SJ WorldNews - шаблон joomla Авто

စာနာမှုဖြင့်ပြုအပ်သော ကိုယ်စီတာဝန်

Thursday, 15 August 2019 10:48 font size decrease font size decrease font size increase font size increase font size

အယ်ဒီတာ့အာဘော်

(၂ဝ၁၉ ခုနှစ်၊ သြဂုတ် ၁၅ ရက်)

မြန်မာနိုင်ငံအတွင်း ၂ဝ၁၉ ခုနှစ် ဇွန် ၂၅ ရက်မှ သြဂုတ် ၁၁ ရက်အထိ ရွာသွန်းသော မုတ်သုံမိုးကြောင့် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် စုစုပေါင်း ရေဘေးရှောင်နေရာ ၁၇ဝ၌ အိမ်ထောင်စု ၁၇၉၆၅ စုမှ လူဦးရေ ၈ဝ၆ဝ၉ ဦး ပြောင်းရွှေ့ နေထိုင်လျက် ရှိကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ သိရသည်။ ရေဘေးရှောင် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများအပြင် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေများ၊ ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့ပေးမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး လျက်ရှိသည်။

ရေဘေးသင့်ဒေသခံ ပြည်သူများအတွက် ကူညီထောက်ပံ့မှုများကို ပြည်သူများကလည်း စာနာထောက်ထားသော အားဖြင့် ဖြည့်ဆည်းပေးနေကြရာ မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဘာဝဘေးသင့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသင်းခွဲများ၊ ကုန်စည်ဒိုင်များနှင့် ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူများက ဆန်အိတ် ၂၂၅ဝ၊ ငွေကျပ်သိန်း ၂ဝဝ နှင့် ဓာတ်မြေသြဇာအိတ် ၃၇ဝ ကို သြဂုတ် ၁၂ ရက်တွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌  ပေးအပ်လှူဒါန်းသည်။ အဆိုပါ အခမ်းအနားသို့   အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယ သမ္မတက အမှာစကား ပြောကြားသည်။

ထို့နောက်  ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည်   ကျိုက်မရောမြို့ ရသေ့ကျောင်းတွင် ယာယီဖွင့်လှစ်ထားသည့်ကယ်ဆယ်ရေးစခန်း၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)နှင့် အခြေခံပညာ မူလတန်းလွန်ကျောင်း တို့တွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းတို့သို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ငွေ၊ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ငါးသေတ္တာဘူးများ ထောက်ပံ့ပေး အပ်သည်။ ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာသို့ သွားရောက်ပြီး စက်ယန္တရားများဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။ စက်ယန္တရားများဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုံရိပ်ဖမ်းစက်ဖြင့် ဆောင်ရွက်ခြင်း၊ မြေပြိုကျမှုဖြစ်ပွားခဲ့သည့် တောင်ပေါ်တွင် ဒရုန်းယာဉ်ဖြင့် ဓာတ်ပုံရိုက်ကူးထားပြီး မြေသားအက်ကြောင်းများ ရှိနေမှုအခြေအနေ၊ မြေပြိုကျသည့်နေရာတွင် ဘူမိဗေဒပညာရှင်များဖြင့် မြေသားနမူနာများ စမ်းသပ်ခြင်း၊ နောင်တွင် ယခုကဲ့သို့ မြေပြိုကျမှု ထပ်မံမဖြစ်ပွားစေရန် ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဌာနဆိုင်ရာ တာဝန်ရှိသူတို့က အသီးသီး တင်ပြကြသည်။ ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ယခုဆောင်ရွက်လျက်ရှိသည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း၊ နောင်ဆက်လက် လုပ်ဆောင်မည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်းကောင်း ဘေးအန္တရာယ် ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ရန် မှာကြားခဲ့သည်။

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာမှ မြေပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်သည့် လူဦးရေအင်အား ၅ဝဝ ကျော်ခန့်သည် စက်ယန္တရားများ၊ မြေသယ်ယာဉ်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံများ၌ ကြုံတွေ့နေကြရသော မိုးခေါင်ခြင်း၊ ရေကြီးရေလျှံခြင်းတို့ လျော့နည်းသက်သာစေရန် ဥတုရာသီတောကိုမှီ၏ ဆိုစကားနှင့်အညီ သစ်ပင်စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဦးစားပေး ဆောင်ရွက်နေကြသည်။ ကူညီ ကယ်ဆယ်ရေး အတွက် ရေတိုလုပ်ငန်း လိုအပ်သကဲ့သို့ ရာသီဥတုမျှတရေးအတွက် ဝိုင်းဝန်းကြိုးစားကြခြင်းဖြင့် ရေရှည်အကျိုးရှိမည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူသားအားလုံးက သိရှိလိုက်နာကြရမည် ဖြစ်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 25 times Last modified on Thursday, 15 August 2019 10:49