အာဆီယံ အဖွဲ့ကြီးကို ၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယနေ့ ၂ဝ၁၇ ခုနှစ် သြဂုတ် ၈ ရက်တွင် နှစ်ပေါင်း ၅ဝ ပြည့်သည့် ရွှေရတုသို့ ရောက်ခဲ့ပြီဖြစ်သဖြင့် အဖွဲ့ဝင် ၁ဝ နိုင်ငံတို့၌ ရွှေရတု အထိမ်းအမှတ် အခမ်းအနားများ ကျင်းပဂုဏ်ပြု နေကြသည်။ အာဆီယံ အဖွဲ့ကြီး၏ အခြေခံ မူ(၅)ချက်မှာ စိတ်ဓာတ်ခိုင်မာမှု၊ လိုအင်ဆန္ဒ၊ သတိရှိနေမှု၊ စဉ်းစား ဆင်ခြင်မှု၊ အခိုင်အမာ ရပ်တည်မှုတို့ဖြစ်သည်။ စိတ်ဓာတ်ခိုင်မာမှုသည် လူတစ်ဦးချင်းစီ အတွက်ဖြစ်စေ၊ လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက် ဖြစ်စေ ပဓာနကျသော လိုအပ်ချက် ဖြစ်သည်။ စိတ်ဓာတ်ခိုင်မာမှု ရှိရန်အတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အချင်းချင်း အပြန်အလှန် အလေးထားမှုနှင့် ဒေသတွင်း ပြဿနာများ ပေါ်ပေါက်လာပါက နားလည်မှုဖြင့် ပူးပေါင်း ဆောင်ရွက်သွားရန် ဖြစ်သည်။ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရာတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအချင်းချင်း တန်းတူညီမျှမှုနှင့် လက်တွဲဖော် နိုင်ငံများအဖြစ် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်သွားရန် ဖြစ်သည်။ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု များတွင် အမြဲသတိတရား လက်ကိုင်ထားရမည့် အချက်များမှာ လွတ်လပ်သော ကမ္ဘာတည်ဆောက်ရေး အတွက် ချစ်ကြည်ရင်းနှီးမှုကို အခြေခံသည့် အပြုသဘော ဆောင်သော အယူအဆများဖြင့် ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ လူမှုရေး၊ တရားမျှတမှုနှင့် စီးပွားရေး စသည်တို့တွင် အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်း ဖော်ဆောင်ရေးဖြစ်သည်။ ဤသို့ ဖော်ဆောင်ရာတွင် အိမ်နီးချင်းကောင်း ပီသမှု၊ စာနာ ထောက်ထားမှု၊ အဓိပ္ပာယ်ရှိသော ပူးပေါင်းဆောင်ရွက်မှု တို့ဖြင့် နိုင်ငံများ၏ သမိုင်း အစဉ်အလာနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ ခိုင်မြဲရေး ဝိုင်းဝန်းထိန်း ကြရမည်ဖြစ်သည်။
စဉ်းစားဆင်ခြင်မှုမှာ ဒေသတွင်း နိုင်ငံများ၏ စီးပွားရေးနှင့် လူမှုရေး တည်ငြိမ်မှုတို့အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ စောင့်ထိန်းရမည့် အခြေခံမူများကို ကျေပွန်စွာ လိုက်နာ စောင့်ထိန်းလျက် ငြိမ်းချမ်းရေးနှင့် အမျိုးသား အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဖြည့်ဆည်းပေးကြ ရမည်ဖြစ်သည်။ အခိုင်အမာ ရပ်တည်မှုမှာ အာဆီယံ နိုင်ငံများအတွင်း ကျန်ရှိနေသေးသော နိုင်ငံခြားမှ လာရောက် အခြေစိုက်ထားသည့် စခန်းများကို တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ ဖျက်သိမ်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့ ဆောင်ရွက်ခြင်းဖြင့် အဖွဲ့ဝင် နိုင်ငံများ၏ အမျိုးသား အကျိုးစီးပွား တိုးတက်မှု ခိုင်မာရေးအတွက် ဆောင်ရွက်ရန် ဖြစ်သည်။ အာဆီယံ အဖွဲ့ကြီး၏ မျှော်မှန်းချက်များမှာ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC)၊ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း (APSC)နှင့် အာဆီယံလူမှု ယဉ်ကျေးမှု အသိုက်အဝန်း (ASCC) ထူထောင်ရေးတို့ဖြစ်သည်။ အာဆီယံ စီးပွားရေး အသိုက်အဝန်း အကောင်အထည် ဖော်ရန် အဓိက အချက်များမှာ လွတ်လပ်စွာ ကုန်စည် စီးဆင်းမှု၊ လွတ်လပ်စွာ ဆောင်ရွက်မှု၊ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှု၊ အနှောင်အဖွဲ့ကင်းသော အရင်းအနှီးရှိမှု၊ ကျွမ်းကျင်သော အလုပ်သမားများ လွတ်လပ်စွာ လုပ်ကိုင်နိုင်မှုတို့ ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်မှစ၍ အကောင်အထည် ဖော်လျက်ရှိသည်။ အာဆီယံ ဒေသတွင်း လွတ်လပ်စွာ ကုန်စည် စီးဆင်းမှုအတွက် အာဆီယံ နိုင်ငံအချင်းချင်း လွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA)ကို အကောင်အထည် ဖော်ရာတွင် ကုန်သွယ်မှု အတားအဆီးများ ဖယ်ရှားနိုင်ခဲ့သည့် အတွက် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခဲ့သည်။ ၂ဝ၁၅ ခုနှစ်မှစ၍ ချမှတ်ခဲ့သော တစ်မိုးအောက်မှ တစည်းတလုံးတည်း အာဆီယံ ပွင့်လင်းမှု မူဝါဒကြောင့် ဒေသတွင်း နိုင်ငံအချင်းချင်း ဆက်သွယ်သွားလာမှုနှင့် ကူးသန်းရောင်းဝယ်မှုတို့ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံ လေကြောင်းသွားလာမှု ပိုမိုတိုးတက် လာကြောင်း တွေ့ရသည်။
အာဆီယံ အသင်းကြီးကို မူလစတင် ဖွဲ့စည်းစဉ်က နိုင်ငံငါးနိုင်ငံမှ စတင်ခဲ့ရာ ယနေ့အချိန်တွင် ဒေသတွင်း အဖွဲ့ဝင် ၁ဝ နိုင်ငံဖြင့် ဖွဲ့စည်းနိုင်ခဲ့ပြီး ဆွေးနွေးဖက် နိုင်ငံများပါ တိုးတက် လာသဖြင့် အာဆီယံ+၁ဝ ရှိလာသည့်အတွက် ဒေသတွင်းထက်ပိုသော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း အဖြစ် ရပ်တည်လျက် ရှိနေခြင်းသည် အဖွဲ့ဝင် နိုင်ငံများအတွက် ရေမြင့် ကြာတင့်သည့် အလားအလာ ကောင်းပင်ဖြစ်ရာ ရွှေရတုမှသည် နောင်နှစ်ပေါင်း များစွာတိုင် တစ်မိုးအောက်မှ တစည်းတလုံးတည်း အာဆီယံအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။