SJ WorldNews - шаблон joomla Авто

ရှုတိုင်းလေ ရောင်စုံပန်းတွေက လန်းလို့သာဝေ

Tuesday, 03 October 2017 09:14 font size decrease font size decrease font size increase font size increase font size

ပင်လယ်ပြာပြာရေလှိုင်းဖွေးဖွေးမှ ငေးမျှော်ကြည့်လျှင် ရေးရေးသာမြင်ရသော စိမ်းစိုလန်းဆန်းနေသည့် ကျွန်းကလေးများ တည်နေရာ တနင်္သာရီကမ်းရိုးတန်းဒေသ မြိတ်ကျွန်းစု၌ ကျွန်းပေါင်း ၈ဝဝ ရှိသည်။

ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသော မြိတ်ကျွန်းစုသို့ ယခုနှစ်ပွင့်လင်းရာသီတွင် ဧည့်သည်လာရောက် လည်ပတ်မှု ပိုမိုများပြားစေရန် ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနက စီစဉ်နေ ကြောင်း သတင်းကောင်း ကြားရသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကဏ္ဍတို့ လက်တွဲဆောင်ရွက်နေကြသည့်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်နိုင်ရန် ကြိုးပမ်းနေကြသည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ စက်တင်ဘာ ၂၁ ရက်က ကျင်းပသော JATA Tourism Expo Japan 2017 ဖွင့်ပွဲအခမ်းအနား၊ ဝန်ကြီးများအဆင့် စကားဝိုင်း ဆွေးနွေးပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်း ဖိုရမ်သို့ တက်ရောက်သည်။

အဆိုပါဆွေးနွေးပွဲနှင့် ဖိုရမ်ကို ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး Theme ဖြင့်ကျင်းပပြီး ရေရှည်တည်တံ့ခိုင်မြဲရေး မဏ္ဍိုင်(၅)ရပ်အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ရေရှည်တည်တံ့ခိုင်မြဲ ရေးမဏ္ဍိုင်(၅)ရပ်မှာ အားလုံးပါဝင်နိုင်ပြီး တိုးတက်မှုကို ဖြစ်ထွန်းသည့် စီးပွားရေး၊ ဒေသခံများအား လုပ်ပိုင်ခွင့်ပေးမှုနှင့် ပိုမိုကောင်းမွန်သော အလုပ်အကိုင်များ ဖြစ်ထွန်းစေသည့် လူမှုရေး၊ ရာသီဥတု ပြောင်းလဲဖြစ်ပေါ်မှု ဖြေရှင်းခြင်းနှင့် ကြွယ်ဝလာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဆင်ယင်ကျင်းပခြင်းတို့ ဆောင်ရွက်ရမည့် ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုနှင့် လုပ်ငန်းစဉ်များ တိုးတက်စေရန် မရှိမဖြစ် လိုအပ်သော ငြိမ်းချမ်းရေး တို့တွင် ခရီးသွားလုပ်ငန်း၏ ပါဝင်အကျိုးပြုမှုတို့နှင့် စပ်လျဉ်း၍ နိုင်ငံအလိုက် အတွေ့အကြုံများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ JATA Tourism Expo Japan 2017 သို့ နိုင်ငံပေါင်း ၁၃ဝ မှ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁၃ဝဝ တို့က ပြခန်းများ ပါဝင်ပြသကြရာ မြန်မာနိုင်ငံက စက်တင်ဘာ ၂၅ ရက် ညနေပိုင်းတွင် Mystical Myanmar ဓာတ်ပုံပြပွဲပြသခဲ့သည်။ ပြပွဲ၌ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုဒေသများ အပါအဝင် မြန်မာနိုင်ငံရှိ ခရီးသွား ဧည့်သည်များအား ဆွဲဆောင်မှုရှိသည့် နေရာဒေသများ၏ ရှုခင်းနှင့် အလှဓာတ်ပုံများကို ခင်းကျင်းပြသကြောင်း သိရသည်။

ကယားပြည်နယ်သို့ ၂ဝ၁၆ ခုနှစ်က လာရောက် လည်ပတ်ကြသော ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များသည် ကယန်း(ပဒေါင်)လူမျိုးတို့၏ လူမှုဘဝနေထိုင်ပုံ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ရိုးရာအစားအစာနှင့် ဓလေ့ထုံးစံတို့ကို  စိတ်ဝင်စားကြရာ အထူးသဖြင့် ပဒေါင်လူမျိုးတို့၏ ဓလေ့ထုံးတမ်း စဉ်လာအရ လည်ပင်းတွင် ကြေးကွင်းများ ဆင်ယင်ခြင်းကို ပိုမိုစိတ်ဝင်စားကြသည်။ လွိုင်ကော်မြို့နယ်မှ မိုင် ၃ဝ ခန့်ဝေးသော ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာ၌ ပဒေါင်လူမျိုးများ နေထိုင်ကြရာ ပန်ပက်ကျေးရွာသို့ ခရီးသွားများလာရောက် ကြပြီး ပဒေါင်လူမျိုးတို့၏ ရိုးရာဝတ်စုံများ ဝတ်ဆင်၍ အမှတ်တရ ဓာတ်ပုံရိုက်ကြသည့်အပြင် ရိုးရာဝတ်စုံ ဝယ်ယူသွားသူများလည်းရှိသည်။ ပဒေါင်လူမျိုးတို့၏ ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး မှတ်တမ်းဓာတ်ပုံ ရိုက်ယူသွားကြသည်။ ဒီးမော့ဆိုမြို့နယ်အတွင်း နေထိုင်ကြသော ကယား တိုင်းရင်းသားတို့၏ ရိုးရာဝတ်စား ဆင်ယင်မှုကိုလည်း မှတ်တမ်းဓာတ်ပုံ ရိုက်ယူသွားကြသည်။ ဒီးမော့ဆိုမြို့နယ်မှ အပြန်တွင် ငွေတောင်ဆည်၊ ထီးပွင့်ကန်နှင့် ကန်ခုနစ်ဆင့်တို့၏ သဘာဝရှုခင်းများကို လှည့်လည်ကြည့်ရှု အပန်းဖြေကြသည့်သတင်းများ တွေ့ရသကဲ့သို့ ယခုပြပွဲတွင် ကယားပြည်နယ်၏ သဘာဝရှုခင်းများ၊ ကယားတိုင်းရင်းသားများနှင့် ပဒေါင်လူမျိုးတို့၏ ယဉ်ကျေးမှုမှတ်တမ်း ဓာတ်ပုံများ တွေ့ရပေလိမ့်မည်။

အာရှ-ပစိဖိတ်ဒေသအတွင်း ခရီးသွားလာရေး နှစ်ပတ်လည်ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံက   "2017 Destination of the Year" ဆုရရှိသွားကြောင်း ဂျကာတာမှ ပေးပို့သော ဆင်ဟွာသတင်းအရ သိရသည်။ လွန်ခဲ့သောနှစ်များက ကျင်းပသည့် အရှေ့တောင် အာရှနိုင်ငံများ၏ ခရီးသွားပြိုင်ပွဲများ၌ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့က ဆုရရှိခဲ့ကြသော်လည်း ယခုနှစ် ပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံက ခရီးသွားလုပ်ငန်း အကောင်းဆုံးဆုအပြင် အကောင်းဆုံးခရီးသွား အေဂျင်စီဆုနှင့် တည်းခိုနေထိုင်ရန် အကောင်းဆုံးဆုကို ဂျကာတာမြို့ရှိ ဟိုတယ်နှစ်ခုတို့က ဆွတ်ခူးရရှိသည်။

 လွန်ခဲ့သောနှစ်က အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့်ခရီးသွား ဧည့်သည် ၁၂ သန်းရှိပြီး ယခုနှစ်တွင် ပိုမိုလာရောက်ရန် မျှော်မှန်းထားသည်။ မျှော်မှန်းချက် ပေါက်မြောက်စေရန် သမ္မတဂျိုကိုဝီဒိုဒို ဦးဆောင်သော အစိုးရအဖွဲ့မှ ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်သော ဝန်ကြီးဌာနများနှင့် ခရီးသွားအေဂျင်စီ များပူးပေါင်း၍ ဖော်ဆောင်နေကြရာ ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်မှုရှိသော ဘာလီကျွန်းနှင့် အဆင့်တူရှိသည့် နေရာ ၁ဝ နေရာ ထပ်မံတိုးချဲ့ထားသည်။ ဤသို့ကြိုးပမ်းမှုများသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ စားအုန်းဆီနှင့် ကျောက်မီးသွေးလုပ်ငန်းတို့မှ ရရှိသော ဝင်ငွေအပေါ် မှီခိုနေရသော အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးကို ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းက ဦးဆောင်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ကြရာ ကယားပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီးတို့၌ လွန်ခဲ့သောနှစ်က အောင်မြင်သည့် အခြေအနေများ ရှိကြလေရာ သဘာဝအခြေခံ ခရီးသွားများ အတွက် ၎င်းလုပ်ငန်းများကို မြိတ်ကျွန်းစုဒေသနှင့် တစ်ပြိုင်တည်း တိုးတက်အောင် ဆောင်ရွက်သင့်ကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 489 times Last modified on Tuesday, 03 October 2017 09:15