SJ WorldNews - шаблон joomla Авто

မိုးကူလေဖျက် ကုန်ဈေးနှုန်း မတက်ရေး ဝိုင်းဝန်းကူညီ

Friday, 16 August 2019 10:07 font size decrease font size decrease font size increase font size increase font size

 

ဝဿနမိုးဥတု၌ ဇလပ်ဝါ၊ ခတ္တာနှင့် တောဒဟတ်ပန်းတို့ ဖူးပွင့်ကြသော ဝါခေါင်လတွင် လေပြင်းက တိုက်မိုးရွာလိုက်နှင့် စိတ်တထင့်ထင့် ပူပင်သောကရောက်ကြရသည့် သတင်းများ ကြားသိနေရသည်။ စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်အတွင်း၌ သြဂုတ် ၁၂ ရက်နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် အင်းတော်မြို့နယ် နတ်မဟုတ် ကလေးကျေးရွာ၊ နတ်မဟုတ်ကြီးကျေးရွာ၊ မန်လည်ကျေးရွာ၊ တုံလုံကျေးရွာ၊ ဖားပန်ကျေးရွာ၊ ကူးကာကျေးရွာနှင့် သူရောင်းကျေးရွာတို့ရှိ နေအိမ် ၂၂ လုံးတို့မှာ အမိုးသွပ်များ ဆုံးရှုံးသွားသည်။ အလားတူ ဗန်းမောက်မြို့နယ် မြို့မရပ်ကွက်ရှိ ချမ်းသာရ ဆုတောင်းပြည့်စေတီတော်၏ ထီးတော်မြေခခဲ့ပြီး အောင်သာကုန်းကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့်အကွာ၌ နဘား-ဗန်းမောက်သွယ်တန်းထားသည့် ၃၃ ကေဗွီဓာတ်အားလိုင်းမှ ဓာတ်တိုင်တစ်တိုင် ကျိုးကျပျက်စီးသွားသည်။ ထို့ပြင်  မြနန္ဒာရပ်ကွက်ရှိ လူနေအိမ်သုံးလုံး၊  လွှစင်ကုန်းရပ်ကွက်ရှိ လူနေအိမ်ခြောက်လုံး၊ မြစ်သေချင်းကျေးရွာရှိ လူနေအိမ် လေးလုံးတို့မှာလည်း အမိုးသွပ်များ ပျက်စီး ဆုံးရှုံးသွားသဖြင့် ကျေးရွာတာဝန်ရှိသူများက လေဘေးသင့်ပြည်သူများအား ယာယီနေရာ ချထားပေးထားကြောင်း သိရသည်။

အထက်အညာအရပ်ဆီ၌ မိုးမပြတ်ရွာသွန်းသကဲ့သို့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသမှ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ အတွင်းမှာလည်း နေ့ညမစဲတဖွဲဖွဲ ရွာသွန်းသောမိုးကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။ မိုးကူလေဖျက်ခြင်းကြောင့် လမ်းခရီး အဆက်အသွယ် ခက်သောကာလများတွင် ရေဘေးသင့်ဒေသများ၌ ကုန်ဈေးနှုန်းတက်သည့် အစဉ်အလာရှိသည့်အတွက် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကိုလည်း ဒေသဆိုင်ရာ အဖွဲ့အစည်းများက အချိန်မီတားဆီးနိုင်ရန် ကြိုးစားနေကြသည်။ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသော မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့အတွင်း ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် သြဂုတ် ၁၂ ရက်တွင် စည်ပင်သာယာရေး ကော်မတီနှင့်တာဝန်ရှိသူများက စားသောက်ကုန် ရောင်းချသည့်ဆိုင်များ၊ ဈေးများသို့ကွင်းဆင်း၍ ညှိနှိုင်းဆွေးနွေးကြသည်။ သက်ဆိုင်ရာ ဈေးများရှိ ဆန်ကုန်သည်များကလည်း ဈေးနှုန်းတည်ငြိမ်စေရန် ယခင်ဈေးနှုန်းအတိုင်း ရောင်းချပေးနေကြောင်းနှင့် မိမိတို့ ရောင်းချမည့် ဈေးနှုန်းကိုပြည်သူများအား ကြေညာပေးထားမည်ဖြစ်ကြောင်း သိရသည်။ မြိတ်မြို့သို့ ဆန်တင်ပို့ ရောင်းချမှုမှာ ဧရာဝတီ တိုင်းဒေသကြီးမှ ရေလမ်းခရီးဖြင့် တိုက်ရိုက်လာသည့်အတွက် အခက်အခဲ မရှိဘဲ နောက်ထပ် လေးလခန့် ရောင်းချပေးနိုင်သည်အထိ လက်ကျန်ရှိနေခြင်းကြောင့် ဆန်ဈေးနှုန်း တည်ငြိမ်မည်ဖြစ်ကြောင်း ဆန်ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ အခြားစားသောက်ကုန်များ ဈေးနှုန်း တည်ငြိမ်ရေးကိုလည်း ဈေးတာဝန်ရှိသူများနှင့် ဈေးရောင်းသူများ ညှိနှိုင်းဆွေးနွေးထားကြပြီးဖြစ်သည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းကြောင့် ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်သွားသည်။ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ရေဘေး သင့်ပြည်သူများ အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင်၊ အလှူရှင်များက ပေးအပ်လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်ရဟတ်ယာဉ်ဖြင့် ကြာအင်းဆိပ်ကြီးမြို့သို့ ပို့ဆောင်၍ သြဂုတ် ၁၃ ရက်မွန်းလွဲပိုင်းတွင် ပေးအပ်လှူဒါန်းရာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။ အဆိုပါအခမ်းအနားတွင် တိုင်းမှူးက ရေဘေးသင့် ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများ အတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ရေဘေးသင့် ပြည်သူများက လက်ခံရယူပြီး ရေဘေးသင့်ပြည်သူများ ကိုယ်စား တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်မုတ်သုံမိုးရွာသွန်းမှုသည် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့အတွင်း အများဆုံး ရွာသွန်းမြဲဖြစ်သဖြင့် မိုးကူလေဖျက် ကုန်ဈေးနှုန်း မတက်စေရန် ဒေသဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်နေကြသကဲ့သို့ စေတနာရှင်ပြည်သူများကလည်း လှူဒါန်းပေးပို့လျက် ရှိကြရာ ဒေသခံများမှ လက်လီ၊ လက်ကား ရောင်းချသူများ အနေဖြင့်လည်း ဝိုင်းဝန်းကူညီကြပါရန် မြဝတီက ပန်ကြားအပ်ပါသည်။ 

Read 14 times Last modified on Friday, 16 August 2019 10:08