မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ကြသည့် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများ ဆုတံဆိပ်ဆွတ်ခူးခဲ့သော အားကစားနည်းများမှာ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေသုံးခု၊ ငွေခြောက်ခု၊ ကြေးလေးခု ၊ ရေကူးပြိုင်ပွဲတွင် ရွှေခုနစ်ခု၊ ငွေခုနစ်ခု၊ ကြေးခြောက်ခု၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ကြေးတစ်ခု၊ ထိုင်လျက်ဘော်လီဘောပြိုင်ပွဲတွင် ရွှေတစ်ခု၊ စစ်တုရင်ပြိုင်ပွဲတွင် ငွေတစ်ခု၊ ကြေးခြောက်ခု၊ အလေးမပြိုင်ပွဲတွင် ငွေတစ်ခု အသီးသီး ရရှိခဲ့ကြသည်။ ပြိုင်ပွဲဝင် အားကစားသမား ၁၉၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုတံဆိပ် အမျိုးအစားအလိုက် ရွှေ ၁၁ ခု၊ ငွေ ၁၅ ခုနှင့် ကြေး ၁၇ ခု စုစုပေါင်း ၄၃ခု ဆွတ်ခူး၍ နိုင်ငံအလိုက် အဆင့်(၆)၌ ရပ်တည်ခဲ့ကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ခုနှစ်)၏ ပုဒ်မ ၃၂(က)တွင် နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည် ဟူ၍ ပြဋ္ဌာန်းထားသည်။ မြန်မာနိုင်ငံသားတို့သည် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူသော ၃၈ ဖြာ မင်္ဂလာ တရားတော်ကို သိရှိလိုက်နာ ကျင့်သုံးကြသူများ၊ ပြည်သူ့နီတိကို စောင့်ထိန်းကြသူများဖြစ်သည့် အားလျော်စွာ အားငယ်သူကို ကူညီ စောင့်ရှောက်တတ်သူများဖြစ်သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သည် ဆိုခဲ့သော လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက် ထောက်ပံ့ရေး၊ လူမှုဝန်ထမ်း သင်တန်းကျောင်းများ ကူညီစောင့်ရှောက် ထောက်ပံ့ရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။
ကာကွယ်ရေး ဝန်ကြီးဌာနကလည်း အလားတူ ကူညီထောက်ပံ့ စောင့်ရှောက်ပေးလျက်ရှိရာ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌတာဝန်ကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်စိုးဝင်းက ထမ်းဆောင်လျက်ရှိသည်။ (၉)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၌ မြန်မာမသန်စွမ်း အားကစားအဖွဲ့များက ပြေးခုန်ပစ်၊ ရေကူး၊ ဘီးတပ်ဘတ်စကက်ဘော၊ မြားပစ်၊ အလေးမ၊ မျက်မမြင်စစ်တုရင်၊ ဘိုစီယာ၊ ဘိုးလင်း၊ ထိုင်လျက်ဘော်လီဘော၊ ခုနစ်ယောက်တစ်ဖက် ဘောလုံး၊ ဂိုးလ်ဘောနှင့် စားပွဲတင်တင်းနစ် အားကစားနည်းတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ မသန်စွမ်း အားကစားသမားများသည် ကမ္ဘာ့ဉာဏ်ရည် မမီသူများ၏ အားကစားပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ကြရာတွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် အစဉ်အလာကောင်းရှိသည်။
မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အရေးကိစ္စကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည့် နည်းတူ မသန်စွမ်းသူများ ကိုယ်တိုင် ပါဝင်ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်းကဲ့သို့ အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ ပညာရေး အဆင့်အတန်း မြှင့်တင်ရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာနှင့် အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရေးကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း ဝင်ဆံ့မှုမြှင့်တင်ရေးကဏ္ဍ၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ရေးကဏ္ဍ၊ လူမှုရေး လိုအပ်ချက်များဖြည့်ဆည်းထောက်ပံ့ရေးကဏ္ဍ ဟူသော ကဏ္ဍကြီး(၆)ရပ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
အားကစားသည် စိတ်အားထက်သန်မှု၊ ကိုယ်ကာယကြံ့ခိုင်မှု၊ လူအများနှင့် ပေါင်းသင်းဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တစ်ဦးကိုတစ်ဦး နားလည်မှုစသည်တို့ကို အကျိုးပြုစေသည့် ကောင်းကျိုးပြုမှုများရှိသဖြင့် လူတိုင်းအားကစား ဝါသနာရှိသင့်သည်။ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် ဆိုခဲ့သော အကျိုးပြုမှုများထက် သာလွန်၍ နိုင်ငံအချင်းချင်း ရင်းနှီးချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုပါ မြှင့်တင်ပေးနိုင်မည့် အားကစားပွဲဖြစ်သည်။
သို့ဖြစ်၍ မသန်သော်ငြား စွမ်းသူများ စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ရေးကို အလေးထား ဆောင်ရွက်နိုင်ရေး ကဏ္ဍကြီး(၆)ရပ်ကို အားပေးမြှင့်တင်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။