SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မိုးရေကျကြမ်းလျှင် နွမ်းရမှာစိုးမိသည်

Wednesday, 04 October 2017 09:31 font size decrease font size decrease font size increase font size increase font size

အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှ ဆုတ်ခွာမည့်ကာလကို

မိုးလေဝသပညာရှင်များက ထုတ်ပြန်ကြေညာထားရာ စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းမှ စတင်ဆုတ်ခွာမည်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်မှ ၂၆ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းမှ ဆုတ်ခွာ၍ စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသမှလည်းကောင်း၊ အောက်တိုဘာ ၃ ရက်မှ ၈ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှလည်းကောင်း ၂ဝ၁၇ ခုနှစ် မုတ်သုံလေ ဆုတ်ခွာမည်ဖြစ်ကြောင်း သိရသည်။

နောက်ထပ်ထုတ်ပြန်သော မိုးလေဝသခန့်မှန်းသတင်းအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း (ရခိုင်ပြည်နယ် အနီး) တွင် မိုးလွန်မုန်တိုင်းဖြစ်ရန် အလားအလာများ တိုးပွားနေကြောင်း သိရသည်။ အနောက်တောင် မုတ်သုံ လေသည် မြစ်ဝကျွန်းပေါ်ဒေသများမှ လုံးဝဆုတ်ခွာသွားပြီဖြစ်သော်လည်း ဘင်္ဂလားပင်လယ်အော် အတွင်းဖြစ်ပေါ် လာသော မုန်တိုင်းဖြစ်နိုင်သည့် လေဖိအားနည်းရပ်ဝန်း၊ အရှေ့လေပွေလှိုင်း၊ အနောက်လေစီးကြောင်း စသည့် မိုးရွာသွန်းနိုင်မှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနှံ့အပြား၌ အောက်တိုဘာအထိ အခါလွန် မိုးရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။

ယခင်နှစ် အတွေ့အကြုံအရ အောက်တိုဘာ အစောပိုင်းကာလ မုတ်သုံဆုတ်ခွာချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၆၈ အုပ်စုရှိသည့်အနက် ၆၃ အုပ်စု ရေနစ်မြုပ်သဖြင့် တက်ဆိပ် ကျေးရွာအုပ်စု၊ ဇီးချောင်း ကျေးရွာအုပ်စုနှင့် ရုံးပင် ကျေးရွာအုပ်စုမှ ပြည်သူများအတွက် ဆန်အိတ် ၁၅ဝ ဝယ်ယူရန် စေတနာရှင်တစ်ဦးက ငွေကျပ် သိန်း ၃ဝ လှူဒါန်းဖူးသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ်နှင့် ဝက်လက်မြို့ နယ်ကြားရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟန်လင်းမြို့ဟောင်း၌ အောက်တိုဘာ ၇ ရက်က မိုးသည်းထန်စွာရွာ သွန်းသဖြင့် ဘုရားအမှတ် (၁၂ဝ) ပြိုကျသွားသည်။ ဘုရားပြိုကျရာမှ တွေ့ရှိရသော ဌာပနာပစ္စည်းများမှာ ဘူမိဖ ဿမုဒြာ စကျင်ကျောက် ဆင်းတုတော်တစ်ဆူ၊ ကြေးဖြင့်သွန်းလောင်းပြီး ရွှေချထား သောစေတီပုံတစ်ဆူ၊ ကြုတ်အတွင်းမှ ဓာတ်တော်ဟု ယူဆရသောအရာများ၊ ပုတီးစေ့ငယ်များ၊ ကြေးဖြင့်ပြုလုပ် ထားသည့် အဖုံးပါ သပိတ် ခွက်ငယ်တစ်ခု၊ ငွေဖြင့်ပြုလုပ်ထားသည့် ကြုတ်တစ်ခု၊ ငွေ သို့မဟုတ် ခဲဖြင့်ပြုလုပ်ထား သောအဖုံးပါ အဝကျဉ်း အိုးငယ်တစ်လုံး၊ ကြေးအခဲတစ်ခု၊ ကျောက်ဖြစ်ရုပ်ကြွင်း သွားနှင့်အစွယ်တို့ကို တွေ့ရှိရသဖြင့် ရှေးဟောင်း သုတေသနနှင့် ပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားပြီး စေတီပြန်လည် တည်သည့်အချိန်တွင် ပြန်လည် ထည့်သွင်းမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မှ အောက်တိုဘာ ၁၄ ရက် နံနက် ၁ဝ နာရီတွင် မုံရွာမြို့သို့ ထွက်ခွာ လာသော ချင်းတွင်းမြစ်တွင်း အမြန်ရေယာဉ် အောင်စိုးမိုးကျော်(၂)သည် အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီတွင် ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အကြား မိကျောင်းကွင်း ကျေးရွာအနီးရောက်ရှိချိန် နစ်မြုပ်သွားသည်။ ရေယာဉ်နစ်မြုပ်သည့် နေရာသို့ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြသဖြင့် ရေယာဉ်ပေါ် လိုက်ပါလာသူ ၁၅၉ ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၆၈ဦး၏ ရုပ်အလောင်းများကို ဆယ်ယူနိုင်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ်၌ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ရေဝါချောင်း၊ မြိုင်းချောင်းနှင့် တင်ဂတုံချောင်းတို့တွင် ချောင်းရေလျှံ စီးဆင်းသဖြင့် ချောင်းဘေးရှိ ကျေးရွာများအတွင်းသို့ ရေဝင်ရောက်ခဲ့သည်။ ချောင်းရေ ဝင်ရောက်မှုကြောင့် အိမ်မွေးတိရစ္ဆာန် ငါးကောင် ရေထဲမျောပါသွားပြီး နေအိမ်အချို့ နေရာရွှေ့ပြောင်းပေးရသည်။ ရေတိုက်စားမှုကြောင့် စပါးစိုက်ခင်း အချို့ပျက်စီးခြင်း၊ စပါးစိုက်ခင်းနှင့် မြေပဲစိုက်ခင်းများ ရေလွှမ်းခံရသည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။ ကရင်ပြည်နယ် ဘားအံမြို့နယ် နောင်ပလိန်း ကျေးရွာအုပ်စု ရွာသစ်တောင်ခြေ အင်းအတွင်းသို့ ကြာပန်းဆင်းခူးသော မူလ တန်းကျောင်းသား၊ ကျောင်းသူ ခြောက်ဦးသည် ရေအနက် ၆ ပေကျော်နက်သော နေရာ၌ ကျောင်းသူနှစ်ဦး ရေနစ် သေဆုံးသည့်ဖြစ်စဉ် အောက်တိုဘာ ၁ ရက်တွင်ရှိခဲ့ဖူးသည်။

မြန်မာနိုင်ငံအတွင်းမှ ၂ဝ၁၆ ခုနှစ် မုတ်သုံဆုတ်ခွာချိန်တွင် အထက်တွင်ဖော်ပြခဲ့သော ထူးခြားဖြစ်စဉ် များရှိ သကဲ့သို့ ဆိုင်ကလုန်း မုန်တိုင်းကြံ့ (KYANT) ၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သဖြင့် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များနှင့် သင်္ဘောများ ကြိုတင်သတိရှိကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့ဖူးသည်။

ယခုအောက်တိုဘာ ၂ ရက် နံနက် ၂ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် အတွင်း မိုးရွာသွန်းမှုကြောင့် အဆောက်အအုံအချို့နှင့် ရေကျော်တံတားတစ်စင်း ပျက်စီးသဖြင့် ငွေကျပ် ၁၂၈ သိန်းကျော် ဖိုးခန့် ဆုံးရှုံးသွားကြောင်း သိရသည်။

သို့ဖြစ်၍ ၂ဝ၁၆ ခုနှစ် မုတ်သုံဆုတ်ခွာချိန် ကြုံတွေ့ရသော သဘာဝဘေးအန္တရာယ်များကို ပြန်လည်သုံးသပ်ပြီး ၂ဝ၁၇ ခုနှစ် မုတ်သုံဆုတ်ခွာချိန်တွင် အန္တရာယ်လျော့နည်းစေရေး သတိရှိကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  

Read 557 times Last modified on Wednesday, 04 October 2017 23:04