SJ WorldNews - шаблон joomla Авто

မီးတိုင်ငယ်သည် သူ့အရွယ်နှင့်အစွယ်နှင့်

Tuesday, 26 September 2017 08:35 font size decrease font size decrease font size increase font size increase font size

 ညမှောင်မှောင် လမှောင်မှောင် ကြယ်ရောင်မလင်းသော ညများတွင် အိမ်တိုင်းအိမ်တိုင်း အလင်းရောင်ရရှိရန် မီးထွန်းကြရသည်။ လျှပ်စစ်မီးရရှိသူက လျှပ်စစ်မီးထွန်းသည်။ လျှပ်စစ်မီး မရရှိသူက ရေနံဆီမီး၊ ဖယောင်းတိုင်မီး စသည်ဖြင့် ထွန်းသည်။ အမှောင်ဖျောက်၍ အလင်းရောင်ရောက်အောင် ဖန်တီးကြရာမှ အန္တရာယ်နှင့် ကြုံကြရသည်။

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ၌ စက်တင်ဘာ ၂ဝ ရက် ညနေ ၅ နာရီ မိနစ် ၅ဝ တွင် နေအိမ်အလှပြင်ဆိုင် အပေါ်ထပ်ရှိ ဧည့်ခန်း အသုံးအဆောင်ပစ္စည်းများ ထားသိုရာ  နေရာ သစ်သားစင်ပေါ်  ဖယောင်းတိုင်မီး ထွန်းထားရာမှ မီးကူးစက် လောင်ကျွမ်းသွားသည်။ မီးလောင်ရာသို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ ဘက်ဟိုးယာဉ် နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် ည ၈ နာရီခွဲတွင် မီးငြိမ်းသွားသည်။မီးကူးစက်လောင်ကျွမ်း မှုကြောင့် ကျေးရွာမှ လူနေအိမ်ရှစ်လုံးနှင့် ဆိုင်ခန်း ၂၂ ခန်းတို့ မီးလောင် ဆုံးရှုံးသွားကြောင်း သိရသည်။ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် နယ်မြေ(၆)ရှိ လူနေအိမ်တစ်အိမ်၌ စက်တင်ဘာ၂၁ ရက် ညသန်းခေါင်ကျော်အချိန်တွင်   မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းပြီး အခြားအိမ်နှစ်အိမ်သို့ပါ ကူးစက်လောင်ကျွမ်း သွားသည်။ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် လူနေအိမ်သုံးလုံးသာ လောင်ကျွမ်းသွားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၈)ရပ်ကွက်ရှိ လူနေအိမ် တစ်အိမ်၌ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဟင်းအိုး တည်ထားသော မီးကြွင်းမီးကျန်မှ စတင်၍ အိမ်မီးလောင် ကျွမ်းသွားပြီး အနီးရှိ လူနေအိမ်တစ်အိမ်ကိုပါ ကူးစက်လောင်ကျွမ်းသွားသည်။ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၁ဝ စီးဖြင့် အချိန်မီ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် အမှတ်(၁၇)ရပ်ကွက် နယ်မြေ(၁ဝ)ရှိ ဆေးလိပ်ခုံလုပ်ငန်း တစ်ခု၌ စက်တင်ဘာ ၁ဝ ရက်က ဆေးရိုးများကို ကျပ်တင်ထားရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းသဖြင့်  မြင်းခြံခရိုင် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ကြသည်။ ည ၁၁ နာရီမှ စလောင်သော မီးသည်  တစ်နာရီမျှသာ လောင်ကျွမ်းသဖြင့် ဆေးသိုလှောင်ရုံ တစ်လုံးသာ ဆုံးရှုံးကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု ဝှေလေလန်ကျေးရွာ မကာဟိုခမ်းရပ်ကွက်ရှိ နေအိမ်တစ်အိမ် အပေါ်ထပ်၌ စက်တင်ဘာ ၄ ရက် ညနေက လျှပ်စစ်မီးအားမြှင့်စက် ဝါယာရှော့ခ်ဖြစ်ပြီး အနီးရှိမွေ့ရာကို မီးကူးစက် လောင်ကျွမ်းသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ကြသည်။ ၎င်းအိမ်တစ်လုံးသာ လောင်ကျွမ်းပြီး အခြားအိမ်များသို့ ကူးစက်မခံရကြောင်း သိရသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ ရပ်ကွက်(၅)ရှိ နေအိမ်တစ်အိမ်မှ ထင်းနှင့်ကောက်ရိုးများ ထားသော သက်ငယ်တဲပေါ်၌ ဆိုလာဘက်ထရီအား သွင်းထားရာမှ စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ဝါယာရှော့ခ်ဖြစ် မီးလောင်သွားသည်။ အခြားနေရာများသို့ ကူးစက်လောင်ကျွမ်းမှုမရှိ၊ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခြင်းကြောင့် မီးငြိမ်းသွားကြောင်း သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၁)ရပ်ကွက် နေအိမ်တစ်အိမ်၌ သြဂုတ် ၃၁ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် လျှပ်စစ် ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းရာ ခရိုင်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ် ကြသဖြင့် နေအိမ်အောက်ထပ်သာ လောင်ကျွမ်းသွားပြီး အခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းမှု မရှိကြောင်း သိရသည်။ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း သံဖြူဇရပ်-ကျိုက္ခမီ ကားလမ်းဘေးရှိ ရော်ဘာသစ်ပါးလွှာ အထပ်သားစက်ရုံဝင်း အတွင်း၌ စက်တင်ဘာ ၂ဝ ရက် ည ၆ နာရီခန့်က  စက်ရုံ၏ အပူပေးဘွိုင်လာအိုး အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားရာ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် စက်ရုံလုပ်သားများက ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် ည ၆ နာရီခွဲတွင် မီးငြိမ်းသွားသည်။ မီးလောင်မှုကြောင့် ဘွိုင်လာဆီအချို့ ဆုံးရှုံးသွားသော်လည်း လူထိခိုက်မှု မရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ရပ်ကွက်(၅) နယ်မြေ(၁၆) ရတနာပုံလမ်းရှိ နေအိမ်တစ်အိမ်၌ စက်တင်ဘာ ၂၂ ရက် ည ၇ နာရီတွင် မော်တော်ဆိုင်ကယ် ဆီဖြည့်စဉ် အနီးရှိပန်းကန်စင်ပေါ် တင်ထားသော ဖယောင်းတိုင် မီးလောင်ရာ ဝိုင်းဝန်းငြှိမ်းသတ်ကြသဖြင့် နေအိမ်တစ်လုံးသာ ဆုံးရှုံးသွားပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှာ လျှပ်စစ်မီးကြောင့် လောင်ကျွမ်းခြင်း၊ မီးကြွင်းမီးကျန်ကြောင့် လောင်ကျွမ်းခြင်း၊အလုပ်ရုံ စက်ရုံ၌ လောင်ကျွမ်းခြင်း၊ လောင်စာဆီကြောင့် လောင်ကျွမ်းခြင်း၊ ဖယောင်းတိုင်မီးကြောင့် လောင်ကျွမ်းခြင်းတို့ ပါဝင်ကြလေရာ မီးအသုံးပြုသူများ အမြဲမပြတ် သတိချပ်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။   

Read 554 times Last modified on Tuesday, 26 September 2017 08:36