင်တမံ၊ မြောက်ဦးခရိုင်ရှိ ဂရင်ဂျိုင်ရေလှောင်တမံ၊ ကြက်တက်ရေလှောင်တမံ၊ တမန်းဒူးရေလှောင် တမံနှင့် ရှောက်ချောင်းရေလှောင်တမံ၊ ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင်ရှိ နန်ကသူ ရေလှောင်တမံ နှင့် ကညင်ရေလှောင်တမံတို့ ဖြစ်သည်။

ချင်းပြည်နယ် ဟားခါးမြို့၌ ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၇ ရက်အထိ မိုးရွာသွန်းသည့် ရက်ပေါင်း ၆၄ ရက်ရှိခဲ့ရာ ရွာသွန်းသည့်မိုးရေချိန် စုစုပေါင်း ၃ဝ ဒသမ ၁၅ လက်မရှိကြောင်း ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။ ချင်းပြည်နယ်အတွင်း သြဂုတ် ၇ ရက်က ရွာသွန်းသောမိုးကြောင့် ကလေး-ဖလမ်း-ဟားခါးလမ်း၊ မုံရွာ-ပုလဲ- ဂန့်ဂေါ-ဟားခါး လမ်းများ၌ မြေပြိုခြင်းများ ဖြစ်ပွားခဲ့သော်လည်း မော်တော် ယာဉ်များသွားလာရေး အဆင်ပြေေ စရန် သက်ဆိုင်ရာ လမ်းဦးစီးဌာနက လူအား၊ စက်အားဖြင့် ရှင်းလင်းဖယ်ရှား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးလယ်ကာလတွင် ရုတ်တရက် ဖြစ်ပေါ်လာနိုင်သော မိုးရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှု ဘေးအန္တရာယ်များ ကို မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတို့က အချိန်နှင့်တစ်ပြေးညီ တရားဝင် ထုတ်ပြန်ကြေညာ ပေးသကဲ့သို့ သက်ဆိုင်ရာ ဝက်ဘ်ဆိုက်များတွင်လည်း ဝင်ရောက်ကြည့်ရှု နိုင်ကြသဖြင့် ကောလာဟလသတင်းများကို မယုံကြည်ဘဲ ပြည်သူများ အနေဖြင့် တရားဝင် ကြေညာ ချက်များကိုသာ စောင့်ကြည့် နားထောင်ကြရန် လိုအပ်ကြောင်း ယခင်အတွေ့အကြုံများ ရှိခဲ့ပြီးဖြစ်သည်ကို မမေ့မလျော့ကြရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 67 times Last modified on Sunday, 11 August 2019 07:36