SJ WorldNews - шаблон joomla Авто

အနာဂတ် ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ

Friday, 29 September 2017 08:18 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ ခေတ်ပြောင်းစနစ်ပြောင်းချိန် ၂ဝ၁၁ ခုနှစ်မှစ၍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့်တပ်မတော်တို့ လက်တွဲ၍ ခရစ်နှစ် ၂ဝ၃ဝ တွင် ဝင်ငွေ အလယ်အလတ်ရှိသော ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် ရောက်ရှိရန် ရည်မှန်းချက်ကို မမှိတ်မသုန် ဆောင်ရွက်နေကြသည်။

နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုကို လက်ရှိအခြေအနေပေါ် မူတည်တွက်ချက်၍ နှစ်စဉ်တိုးတက်မှု ၇ ရာခိုင်နှုန်းမှ ၉ရာခိုင်နှုန်းအထိ ရှိရန် ရည်မှန်းထားသည်။

ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ပထမဦးဆုံး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်သည် ပုံစံအမျိုးမျိုးဖြင့် လုပ်ကိုင်လည်ပတ်နေကြသော စီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးရေး ဆောင်ရွက်ရမည်ဖြစ်သည်။ စီးပွားရေး လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးရေးအတွက် လျှပ်စစ် သို့မဟုတ် အခြားစွမ်းအင်ရရှိရေး၊ သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ရေးပစ္စည်း၊ ဆက်သွယ်ရေးစနစ်၊ စီးပွားရေးစင်္ကြံနှင့် စီးပွားရေးဇုန်များ တည်ထောင်ရေး စသည်တို့က ဖြည့်ဆည်းပေးရန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အာရှနိုင်ငံများနှင့် တစ်ဆက်တည်းရှိနေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများ၏ ဈေးကွက်သို့ လက်လှမ်းမီနိုင်သည့် မဟာဗျူဟာကျသော နေရာတွင် တည်ရှိသည်ကို အကျိုးရှိအောင် ဆုပ်ကိုင်အသုံးချတတ်ရပေမည်။

ဒုတိယဆောင်ရွက်ရမည့် လုပ်ငန်းစဉ်သည် ရေရှည်ဖွံ့ဖြိုးသော စီးပွားရေးလုပ်ငန်းများ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးဖြစ်အောင် ဆောင်ရွက်ရန် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျော့နည်းရေးနှင့် သယံဇာတအားထားသည့် စီးပွားရေးအခြေအနေမှ လူ့စွမ်းအားအဓိက စီးပွားရေး အခြေအနေဖြစ်အောင် ဖန်တီးရမည်။  လူ့စွမ်းအားအဓိက စီးပွားရေးအခြေအနေ ဖန်တီးရန် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့ကို မြှင့်တင်ရေး၊ ကလေးသေဆုံးမှု လျော့နည်းရေးတို့ကို အလေးထား ဆောင်ရွက်ရမည်။ တစ်ပြိုင်တည်းမှာပင်ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး တို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ၂ဝဝ၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူဦးရေတစ်သိန်းကျော် သေဆုံးသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍ၊ စက်ရုံ၊အလုပ်ရုံနှင့် အခြားစီးပွားရေးကဏ္ဍ၊ လူနေအဆောက်အအုံ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့မှ ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းသည် နိုင်ငံ GDP ၏ ၂၁ ရာခိုင်နှုန်းနှင့် ညီမျှသည်။ အလားတူ ၂ဝ၁၅ ခုနှစ်က ရေကြီးရေလျှံမှုနှင့်မြေပြိုမှုတို့ကြောင့် ဆုံးရှုံးမှု စုစုပေါင်း တန်ဖိုးသည်  နိုင်ငံ GDP ၏ ၃ ဒသမ ၁ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရသည်။ ၂ဝ၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ကြရာတွင် ဆိုခဲ့သော သဘာဝဘေးဒဏ် ခံစားရမှုများက အဟန့်အတားဖြစ်ရသည်။  သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံးမှု အများဆုံးဖြစ်ရသူများမှာ ဆင်းရဲသော ကျေးလက်ဒေသပြည်သူများ၊ စီးပွားရေး လုပ်ငန်းငယ်များ၊ တောင်သူ လယ်သမားများနှင့် သာမန်လူတန်းစားများသာ ဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသော ဒေသမှပြည်သူများ စီးပွားရေး၊ လူမှုရေးတို့ ပုံမှန်အနေအထားရောက်အောင် ဆောင်ရွက်ပေးရာတွင် ငါးနှစ်ကြာသည်အထိ မူလအခြေအနေသို့ ပြန်မရောက်သေးကြောင်း တွေ့ရသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။

သဘာဝဘေးဒဏ် ခံစားရသူများ ဘဝမြှင့်တင်ရေးသည် ပြည်သူအခြေပြု အဖွဲ့အစည်းများ၏ အားကိုရယူ၍ ထိရောက်သော အကူအညီများ ပေးနိုင်မှသာ ၎င်းတို့၏လူမှုရေးနှင့် စီးပွားရေး ပတ်ဝန်းကျင်တို့ကို ယခုအခြေအနေထက် ကောင်းမွန်စေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ အနာဂတ်တွင်ကြုံတွေ့ရနိုင်သော သဘာဝဘေးသည် မြန်မာနိုင်ငံသားတို့ အတွက်သာမကဘဲ အိမ်နီးချင်း နိုင်ငံသားတို့ကိုပါ ထိခိုက်စေမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှတိုက်၏ စီးပွားရေး အချက်အချာကျသော ပထဝီအနေအထားကို ပိုင်ဆိုင်ထားခြင်းကြောင့် မြန်မာနိုင်ငံ၏ ဆုံးရှုံးမှုသည် အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် တောင်အာရှ နိုင်ငံများကို ထိခိုက်စေမည်ဖြစ်ကြောင်း ထောက်ပြထားကြသည်။

မြန်မာနိုင်ငံအတွင်း ယနေ့ရှိနေသော သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းနိုင်ပါက နောင်လာမည့် ဆယ်စုနှစ်များတွင် ဖြစ်ပေါ်လာနိုင်မည့် ရာသီဥတု ပြောင်းလဲမှု အခြေအနေမှာ ၂၁ ရာစု အလယ်ပိုင်းကာလတွင် အပူချိန် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်မှ ၂ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိ တိုးလာနိုင်ပြီး  မြောက်ဘက်ပိုင်းနှင့် အရှေ့ဘက်ပိုင်းရှိ  တောင်ပေါ်ဒေသများ၌ ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်သည်။ မြန်မာပြည်တစ်ပြည်လုံး၌ ၁၉၈၁ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ တစ်လအတွင်း ပျမ်းမျှအပူချိန် မြင့်မားမှု တစ်ရက်သာရှိခဲ့ရာမှ နောင်လာမည့်ဆယ်စုနှစ်များတွင် တစ်လအတွင်း ပျမ်းမျှအပူချိန်မြင့်မားမှု ၄ ရက်မှ ၁၇ ရက်အထိရှိနိုင်သည်။ မိုးရွာသွန်းနိုင်မည့် အခြေအနေမှာ  ကာလဒေသကိုလိုက်၍  အချို့ဒေသများ၌ မုတ်သုံမိုး ပိုမိုရွာသွန်းနိုင်ပြီး အချို့ဒေသများ၌ နေရာကွက်၍ မိုးကြီးနိုင်သကဲ့သို့ မိုးခေါင်သည့် ဒေသများလည်း ရှိမည်ဖြစ်သည်။ မြန်မာ့ပင်လယ်ရေ မျက်နှာပြင်သည် ကမ်းရိုးတန်းဒေသများ၌ စင်တီမီတာ ၂ဝ မှ ၄၁ စင်တီမီတာအထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

သို့ဖြစ်၍ အာရှတိုက်၏ စီးပွားရေးဗဟိုအချက်အချာ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် ရေမြေတောတောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ပြည်သူအခြေပြု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးသည် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရှိရန်လိုအပ်ကြောင်း မြဝတီက ထပ်လောင်းနှိုးဆော် လိုက်ရပါသည်။ 

Read 516 times Last modified on Friday, 29 September 2017 08:20