အမျိုးသားရေးစိတ်ဓာတ် မရှိသော တိုင်းပြည် နိုင်ငံဟူ၍ ဤကမ္ဘာပေါ်တွင် မပေါ်ပေါက်သေးပါ။ အမျိုးသားရေး စိတ်ဓာတ်နှင့် အမျိုးဘာသာ သာသနာကို ကာကွယ်ကြရမည်မှာ တိုင်းပြည်အသီးသီးရှိ လူသားတိုင်း၏ တာဝန်ဖြစ်သည်။ မည်သည့်တိုင်းပြည်မဆို၊ မည်သည့် ဘာသာဝင်မဆို မိမိတိုင်းပြည် မိမိဘာသာကို ကာကွယ်လျက်ရှိနေသည်မှာ ငြင်းပယ်၍မရသော အမှန်တရားဖြစ်သည်။ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး နိုင်ငံများမှသည် အင်အားအနည်းငယ်ဆုံး နိုင်ငံများအထိ မိမိတို့နှင့် သက်ဆိုင်သော အမျိုးသားရေးစိတ်ဓာတ် ကိုယ်စီရှိနေကြသည်။
ယခုလက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြွေးကြော်သံမှာ Make America Great Again (MAGA)ဖြစ်သည်မှာ အားလုံးအသိဖြစ်သည်။ သူ့နိုင်ငံ သူ့အမျိုးသားရေးအတွက် အမေရိကန်နိုင်ငံ ပြန်လည်ကြီးမြတ်စေရန် လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့အတူ ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း သူ၏ မဲဆွယ်နေစဉ် ကာလအတွင်း မဟာရုရှားလို့ ကြွေးကြော်ခဲ့သည်မှာလည်း သူ့နိုင်ငံအတွက် သူလုပ်ဆောင်ခြင်းဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း သူ၏ နိုင်ငံကို ကမ္ဘာပေါ်တွင် ကြီးမြတ်ထည်ဝါသော နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းမည်ဟုကြုံးဝါးထားသည်။ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားရေး စိတ်ဓာတ်(ဝါ)မျိုးချစ်စိတ်ဓာတ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။
နိုင်ငံဖွံ့ဖြိုး တိုးတက်စေသည့် မည်သည့် ttitude ပဲဖြစ်ပါစေ မျိုးချစ်စိတ်နှင့် ဆောင်ရွက်ခြင်းသာဖြစ်သည်။
ကမ္ဘာပေါ်တွင် Globalization ဟူ၍ မည်သို့ပင် ပြောနေကြသော်လည်း အမျိုးသား အကျိုးစီးပွားဘောင်ထဲကသာ လုပ်ဆောင်နေခြင်းဖြစ်သည်။ မည်သည့်နိုင်ငံမှ မိမိနိုင်ငံ၏ အကျိုးစီးပွားကို အထိအပါး မခံကြပေ။ မြန်မာနိုင်ငံ သည်ပင်လျှင် လွတ်လပ်ရေး ရရှိရေးအတွက် စတင်မျက်စိနား ဖွင့်ပေးခဲ့သည်မှာ ''အမျိုးကိုချစ်ပါ၊ ဘာသာကို လေးစားပါ၊ သာသနာကို ချီးမြှင့်ပါ၊ ပညာရေးကို အားပေးပါ''ဟူသော ဆောင်ပုဒ်ပင်ဖြစ်သည်။ ထိုအမျိုးသားရေး ဆောင်ပုဒ်ကိုကိုင်စွဲ၍ အမျိုးသားရေး စိတ်ဓာတ်နိုးကြားလာခြင်းကြောင့်သာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးကို ရစေဖို့ စတင်နှိုးဆော်ခဲ့တာ ဝိုင်အမ်ဘီအေ အသင်းကြီး၊ ထို့နောက် ဂျီစီဘီအေ ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အသင်းချုပ်ကြီး၏ လှုပ်ရှားမှုကြောင့် မြန်မာပြည်ဖြစ် အဝတ်အထည်ကိုဝတ်ကြဖို့၊ မြန်မာအချင်းချင်း ချစ်ကြည်ရိုင်းပင်းကြဖို့ မြန်မာအားလုံးရဲ့ရင်ထဲမှာ အမြစ်တွယ်ခဲ့သည်။ ထို့နောက် ဒို့ဗမာအစည်းအရုံးမှ ရဲဘော်သုံးကျိပ်ကို မွေးထုတ်ပေးခဲ့သည်။ ဒို့ဗမာအစည်းအရုံး၏ ဆောင်ပုဒ်မှာ ''ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား''စသော အမျိုးသားရေး စိတ်ဓာတ်များကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ခြင်းမှာ အထင်အရှားပင်ဖြစ်သည်။
နိုင်ငံလွတ်လပ်ရေး ရခဲ့သည်မှာ မျိုးချစ်စိတ်ကြောင့်ဖြစ်သည်။ မြန်မာတို့ သူ့ကျွန်ဘဝ ကျရောက်ခဲ့သည်များကို ပြန်တွေးကြည့်လျှင် မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ် အားနည်းမှုကြောင့်ဖြစ်ကြောင်း သမိုင်းတွင် အထင်အရှား တွေ့မြင်နိုင်သည်။ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရမှုနှင့် ပတ်သက်၍ တွေးမိတိုင်း ရင်နာရကြောင်း အချုပ်တန်း ဆရာဖေ ရေးသားခဲ့သော တေးထပ်သည် မှတ်သားဖွယ်ဖြစ်သည်။
''မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ပြီ။ မှီငြမ်းထောက် အသစ်မှီတယ် ညစ်ပလီ လူမျိုး။
မိပစ်လို့ ဖရှောင်သွေသည်၊ ခွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။ မြန်မာချင်းကြွားကြချင်၊ ဓားပြသွင် သူခိုး။ ကုလားမြင် သူ့အမေရိုးတော့မလို၊ ခုမြေလျှိုး ပုန်းရှောင်။ မိုက်မနော် ပြုမဟေးရယ်နဲ့၊ သူ့ပထွေးတော့ ထွက်၍မဟောင်။
ပြောရော့ဟဲ့ ရာဇဝင်ပြောင်အောင်၊ စာဇင်တောင် ဦးချလို့၊ ပလူးကြ ပြေးကြို့ခါခါ၊ ခွေးသို့ပမာ။ တွေးမိတိုင်း အရိုးနာတယ်၊ အမျိုးပါဆဲချင်ပေါ့လေး''
အမျိုးကိုမချစ်တတ်သော လူတန်းစားအချို့သည် ခေတ်အလိုက် ပေါ်ပေါက်ခဲ့သည်။ ဂျပန်ခေတ်တွင် စိန်ကြည်ကဲ့သို့ အမျိုးသမီး လူတန်းစားအချို့၊ အင်္ဂလိပ်ခေတ်တွင် ဂျစ်လေဒီဆိုသော အမျိုးသမီး လူတန်းစားအချို့ ပေါ်ပေါက်ခဲ့သည်။ မျိုးချစ်စိတ် နည်းပါးသူများ၊ မျိုးချစ်စိတ်ကို တန်ဖိုးမထားသူများ၊ မျိုးချစ်စိတ် မရှိသူများ ပေါများသောနိုင်ငံသည် မည်သည့်နည်းနှင့်မျှ တိုးတက်နိုင်မည်မဟုတ်ပေ။
တပ်မတော်သည် မျိုးချစ်စိတ်ကို အခြေခံဖွဲ့စည်း တည်ဆောက်ထားသော တပ်မတော်ဖြစ်သည့်အတွက် တပ်မတော်၏ အစဉ်အလာများတွင် နံပါတ်တစ်သည် မျိုးချစ်တပ်မတော်ဖြစ်သည် ဟူသောအချက်ဖြစ်သည်။
မျိုးချစ်စိတ်ရှိမှ စည်းကမ်းကောင်းသည်။ မျိုးချစ်စိတ်ရှိမှ သစ္စာရှိသည်။ မျိုးချစ်စိတ်ရှိမှ စည်းလုံး ညီညွတ်သည်။
မည်သည့်နိုင်ငံမဆို မျိုးချစ်စိတ်ကို အခြေခံထားသော နိုင်ငံချည်းသာဖြစ်သည်။
မျိုးချစ်စိတ်ကင်းမဲ့လေလေ လွတ်လပ်ရေး ဆုံးရှုံးမည့်အန္တရာယ်နှင့် နီးလေလေဖြစ်သည်။ အမျိုးသားရေး စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ အမျိုးသား အကျိုးစီးပွားကို မကာကွယ် မစောင့်ရှောက်သော နိုင်ငံ့ခေါင်းဆောင် ဟူ၍ မရှိသေးပါ။ ထို့ကြောင့် တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဟူသော ဆောင်ပုဒ်အတိုင်း အမျိုးသားရေးနှင့် ယှဉ်လာလျှင်၊ မျိုးချစ်စိတ်နှင့် ပတ်သက်လာလျှင်၊ အမျိုးသား အကျိုးစီးပွားကို ထိခိုက်လာမည် ဆိုပါလျှင် မည်သို့မျှ အထိပါးခံမည် မဟုတ်ကြောင်း။ ။