SJ WorldNews - шаблон joomla Авто

နှင်းသက်ဆယ်ပြန် ထက်သန်စိတ်ထားပြည့်အင်အား

Monday, 25 September 2017 09:43 font size decrease font size decrease font size increase font size increase font size

တိုင်းရင်းသားလူမျိုး တစ်ရာကျော်တို့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိသော တပ်မတော်တွင် တိုင်းရင်းသားတို့၏ ရင်သွေးများ တာဝန်ထမ်းဆောင်နေကြသည်။

တပ်မတော်သည် ဘိုးဘွားတို့အသက်၊ သွေး၊ ချွေး စတေးပြီးမှရရှိခဲ့သော သမိုင်းအမွေကို တည်တံ့စေရန် ခေတ်အဆက်ဆက်၌ သစ္စာလေးချက် ဦးထိပ်ရွက် ထမ်းဆောင်လျက်ရှိသည်။  တိုင်းရင်းသားပြည်သူ အပေါင်းတို့၏ ဆန္ဒအတိုင်း   ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် လိုအပ်သော အခြေခံအဆောက်အဦများကို   ဆယ်စုနှစ်နှစ်ခုကျော်မျှ တည်ဆောက်ပေးခဲ့သည်။

ယနေ့အချိန်တွင် ပြည်သူတို့ရွေးချယ် လျှောက်လှမ်းနေသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း အမျိုးသားရေး အင်အားစုအဖြစ် ပါဝင်လျှောက်လှမ်းနေသော တပ်မတော်ဖြစ်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့မှတစ်ဆင့် ဘူးသီးတောင်မြို့နယ်  တောင်ဘဇာကျေးရွာသို့  စက်တင်ဘာ ၂ဝ ရက်တွင်ရောက်ရှိစဉ်  နယ်မြေခံတပ်မှ တပ်မတော်သားများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကား ပြောကြားရာ၌ ''တောင်ဘဇာရှိ နယ်မြေခံတပ်အနေဖြင့် မိမိတို့၏တပ်ဌာနချုပ်ကို အင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်လာသော အကြမ်းဖက်သမားများကို ရဲဝံ့စွာ ခုခံကာကွယ် တိုက်ခိုက်နိုင်ခဲ့သည့်အတွက် တပ်ဌာနချုပ်ရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များ၊ ရဲမေများအား မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ အထူးသဖြင့် ရဲမေအမျိုးသမီးများအနေဖြင့် သားသမီးအပေါ်၊ မိသားစုအပေါ် အကာအကွယ်ပေးလိုသည့် မိခင်စိတ်နှင့် မိသားစုအပေါ် ဦးစားပေးတတ်သည့် စိတ်ဆန္ဒအရင်းခံဖြင့် လုပ်ဆောင်ခဲ့မှုကိုလည်း ထပ်လောင်း ချီးကျူးဂုဏ်ပြုကြောင်း၊   ယခုကဲ့သို့ဖြစ်စဉ်မျိုး  ရှမ်းပြည်နယ် (မြောက်ပိုင်း)နယ်မြေများနှင့် လောက်ကိုင်ဒေသ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတို့တွင်လည်း ရှိခဲ့ကြောင်း''ဖြင့် ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း   ယခုကြုံတွေ့နေရသော အန္တရာယ်သည် နေ့ချင်းညချင်း ပေါ်ပေါက်လာသည် မဟုတ်ဘဲ လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှစတင်ခဲ့သော ပြဿနာဖြစ်သည်။ ၁၉၄၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် အလယ်သံကျော် အရေးအခင်းသည် သမိုင်းတွင် အဆိုးဆုံး အခြေအနေဖြစ်သည်။ လွတ်လပ်ရေး မရမီကာလတွင်လည်း မူဂျာဟစ်သောင်းကျန်းသူများကို တပ်မတော်က နှိမ်နင်းတိုက်ထုတ်ခဲ့ရသည်။ ထို့ကြောင့် ဗြိတိသျှတို့က မြန်မာ့တပ်မတော်(ရေ)သို့ လွှဲပြောင်းပေးသော ဖရီးဂိတ်သင်္ဘောကို မေယုဟူသော အမည်ပေးရန် တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရွေးချယ်၍ အမှတ်တရရွေးချယ် ဂုဏ်ပြု ထားသည်။ ယနေ့အချိန်တွင် တပ်မတော်(ရေ) သမိုင်းပြတိုက်အဖြစ် မေယုသင်္ဘောကြီးကို မြင်တွေ့နိုင်ကြသည်။ လွတ်လပ်ရေးရပြီးချိန်တွင် မူဂျာဟစ်သောင်းကျန်းသူများကို ဗမာ့တပ်မတော်တပ်ရင်း(၅)က သွားရောက် နှိမ်နင်းနေစဉ်မှာပင် အင်းစိန်ကို KNDO တို့ သိမ်းပိုက်ထားသဖြင့်  တပ်မတော်က ပြန်လည်သိမ်းပိုက်ရန်   တပ်ရင်း(၅)ကို အင်းစိန်သို့ စစ်မျက်နှာ ရွှေ့ပြောင်းတိုက်ခိုက် သိမ်းယူရကြောင်း မြဝတီရောင် စုံနေ့စဉ် သတင်းစာ၌ အခန်းဆက်ဖော်ပြခဲ့သည့် ''ကျွန်တော်ကျင်လည်ခဲ့ရသည့်ကမ္ဘာနှင့်မြန်မာ'' ကိုယ်တွေ့ဖြစ်ရပ်များ၌ တွေ့ရသည်။

ရခိုင်ပြည်နယ်၌ ၂ဝ၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရာဇဝတ်မှုတစ်ခုမှ စတင်လိုက်ရာ လူအုပ်စုနှစ်ခုသို့ ကူးစက်သွားပြီး ပဋိပက္ခများဖြစ်ကြရသည်။ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ပူးပေါင်းဖြေရှင်းကြသဖြင့် ပြဿနာပြေလည်သွားသည်။ ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့များကလည်း စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြသည်။ အခိုက်အတန့်အားဖြင့် တည်ငြိမ်သယောင်ရှိသည့် တိုင်အောင် ငရုတ်ပင်ကို သကြားရည်လောင်းပေးခြင်းဖြင့် အကြောင်းမထူးနိုင်တော့သည့် အလား ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်လုံခြုံရေး တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းကို အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက တိုက်ခိုက်ကြသည်။ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသော  တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ကို  ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်း၊  ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကျူးလွန်လာကြသည်။

၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ARSA  အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများသည် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲကင်းစခန်း ၃ဝ ကို အင်အားသုံး၍ တစ်ပြိုင်တည်း တိုက်ခိုက်ကြသည်။ ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်မတော် တပ်ရင်းဌာနချုပ်ကိုပါ တစ်ပြိုင်တည်း တိုက်ခိုက်ကြသော်လည်း မအောင်မြင်ဘဲ ပြန်လည်ဆုတ်ခွာသွားရသည်။  သြဂုတ် ၂၅ ရက်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖော်ထုတ်ရရှိသော သတင်းများအရ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား အင်အား ၄ဝဝဝ ကျော်ရှိကြောင်းသိရသည်။ ရခိုင်ပြည်နယ်၌ ရခိုင်တိုင်းရင်းသား မျိုးနွယ်ဝင်များဖြစ်ကြသည့် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြိုနှင့်သက် ဟူသော တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်လျက်ရှိသည့်အပြင် ဟိန္ဒူဘာသာဝင် အနည်းငယ် နေထိုင်လျက်ရှိသည်။

ARSA  အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများသည်   ရခိုင်တိုင်းရင်းသား မျိုးနွယ်ဝင်ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုဝင်များအား ဖမ်းဆီးသတ်ဖြတ်သည့်အပြင် ဟိန္ဒူအမျိုးသမီးငယ် နှစ်ဦးအား ဖမ်းဆီး၍ တစ်ဖက်နိုင်ငံသို့ ခေါ်ဆောင်သွားကြောင်း  ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။  အကြမ်းဖက်သမားများသည်  ဒေသခံတိုင်းရင်းသား မျိုးနွယ်စုဝင်များအား  အန္တရာယ်ပြုရုံမျှမက  အကြမ်းဖက်မှုကို မလိုလား အေးဆေးတည်ငြိမ်စွာ နေလိုသော ဘင်္ဂါလီများကိုပါ ဖမ်းဆီးသတ်ဖြတ်သည့် လုပ်ရပ်များရှိကြောင်း တွေ့ရလေရာ ရွာညီလျှင် ကျားဆိုးမဝင်နိုင်သည့် ထုံးကို ပြည်သူအားလုံးတို့က နှလုံးမူကြရပေမည်။

မည်သို့ဆိုစေ နှင်းသက်ဆယ်ပြန် ထက်သန်စိတ်ထား တပ်မတော်သားတို့သည်  သစ်ယောင်းတစ်ခက် တို့အသက်၊ ဖက်ရွက်တစ်ညှာတို့ ခန္ဓာဟူ၍ စိတ်မှာစွဲမြဲကာ တိုင်းရင်းသားပြည်သူတို့ရှေ့မှ မားမားမတ်မတ် ရပ်တည်လျက်ရှိကြောင်း မြဝတီက ထပ်လောင်း ပြောကြားလိုက်ရပါသည်။  

Read 541 times Last modified on Monday, 25 September 2017 09:45