SJ WorldNews - шаблон joomla Авто

အကောင်းဆုံးရလဒ်ဖြင့် နိုင်ငံဂုဏ်ကိုဆောင်

Monday, 26 August 2019 09:26 font size decrease font size decrease font size increase font size increase font size

အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ်ကကြီးမှူးကျင်းပသည့် 2019 Tokyo Congress နှင့် World Judo Championship ပြိုင်ပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဆောင်သော အားကစားအဖွဲ့သည် သြဂုတ် ၂ဝ ရက် ညပိုင်းတွင် ဂျပန်နိုင်ငံသို့ထွက်ခွာသွားသည်။ World   Judo  Championship ပြိုင်ပွဲကို သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၁ ရက်အထိကျင်းပမည်ဖြစ်ရာ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၁ နိုင်ငံမှ အမျိုးသားအားကစားသမား ၅၃၇ ဦးနှင့် အမျိုးသမီးအားကစားသမား ၃၅၂ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ်မှ ၆၆ ကီလိုတန်းနှင့် ၁ဝဝ ကီလိုတန်းတို့တွင် အမျိုးသားအားကစားသမားနှစ်ဦး၊ ၅၂ ကီလိုတန်းနှင့် ၇၈ ကီလိုတန်းတို့တွင် အမျိုးသမီးအားကစားသမားနှစ်ဦးတို့ ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ကိုယ်ခံပညာတွင်ပါဝင်သော ဂျူဒိုအားကစားနည်းကို တိုက်ခိုက်ရေးအားကစား(Combat Sport) အဖြစ်သတ်မှတ်ထားပြီး အိုလံပစ်အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ထည့်သွင်း ကျင်းပလျက်ရှိသော အားကစားနည်းဖြစ်သည်။ ဂျူဒိုဟူသောဝေါဟာရသည် အင်္ဂလိပ်ဘာသာစကား Gentle Way ဟုအဓိပ္ပာယ်ရသဖြင့် သိမ်မွေ့နူးညံ့သောပညာဟု မြန်မာမှုပြုထားကြပြီး ဂျူရိုရိုကာနိုဆိုသူက ခရစ်နှစ် ၁၈၈၂ ခုနှစ်တွင်စတင်ခဲ့သော အားကစားနည်းဖြစ်ကြောင်း သိရသည်။ ဂျူဒိုအားကစားနည်း၏ ရည်မှန်းချက်သည် ပြိုင်ဘက်ကိုကြမ်းပြင်ပေါ်သို့ လဲကျစေရန် ကြိုးပမ်းခြင်းဖြစ်ပြီး ကိုင်ပေါက်ခြင်းနှင့် ဖမ်းချုပ်ခြင်းနည်းလမ်းတို့ဖြင့် အဓိကယှဉ်ပြိုင်ရသော အားကစားနည်းဖြစ်သည်။ ဂျူဒိုပညာရပ်သည် နာဂီဝါဇဟုခေါ်သော ကိုင်ပေါက်ခြင်း၊ ဆာမီဝါဇဟုခေါ်သော ဖမ်းချုပ်ခြင်း၊ အတီမီဝါဇဟုခေါ်သော တိုက်ခိုက်ခြင်းနည်းစနစ်သုံးမျိုးအပေါ်တွင်အခြေခံထားပြီး အတီမီဝါဇဟုခေါ်သော တိုက်ခိုက်ခြင်းကို အားကစားပြိုင်ပွဲများ၌ အသုံးပြုခွင့်မပေးကြောင်း သိရသည်။ နာဂီဝါဇဟု ခေါ်သော ကိုင်ပေါက်ခြင်းတွင် ရပ်လျက်ကိုင်ပေါက်ခြင်း၊ ခါးစောင်း သို့မဟုတ် တင်ပါးအားဖြင့် ကိုင်ပေါက်ခြင်း၊ ခြေထောက်အားပြုကိုင်ပေါက်ခြင်းတို့ဖြစ်ပြီး နှစ်ဦးသားလုံးထွေး နေကြသော အခြေအနေ တွင်မူ ဘေးတိုက်နည်းစနစ် နှင့်နောက်ပြန်နည်းဟူ၍ရှိသည်။

ဂျူဒိုအားကစားနည်းသည် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂ဝ ရာစုအစောပိုင်းတို့တွင် တိုးတက်လာသော အားကစားနည်းဖြစ်ပြီး ဂျပန်လူမျိုးတို့၏ ရှေးဟောင်းကိုယ်ခံပညာရပ် တာကီနိုအူချီမှတစ်ဆင့် ဂျူဂျစ်ဆု ထိုမှတစ်ဖန် ဂျူဒိုအားကစားနည်းအဖြစ် ဆင်းသက်လာခြင်းဖြစ်သည်။ ခေတ်သစ်ဂျူဒိုပညာရပ်ကို ဒေါက်တာဂျီဂိုရိုဆာနိဆာဆိုသူက ဂျူဂျစ်ဆု အပါအဝင် ရှေးဟောင်းကိုယ်ခံပညာရပ်များအားလေ့လာပြီး အားကစားအသွင်ဆောင်သော တိုက်ခိုက်ရေး ပညာဒိုကန်ဂျူဒိုကို ၁၈၈၂ ခုနှစ်တွင်ဖော်ထုတ်ခဲ့သည်။ ဒေါက်တာဂျီဂိုရိုဆာနိ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ၁၉၆၄ ခုနှစ်ကကျင်းပသော အိုလံပစ်ပြိုင်ပွဲ၌ ဂျူဒိုအားကစားနည်းကို ပထမဆုံးထည့်သွင်း ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံတကာဂျူဒိုပြိုင်ပွဲများတွင်  ပွဲစဉ်သတ်မှတ်ရာ၌   အမျိုးသားများအတွက်  ဝိတ်တန်းခုနစ်တန်း၊ အမျိုးသမီးများအတွက်ဝိတ်တန်း ခုနစ်တန်း အသီးသီးသတ်မှတ်ထားသည်။ ဂျူဒိုအားကစားကွင်းဧရိယာသည် ၁၄ မီတာပတ်လည်ကျယ်ဝန်းသော်လည်း အားကစားသမားများယှဉ်ပြိုင်ရသောဧရိယာမှာ ၈ မီတာမှ ၁ဝ မီတာပတ်လည်အတွင်းသာဖြစ်သည်။ အားကစားသမားနှစ်ဦးသည် ပြိုင်ပွဲမစတင်မီ ၃ စက္ကန့်မှ ၅ စက္ကန့်အတွင်း၌ အသင့်အနေအထားတွင်ရှိရမည်ဖြစ်သည်။ အသင့်အနေအထားတွင် ပြိုင်ဘက်အားကစားသမား နှစ်ဦးတို့သည် အပြန်အလှန်အသိအမှတ်ပြုသောအားဖြင့် ဘယ်လက်ကိုပြိုင်ဘက်၏ အင်္ကျီညာဘက်အပေါ် ဖုံးနေရာ၊ ညာလက်ကိုပြိုင်ဘက်၏ အင်္ကျီဘယ်ဘက်အပေါ် ဖုံးနေရာကို ဆုပ်ကိုင်ထားကြရသည်။ အားကစားသမားနှစ်ဦး ယှဉ်ပြိုင်ရမည့်အချိန်မှာ ပြိုင်ပွဲအမျိုးအစားအလိုက် ၃ မိနစ်မှ ၅ မိနစ်အထိသတ်မှတ်ထားပြီး ပြိုင်ပွဲစည်းကမ်းနှင့်အညီ ယှဉ်ပြိုင်ကြရသည်။

ဂျူဒိုအားကစားနည်းတွင် အနိုင်အရှုံးကို အမှတ်ပေးစနစ်ဖြင့် ဆုံးဖြတ်ရာ၌ ယူကိုးဟုခေါ်သော တစ်ဝက်နီးပါးကောင်း၊ ဝါဇာအိဟုခေါ်သော တစ်ဝက်ကောင်းနှင့် အီပွန်ဟုခေါ်သော တစ်ချက်ကောင်းပွဲသိမ်းအမှတ်တို့ဖြစ်သည်။ တစ်ချက်ကောင်းပွဲသိမ်း အမှတ်ရနိုင်သောအခြေအနေမှာ ပြိုင်ဘက်ကို ကျောဖြင့် ကျအောင်ကိုင်ပေါက်နိုင်ခြင်း၊ ၂၅ စက္ကန့်ကြာအောင် ချုပ်နည်းဖြင့် ထိန်းထားနိုင်ခြင်း၊ တစ်ဝက်ကောင်း (ဝါဇာအိ)နှစ်ကြိမ်ရရှိခြင်းတို့ဖြစ်ကြောင်း သိရသည်။ အနိုင်အရှုံးကိုအဆုံးအဖြတ်ပေးသော နောက်တစ်နည်းမှာ Golden Score Rule ဖြစ်ပြီး ဤနည်းတွင် ယှဉ်ပြိုင်ချိန်သတ်မှတ်မထားဘဲ ပြိုင်ပွဲဝင်နှစ်ဦးအနက် တစ်ဦးက အမှတ်စတင်ရရှိလျှင် ပြိုင်ပွဲရပ်ပြီး ထိုသူကို အနိုင်ပေးခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံ၌ကျင်းပသည့် World Judo Championship ပြိုင်ပွဲကြီးသို့ နိုင်ငံပေါင်း ၁၅၁ နိုင်ငံမှ ဂျူဒိုအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြရာတွင် မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမားများအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ရာ အကောင်းဆုံးရလဒ်ဖြင့် နိုင်ငံဂုဏ်ကို ဆောင်နိုင်ကြမည်ဟု မြဝတီ ကမျှော်လင့်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။   

Read 80 times Last modified on Monday, 26 August 2019 09:26