SJ WorldNews - шаблон joomla Авто

နီညို ဖြူဖွေး ပဲပြား လေးသည် ဘေးဖြစ်စေ နိုင်၏

Saturday, 30 September 2017 06:57 font size decrease font size decrease font size increase font size increase font size

လွန်ခဲ့သော ဆယ်စုနှစ်များဆီက ရန်ကုန်မြို့တွင်း မြို့ပြင်များသို့ လှည့်လည် ရောင်းချသော အညာဈေးသည်များကို တွေ့ရသည်။ မိုးနည်းရေရှား ဒေသမှ စိုက်ပျိုးရေးလုပ်ငန်း တစ်ခုတည်းဖြင့် စားဝတ်နေရေး မလုံလောက်သူများ ရန်ကုန်မြို့ကြီးသို့တက်၍ ဈေးကွက်စီးပွားရေးစနစ်၏ ရှေ့ပြေး ဖော်ဆောင်သူ များဟု ဆိုနိုင်လေသည်။ ဈေးတောင်း ခေါင်းပေါ်ရွက်လာသူ၊ ဝါးနှင့်ရက်ထားသော တောင်းနှစ်လုံးကို ပခုံးထက်မှာ ထမ်းပိုးသုံး၍ ပခုံးလည်းမာ၊ ခါးလည်း နာအောင် တစ်ရွာဝင်ထွက် နေ့စဉ်ရက်ဆက် ရောင်းကြသည်။ ရောင်းချသည့် ပစ္စည်းမှာ အညာဒေသထွက် စားသောက်ကုန်ဖြစ်သဖြင့် ''ပုန်းရည်ကြီး၊ ဆီးယို၊ ပဲလှော်၊ နှမ်းဖတ်ချဉ်၊ ပေါက်ပေါက်ဆုပ်''ဟူသော အသံကို ဌာန်ကရိုဏ်းကျကျ သံပြိုင်ဟစ်ကြသည်မှာ တစ်မျိုးနားထောင် ကောင်းနေသည်။ ပဲလှော်တောင်းအလယ်၌ မီးသွေးမီးခဲရဲရဲ ကလေးများကို မြေအိုးအတွင်း ထည့်ထားသော အရှိန်ကြောင့် ပူပူနွေးနွေး ပဲလှော်ကလေးများက ကြွပ်ကြွပ်ရွရွ ရှိကြသည်။

အညာဈေးသည်များနည်းတူ ရပ်ကွက်အတွင်း ပဲပင်ပေါက်၊ ပဲပြားနှင့် ဟင်းရွက်စုံ ရောင်းချကြသော ဈေးသည်များကို လည်း နေ့စဉ်တွေ့မြင်ရသည်။ သာမန်ဝင်ငွေ နည်းပြည်သူများ နေထိုင်ကြသည့် ရပ်ကွက်များတွင် ဤသို့ဈေးသည် ဈေးဝယ်များ စည်ကားရာတွင် လဲသည်ဟု အရပ်ထဲက ခေါ်ကြသော အသုံးအဆောင် ပစ္စည်းအဟောင်း၊ ပလတ်စတစ်၊ သံတိုသံစနှင့် သတ္တုပစ္စည်းမျိုးစုံတို့ကို ကလေးကစားစရာအရုပ် သို့မဟုတ် စားစရာနှင့် လဲလှယ်သူများ ပါဝင်သည်။ သူ့ခေတ်သူ့အခါ သူ့နေရာနှင့်သူ အပေးအယူ တည့်နေကြသည်။

လဲသည်တို့သည် ပစ္စည်းအဟောင်းများကို ကုန်ကြမ်းအဖြစ် အသုံးပြု၍ ပစ္စည်းအသစ် ပြန်လည်ထုတ်လုပ် ကြသူများ ဖြစ်သဖြင့် ယနေ့ခေတ်ပြောနေကြသော Recycle ရှေ့ပြေးများဟု ဆိုနိုင်သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံတော် အစိုးရက ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ် (၅) ရပ်ချမှတ်၍ ရာ သီမရွေး စိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေရရှိရေး အတွက် ဆည်မြောင်း တာတမံများ တည်ဆောက်ပေးခြင်း၊ ချောင်းပိတ်မြောင်းပိတ် လုပ်ငန်းများ၊ မြေအောက်ရေ ရရှိရေးလုပ်ငန်းများ၊ မြစ်ရေတင် စီမံကိန်းများ တည်ဆောက်ပေးခြင်းတို့ကြောင့် အညာအရပ် မိုးနည်းရေရှားဒေသမှ ဈေးသည်များကို တွေ့ရနည်း သွားသည်။ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေးနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးခြင်း တို့ကြောင့် ပြည်သူများ ဝင်ငွေမြင့်မားလာကြသည်။ ကျေးလက်မှ ရန်ကုန်မြို့ကြီးသို့ ရောက်လာကြသူများမှာ ယခင်ကလို ပခုံးလည်းမာ၊ ခါးလည်းနာအောင် လှည့်လည်ရောင်းချရသော ဈေးသည်ဘဝ မဟုတ်တော့ဘဲစက်ရုံ၊ အလုပ်ရုံ လုပ်သားအဖြစ် တွေ့ရတော့သည်။ ရန်ကုန်မြို့ကိုလည်း မြို့ကွက်တိုးချဲ့လိုက်ပြီး မြို့နယ်အလိုက် ဈေးများဖွင့်ပေး ထားသည်။ ရပ်ကွက်များအတွင်း ယခင်ကလို အညာဈေးသည်များ မလာကြတော့သော်ငြား ပဲပင်ပေါက်၊ ပဲပြားနှင့် ဟင်းရွက်စုံ ဈေးသည်များအတွက် ဈေးကွက် မပျောက်သေးဘဲ ဆက်လက်ရောင်းဝယ် နေကြဆဲ တွေ့ရသည်။ ကမ္ဘာ့ ပဲဈေးကွက်သို့ တင်ပို့နိုင်ငံများတွင် ဖိလစ်ပိုင်ပြီးလျှင် မြန်မာနိုင်ငံက ဒုတိယ အများဆုံး ဖြစ်ကြောင်း သိရသည်။ မြန်မာ နိုင်ငံကထွက်သော ပဲမျိုးစုံကို ပြည်ပပို့ကုန်အဖြစ် တင်ပို့သကဲ့သို့ ပြည်တွင်းစားသုံးမှုမှာလည်း ပဲဈေးကွက်က တွင်ကျယ်ဆဲရှိသည်။ မြန်မာတို့ ထမင်းဝိုင်းတွင် ပဲဟင်းတစ်မျိုးပါကြသည်။ ပဲပြုတ်ဆီဆမ်း လက်ဖက်ရည်ကြမ်းနှင့် အဆာ ပြေစားကြသည်။ ပဲမှုန့်နှင့်ပြုလုပ်သော မုန့်အမျိုးမျိုးကိုလည်း နှစ်သက်ကြသည်။

ယခုအချိန်တွင် လုပ်ငန်းရှင်များက ပဲမှုန့်နှင့် ပြုလုပ်သောပဲပြား ကြာရှည်ခံစေရန် ဖော်မလင် ဆေးအသုံးပြုထား ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက စစ်ဆေးတွေ့ရှိသည့် သတင်းများတွေ့ရသဖြင့် ပြည်သူများ ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ဖြစ်လာသည်။ ယခင်က ချက်နို့ဆီများတွင် ဖော်မလင်ဆေး အသုံး ပြုကြောင်း ကြားခဲ့ဖူးပြီးနောက် မုန့်ဟင်းခါးဖတ်များတွင် သုံးကြောင်းသိရသည်။ ယခုတစ်ဖန် ပဲပြားနှင့်ပဲသွေးတို့ ထုတ်လုပ်ရောင်းချသူများက ဖော်မလင်ဆေး သုံးကြပြန်သည်။ ပဲပြားနှင့်ပဲသွေးသည် ဆင်းရဲသားတို့ ဟင်းလျာအဖြစ် စားသုံးကြသည်။ ငွေကြေး တတ်နိုင်သူများ စားသုံးကြသည့် ၁၂ မျိုးဟင်းချို၊ ကြေးအိုးစသည်တို့တွင်လည်း ပဲပြားပါဝင် ကြသည်။ ကျန်းမာရေး အခြေအနေအရသော် လည်းကောင်း၊ အခြားရည်ရွယ်ချက် တစ်ခုကြောင့်သော် လည်းကောင်း ပဲပြားကို လူတန်းစားမရွေး စားသုံးကြသည်။ ရဟန်းသံဃာတို့အား ဆွမ်းဒါနပြုရာတွင်လည်း ပဲပြားနှင့်ပဲသွေးတို့ ပါဝင် ကြသည်။ အုန်းနို့ခေါက်ဆွဲဆိုင်များတွင် အုန်းနို့ရနံ့မွှေးမွှေးနှင့် ပဲသွေးထည့်စားရသည်ကို နှစ်သက်ကြသည်။

သို့ဖြစ်၍ ဈေးရောင်းခြင်းသည် သမ္မာအာဇီဝ လုပ်ငန်းဖြစ်သဖြင့် စားသုံးသူများ အန္တရာယ် ကင်းဝေးစေရန် စေတနာ ထားကြသော် နတ်လူသာဓုခေါ်သော လုပ်ငန်းအဖြစ် ယခုဘဝရော နောင်ဘဝမှာပါ ကောင်းကျိုးသုခ ရရှိနိုင်ကြောင်း မြဝတီက စေတနာကောင်းဖြင့် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 577 times Last modified on Saturday, 30 September 2017 06:59