SJ WorldNews - шаблон joomla Авто

မြစ်ချောင်းသောင်ကမ်း သွားရာလမ်းဝယ် ဖြောင့်တန်းကြစေရာ

Wednesday, 14 August 2019 13:47 font size decrease font size decrease font size increase font size increase font size

မိုးလယ်သမယဝါခေါင်လတွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိရာ မြန်မာနိုင်ငံ အတွင်း မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းကြသော သံလွင်၊ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း စသည့်မြစ် နှင့်ချောင်းကမ်းနားမြို့ရွာများ၌ ရေကြီးရေလျှံဘေးဒဏ်ကြုံတွေ့ရလျက်ရှိသည်။

မုတ်သုံမိုးသည် မြန်မာနိုင်ငံအောက်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသတို့အတွင်း ထူးထူးခြားခြား ရွာသွန်းလျက်ရှိရာ သြဂုတ် ၁ဝ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဘုရားကိုင်ရပ်ကွက်၌ မြေပြိုမှုကြောင့် အိမ်ထောင်စု ၂ဝ မှ လူဦးရေ ၁၁၁ ဦးနှင့် အသုံးအဆောင်ပစ္စည်းများအား ယာယီကယ်ဆယ်ရေး စခန်းဖွင့်မည့် အောင်မြေသုခ ဘုန်းတော်ကြီးကျောင်းသို့ ၄င်းနေ့မှာပင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ကူညီပြောင်းရွှေ့ပေးကြပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်း ပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သြဂုတ် ၁ဝ ရက်တွင် ရေး-ထားဝယ် သွားကားလမ်း မိုင်တိုင်အမှတ် (၈၅/၇)နှင့်(၈၅/၅)နေရာတို့၌ မြေပြိုကျသဖြင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ရာ သြဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက သွားရောက်၍  ပိတ်ဆို့နေသော မြေသားများအား ရှင်းလင်းဖယ်ရှားပေးကြသည်။ ထို့ပြင် မော်လမြိုင်မြို့ ဈေးကြိုတော်ကူးပရိယတ္တိ စာသင်တိုက်နှင့် ရခိုင်ကုန်းရပ်ကွက်ရှိ နန္ဒဝန်ဥယျာဉ်ကျောင်းတိုက်တို့၌ ခေတ္တပြောင်းရွှေ့နေ ထိုင်လျက်ရှိသော ရေဘေးသင့် ပြည်သူများအား တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ မိသားစုများက သွားရောက်၍ စားသောက်ဖွယ်ရာများနှင့် မိုးကာစများပေးအပ်လှူဒါန်းပြီး တိုင်းစစ်ဌာန ချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစစ် ဆေးကုသခြင်းများဆောင်ရွက်ပေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း မိုးအဆက်မပြတ်ရွာသွန်းပြီး စစ်တောင်းမြစ်ရေနှင့် ရွှေကျင်ချောင်း ရေမြင့်တက်လာ မှုကြောင့် ဆက်လက် နေထိုင်ရန်ခက်ခဲ သည့် ရေဘေးသင့်ပြည်သူများအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် ရွှေကျင်မြို့ ရေဘေးကယ်ဆယ်ရေး ကွပ်ကဲမှုရုံးသို့ ရောက်ရှိလာသော ပဲခူးတိုင်း ဒေသကြီး အစိုးရက လှူဒါန်းသည့် ရေသန့်ဘူး ၁၆၇ဝဝ ကို  ရွှေကျင်မြို့ မြို့တော်ခန်းမသို့ လည်းကောင်း၊ ညောင်လေးပင်မြို့နယ် ရေဘေး ကယ်ဆယ်ရေးကွပ်ကဲမှုရုံး သို့ရောက်ရှိလာသော ပဲခူးတိုင်းဒေသကြီးအ စိုးရက လှူဒါန်းသည့် ဆန်အိတ် ၃ဝ၃ အိတ်နှင့် ရေသန့်ဘူး ၃ဝဝဝ ကို မဒေါက်မြို့ မြို့မ(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အရန်မီးသတ်တပ်ဖွဲ့မှူးရုံးများသို့ လည်းကောင်း ကူညီပြောင်းရွှေ့ပေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၁၁ ရက် နေ့လယ်ပိုင်းတွင် တနင်္သာရီမြို့နယ် မြိတ်-ကော့သောင်းသွား ကားလမ်းပေါ်သို့ ရေကျော်မှုများ ဖြစ်ပေါ်ခဲ့ကာ ကားလမ်းဘေးရှိ အောက်ကင်းကျေးရွာ၊ လယ်တောင်ယာကျေးရွာနှင့် အော်ကြီးကျေးရွာများ အတွင်းသို့ ရေများ ဝင်ရောက်ခဲ့သည်။ အဆိုပါ လမ်းရေကျော်သည့်နေရာများသို့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက သွားရောက်၍ ယာဉ်ကြောရှင်းလင်းပေးခြင်း၊ ဒေသခံပြည်သူများအား ဖိုက်ဘာလှေများဖြင့် ကူညီပြောင်းရွှေ့ပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ထို့ပြင် ရေဝင်ရောက်လျက်ရှိသည့် မြိတ်မြို့ အောင်မင်္ဂလာရပ်ကွက် ပင်းအိုအနောက်ကျေးရွာ ဇဝဲ-တကူ ကားလမ်း၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက် ရေး-ထားဝယ်ကားလမ်း၊ မောင်မယ်ရှောင်ကျေးရွာ၊ ဇဟာကျေးရွာ၊ ဇီးကျကျေးရွာ၊ လောင်းလုံးမြို့နယ် ကြက်လွတ်ကျေးရွာနှင့် ရှင်မော်သွားကားလမ်းတို့၌ နယ်မြေခံ တပ်မတော်သားများက ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေးနှင့် မော်တော်ယာဉ်များ ပုံမှန်သွားလာနိုင်ရေး ယာဉ်ကြောများ ရှင်းလင်းပေးခြင်း၊ မြေသားများအသစ် ဖောက်လုပ်ပေးခြင်းနှင့် ရေဘေးသင့်ပြည်သူများအား ကူညီပြောင်းရွှေ့ပေးခြင်းများဆောင်ရွက်ပေးကြသည်။ အလားတူ ထားဝယ်-မော်လမြိုင် ကားလမ်းမကြီး မိုင်တိုင်(၇၆) အနီးတွင် အလျားပေ ၃ဝဝ နှင့် မိုင်တိုင် (၇၉)အနီးတွင် အလျားပေ ၁၅ဝ ခန့် မြေသားများထပ်မံပြိုကျခဲ့သဖြင့် နယ်မြေခံတပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မြေသားများ ပြန်လည်ရှင်းလင်းပေးခြင်းနှင့် ခရီးသွားပြည်သူများအား မော်တော်ယာဉ်များဖြင့် ထားဝယ်မြို့ဘက်သို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သြဂုတ် ၁၁ ရက် နေ့လယ်ပိုင်းတွင် မော်ချီးအောက်ရွာနှင့် လိုခါးကျေးရွာသွားကားလမ်းဘေးရှိ တောင်မှ မြေသားများပြိုကျ၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ  နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မြေသားများ ဖယ်ရှားရှင်းလင်းခြင်း၊ လမ်းချဲ့ထွင်ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ပေးသဖြင့် မွန်းလွဲ ၂ နာရီတွင် မော်တော်ယာဉ်များ ပုံမှန်သွားလာနိုင်ကြပြီ ဖြစ်သည်။

သို့ဖြစ်၍ ပြည်ထောင်စုကြီး၏ တစ်နံတစ်လျား မိုးရွာသွန်းမှုများပြားစေကာမူ တိုင်းရင်းသားပြည်သူတို့ အန္တရာယ်လျော့ပါးရေးနှင့် လမ်းခရီးသွားလာမှု လွယ်ကူချောမွေ့ရေး တပ်မတော်က ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။  

Read 82 times