SJ WorldNews - шаблон joomla Авто

မှန်ကန်ဖြောင့်မတ်သည့် စကားတည်းဟူသော အရသာ

Monday, 02 October 2017 08:28 font size decrease font size decrease font size increase font size increase font size

အခါတစ်ပါး၌ ဂေါတမမြတ်စွာဘုရား သီတင်းသုံးရာဌာနသို့ အာဠာဝက ဘီလူးရောက်လာပြီး ပုစ္ဆာ(၄)ရပ်ကိုမေးမြန်းသည်။ 

အာဠာဝကဘီလူး၏ အမေးပုစ္ဆာမှာ လောက၌ ယောက်ျား၊ မိန်းမဟူသမျှတို့၏ မြတ်လှဥစ္စာ ရတနာကား အဘယ်နည်း၊ လေ့ကျက်ခြင်း အရာတွင် အဘယ်မည်သော အလေ့အကျက်သည် ချမ်းသာဆောင်သနည်း၊ အရသာတို့တွင် အလွန်ကောင်းသော အရသာကား အဘယ်နည်း၊ အသက်မွေးခြင်းတို့တွင် အဘယ်အသက်မွေးခြင်းကို မြတ်သည်ဟု ဆိုအံ့နည်းဟူသော မေးခွန်းများဖြစ်သည်။

ဂေါတမမြတ်စွာဘုရားက အာဠာဝက လောက၌ ယောက်ျား၊ မိန်းမဟူသမျှတို့၏ မြတ်လှဥစ္စာကား ရတနာသုံးပါးကို ကြည်ညိုခြင်းတည်း၊ လေ့ကျက်ခြင်းအရာတွင် ကုသိုလ်ကမ္မပထတရား ဆယ်ပါးတည်းဟူသော အလေ့အကျက်သည် ချမ်းသာကိုဆောင်၏။ အရသာတို့တွင် မှန်ကန်ဖြောင့်မတ်သည့် စကားတည်းဟူသော အရသာသည် အကောင်းဆုံး အရသာတည်း။ အသက်မွေးခြင်းတို့တွင် ပညာဖြင့်အသက်မွေးခြင်းသည် အမြတ်ဆုံးတည်းဟူ၍ ဟောမြွက်တော်မူသည်။

လူတို့လောကတွင် ရေသဖန်းသီးနှင့်တူသော နှလုံးသား ပိုင်ရှင်တွေများလှသည်။ ရေသဖန်းသီးမှည့်တို့သည် အပြင်ကကြည့်သောအခါ နီမြန်း၍ နှစ်လိုဖွယ်ကောင်းသည်။ အထဲသို့ခွဲကြည့်သော အခါတွင်ကား ပိုးကောင်တို့ဖြင့် ပြည့်နေကြကုန်သည်။ လူတို့သဘာဝမှာလည်း ထိုနည်းအတိုင်းပင် မြင်လျက်မမြင်ဟန်၊ သိလျက်မသိ ဟန်ဆောင်ကြသည်။ မမြင်ဟန် မသိဟန်ပြု၍ တိုးတိုးတိတ်တိတ်နေလျှင် တော်ပေသေးသည်။ အဖြစ်မှန်ကို ဖုံးကွယ်၍ ပြောင်းပြန်ပြောကြသည်မှာ ဂုဏ်သိက္ခာမဲ့သော ပြောဆိုမှုဖြစ်သည်။  မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်း ၃ဝ နှင့် တပ်မတော် တပ်ရင်းဌာနချုပ်တစ်ခုတို့ကို ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများက သြဂုတ် ၂၅ ရက်တွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်သည့်ဖြစ်စဉ်နှင့် ဟိန္ဒူလူမျိုးများအား ကလေးသူငယ်များ အပါအဝင် ရက်စက်သော သတ်ဖြတ်မှုဖြစ်စဉ်များ ကျူးလွန်ကြသည်။

ဖြစ်ရပ်မှန်ဖြစ်စဉ် သတင်းများကို မြန်မာမီဒီယာများက ထုတ်ပြန်ကြေညာပြီး ဖြစ်သည့်တိုင်အောင် တစ်ဖက်နိုင်ငံ အစိုးရတာဝန်ရှိသူတို့က မမှန်သောစကားကို ပြောကြသည်။ အခြေအမြစ်မရှိ၊ အထောက်အထားမဲ့သော စွပ်စွဲချက်များဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများ လူမျိုးတုံး သတ်ဖြတ်ခံနေရသည်ဟု ဆိုကြသည်။ မြန်မာ

နိုင်ငံမှ ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ မောင်းထုတ်နေခြင်းကို ရပ်တန့်စေရန် မြန်မာနိုင်ငံအပေါ် ဖိအားပေးရန် နိုင်ငံတကာသို့ တိုက်တွန်းသူက တိုက်တွန်းသည်။ မြန်မာနိုင်ငံဘက်မှ လာရောက်ခိုလှုံကြသော ဘင်္ဂါလီများကို  ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းရှိဘင်္ဂါလီများနှင့် အုတ်ရောရောကျောက်ရောရော မဖြစ်စေလိုကြောင်းနှင့် ဒုက္ခသည်အဖြစ်လည်း အသိအမှတ် မပြုနိုင်ကြောင်း ပြောသူကပြောသည်။

အိမ်၌ဖျက်ဆီးသူသည် ကြွက်၊ တော၌ဖျက်ဆီးသူသည် မျောက်၊ ငှက်မျိုးထဲ၌ ဖျက်ဆီးသူသည် ကျီး၊ လူတန်းစားအမျိုးမျိုးထဲ၌ ဖျက်ဆီးသူသည်  လိမ်လည်လှည့်စား မာယာများသူ ဆိုထားကြသည့် အဖျက်မျိုးတို့၏ သဘောကိုသိကြသော နိုင်ငံတကာ အသိုင်းအဝိုင်းက (၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာနိုင်ငံအစိုးရ၏ တရားနည်းလမ်းတကျ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အကြမ်းဖက်သမားတို့၏ မာယာထောင်ချောက်အတွင်း မကျရောက်ကြစေရန် သတိပေးစကား ပြောကြားကြသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် အပြုသဘောဆောင်ပြီး နှစ်ဦးနှစ်ဖက် မနစ်နာစေရန် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ဤသို့မဟုတ်ဘဲ ကုလသမဂ္ဂ၏ အကူအညီရယူ၍ မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်ခြင်း သို့မဟုတ် ARSA အဖွဲ့က တည်ထောင်ထားသော ကွန်ရက်များနှင့် ၎င်းတို့အား ထောက်ပံ့နေသူတို့ တည်ထောင်ထားသော ကွန်ရက်များမှ တစ်ဆင့် ဝါဒဖြန့်ချိ၍ ဖိအားပေးရန်ကြိုးစားပါက သူများမကောင်းကြံ မိမိသာလျှင် ဘေးဒဏ်ခံစားရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ချက်ကို အစဉ်တစိုက်ကျင့်သုံးသော နိုင်ငံဖြစ်ပြီး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ရန် အလေးအနက်ထားသည်ကို ဒေသတွင်းနိုင်ငံများနှင့် အကောင်းမြင်အပြုသဘော ထားရှိသော ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုကြောင်း ဝမ်းမြောက်ဖွယ်တွေ့ရသည်။ သို့တစေ ကျားကျားမီးယပ် သဘောထားရှိကြသည့် နိုင်ငံအချို့ကိုလည်း တွေ့ရသည်။ ဒီမိုကရေစီသည် လည်းကောင်း၊ လူ့အခွင့်အရေးသည် လည်းကောင်း လိုတစ်မျိုး၊ မလိုတစ်မျိုးသဘောဖြင့် စံနှစ်မျိုးထားကြခြင်းသည် သိက္ခာမဲ့သူတို့သာ ကျင့်သုံးသောမူဖြစ်သည်။

သို့ဖြစ်၍ ဂေါတမမြတ်စွာဘုရား မိန့်ကြားတော်မူသည့်အတိုင်း မှန်ကန်ဖြောင့်မတ်သည့် စကားတည်းဟူသော အရသာသည် လူ့လောကအတွက် အချိုမြိန်ဆုံးဖြစ်ကြောင်း သူတော်ကောင်းတရားကို နှလုံးသွင်းကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။  

Read 582 times Last modified on Monday, 02 October 2017 08:29