ပြည်သူပြည်သား လူအများတို့ ရင်ထုမနာဖြစ်ရသော သတင်းဆိုးမှာ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမား ၃ဝဝ ခန့်သည် သြဂုတ် ၂၅ ရက်တွင် ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁ဝဝ ခန့်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာ၏အနောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအားသတ်ဖြတ်ကာ အမျိုးသမီးရှစ်ဦးကို အစ္စလာမ်ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားကြသည်။၎င်းအမျိုးသမီး ရှစ်ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းရှိ ဟိန္ဒူဘာသာဝင် တစ်ဦး၏ နေအိမ်တွင် နေထိုင်လျက်ရှိသည်ဟု ဆက်သွယ်ပြောကြားကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့သည် စက်တင်ဘာ ၂၄ ရက်တွင် မြေပြင်သတင်းဖော်ထုတ်ရန် ဖြန့်ခွဲရှာဖွေကြစဉ် ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက် မီတာ၁၅ဝဝ ခန့်အကွာ၌ မသင်္ကာဖွယ်မြေ အနေအထားတွေ့ရှိရပြီး အပုပ်နံ့ရရှိသဖြင့် တူးဖော်ရှာဖွေရာ အကျယ်၁၃ ပေပတ်လည် မြေကျင်းနှစ်ကျင်းအား ၁ဝ ပေအကွာအဝေးခြား တွေ့ရှိရသည်။ မြေကျင်းနှစ်ကျင်း အတွင်းမှ တူးဖော်ရရှိသည့် ရုပ်အလောင်းများမှာ ဟိန္ဒူဘာသာဝင် အမျိုးသားရှစ်လောင်း၊ အမျိုးသမီးအလောင်း ၂ဝ စုစုပေါင်း ၂၈ လောင်းဖြစ်ကြောင်း သိရသည်။ တူးဖော်တွေ့ရှိရသော အလောင်းများ၌ အသက် ၁ဝ နှစ်အောက် အမျိုးသားခြောက်ဦး၊ အသက် ၁၆ နှစ်အောက် အမျိုးသားနှစ်ဦး၊ အသက် ၁၆ နှစ်အထက် အမျိုးသမီးရှစ်ဦးတို့ ပါဝင်ကြသည်။ ကျောင်းနေအရွယ် ကလေးငယ်ကို ဘယ်တွက် ရက်စက်လေသနည်း စဉ်းစားဖွယ်တစ်ခု ထပ်တိုးလာသည်။ စက်တင်ဘာ ၂၅ ရက်တွင် ၁၇ လောင်း ထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း ၄၅ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။
ရခိုင်ပြည်နယ် မောင်တောဒေသသည် တစ်ဖက်နိုင်ငံနှင့် နယ်နိမိတ်ဆက်စပ်နေခြင်းကြောင့် မောင်တောဒေသတွင် နေထိုင်ကြသည့် ဘင်္ဂါလီလူမျိုးများသည် တစ်ဖက်နိုင်ငံတွင် နေထိုင်သည့် ဘင်္ဂါလီလူမျိုးများနှင့် ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုရုပ်သွင်ပြင်၊ ဘာသာစကားတို့ တူညီကြသည်။ ဤသို့တူညီသည့် အချက်များကို အခွင့်ကောင်းယူ၍ ရေမြေသယံဇာတ ပိုမိုကြွယ်ဝသည့် ရခိုင်ပြည်နယ်အတွင်းသို့ တစ်ဖက်နိုင်ငံမှ ဘင်္ဂါလီများ တရားမဝင် ထိုးဖောက်ဝင်ရောက်လာပြီး မောင်တောဒေသရှိ ဘင်္ဂါလီ လူမျိုးစုများနှင့် အပြန်အလှန် အိမ်ထောင်ပြုကြရာမှ လူဦးရေရောထွေး နေထိုင်မှုများ ရှိနေကြသည်။ မောင်တောဒေသ၌ တစ်ဖက်နိုင်ငံမှ တရားမဝင် ခိုးဝင်နေထိုင်သူ လူဦးရေ များပြားလာသည့်အတွက် ၁၉၇၈ ခုနှစ်အတွင်းတွင် နယ်မြေဒေသ လုံခြုံရေးနှင့် အမျိုးသားရေး လိုအပ်ချက်အရ နဂါးမင်းစစ်ဆင်ရေး၊ ဟင်္သာစီမံချက်တို့ဖြင့် စိစစ်ဆောင်ရွက်ပြီး လူဦးရေ ၁၈ဝဝဝဝ ကို ပြန်လည် လက်ခံထားသည်။ ထို့ပြင် ၁၉၉၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှစ၍နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ပြန်လည်လက်ခံရေး ဆောင်ရွက်ခဲ့ရာ ၂ဝဝ၅ ခုနှစ် ဇူလိုင်လအထိ လူဦးရေ၂၃ဝဝဝဝ ကျော် လက်ခံဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။ ထိုကာလနောက်ပိုင်းတွင် လက်ခံရေး စခန်းများ ဖွင့်ထားသော်လည်း တရားဝင်ပြန်လည် ဝင်ရောက်လာသူမရှိတော့ဘဲ တရားမဝင် ခိုးဝင်လာသူများ ယနေ့တိုင် ရှိနေဆဲဖြစ်ပြီး ခိုးဝင်လာသူများမှာ နိုင်ငံအတွင်းပိုင်း နေရာများသို့ပါ ရောက်ရှိပျံ့နှံ့ နေထိုင်မှုများ ရှိလာကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပသည့် ၂ဝ၁၁ ခုနှစ် သြဂုတ် ၂၉ ရက်တွင် ထိုအချိန်က ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းချက်အရသိရသည်။
အဆိုပါ အစည်းအဝေးမှ ထပ်မံသိရှိရသည်မှာ ၂ဝဝ၅ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင်ခိုးဝင်လာသူ ၂၅၈ ဦးကို နေရာအနှံ့တွင် စိစစ်ဖော်ထုတ် ဖမ်းဆီးအရေးယူခဲ့သည်။ ထို့ပြင် ဖမ်းမိသော်လည်း အရေးယူမှုမရှိဘဲ လာရာလမ်းအတိုင်း ပြန်လည်စေလွှတ်ပေးခဲ့သည့် ခိုးဝင်လာသူ အရေအတွက်မှာလည်း ရာဂဏန်းအထိရှိသည်။ တရားဝင်လာရောက် နေထိုင်ခွင့်ပြုထားသူများအား စီးပွားရေး၊ လူမှုရေးတို့ကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ရာ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၂၈ ရက်အထိရန်ကုန်မြို့သို့ သွားလာခွင့်ပြုပေးသူ ၃၆ဝ ကျော်ရှိပြီး ပညာသင်ကြားရေးအတွက် တက္ကသိုလ် အသီးသီးသို့ ပညာသင်ကြားရန် ၂ဝ၁၁ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၂၈ ရက်အထိ ၂၃ ဦး ခွင့်ပြုပေးထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဧရိယာထက် နှစ်ဆမျှ ပိုမိုကျယ်ဝန်းပြီး စုစုပေါင်းလူဦးရေသည် ၎င်းတို့၏ သုံးပုံတစ်ပုံမျှသာ နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသည် ရေမြေသယံဇာတ ကြွယ်ဝမှုကြောင့် စီးပွားရေး အခွင့်အလမ်း ပိုမိုကောင်းမွန်သည့်အပြင် ပညာရေးအတွက်ပါ အခက်အခဲ မရှိသောကြောင့် တစ်ဖက်နိုင်ငံမှ ဘင်္ဂါလီများ စိမ့်ဝင်၍ ပြဿနာ ဖန်တီးနေကြသည်မှာ ယနေ့ဆိုလျှင် ပြဿနာကို ကုလသမဂ္ဂအထိ တင်သွင်းနေကြောင်း မြန်မာပြည်သူအပေါင်းတို့ သိကြပြီးဖြစ်သည်။ ဘင်္ဂါလီများ ခိုးဝင်သည့် လမ်းကြောင်းများမှာ ကုန်းမြေချင်း ထိစပ်သောနေရာရှိ လမ်းကြောင်းများ၊ နတ်မြစ်နှင့် ဘင်္ဂလားပင်လယ် ရေလမ်းကြောင်းတို့မှ ဝင်ရောက်လာကြရာ နတ်မြစ်ကြောင်းမှ အများဆုံးတွေ့ရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေကြသော ဘင်္ဂါလီများကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရေးတွင် ၁၉၉၃ ခုနှစ်က နှစ်နိုင်ငံသဘောတူထားသော အချက်များမှာ ပြန်လည်ဝင်ရောက်လာသူသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူဖြစ်ရမည်။ ၎င်းတို့ကိုယ်တိုင် ပြန်လည်ဝင်ရောက် လိုသူများဖြစ်ရမည်။ ကွဲကွာနေသော မိသားစုစာရင်းဝင်များ အတွက် ဘင်္ဂလားဒေ့ရှ် ဗဟိုအဆင့်ရှိသော တရားရုံးမှ ထောက်ခံချက်ပါရှိရမည်။ တစ်ဖက်နိုင်ငံတွင် ထပ်မံမွေးဖွားသော ကလေးသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော မိဘနှစ်ပါးမှ မွေးဖွားသည့်ကလေး ဖြစ်ရမည်ဟူသော အချက်များရှိပြီးဖြစ်သည်။
သို့ဖြစ်၍ လူဟန်ကို တစ်မျိုးပြောင်းပြီး ရိုးချောင်းက လာချင်လာ၊ ပင်လယ်ပြာကို ကူးချင်ကူး၊ ကုန်းလမ်းကလျှောက်ချင်လျှောက် နှစ်နိုင်ငံ သဘောတူညီချက် အတိုင်းသာ မြန်မာနိုင်ငံက လက်ခံမည်ဖြစ်ကြောင်း မြဝတီက ထပ်လောင်းအသိပေး လိုက်ရပါကြောင်း။ ။