SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကုသိုလ် စိတ်ကိုတည် အကုသိုလ် စိတ်ကိုပယ်

Thursday, 05 October 2017 08:27 font size decrease font size decrease font size increase font size increase font size

ဂေါတမ မြတ်စွာဘုရား ဝါတော် ခြောက်ဝါရသော ကာလ၌ သာဝတ္ထိပြည့်ရှင် ကောသလမင်း၏ သရက်ဥယျာဉ်မှ တာဝတိံသာ နတ်ပြည်သို့ ကြွတော်မူသည်။ တာဝတိံသာ နတ်ပြည်ရှိ ပင်လယ်က သစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မည်သော ကျောက်ဖျာထက်၌ ထိုင်တော်မူလျက် မယ်တော်ဟောင်း သန္တုဿိတနတ်သားနှင့် စကြာဝဠာ တစ်သောင်းမှ လာကြကုန်သော နတ်အပေါင်းတို့အား အဘိဓမ္မာ တရားတော်ကို ဝါတွင်းသုံးလပတ်လုံး မပြတ်ဟောတော်မူသည်။

ဂေါတမ မြတ်စွာဘုရားသည် အဘိဓမ္မာ ဒေသနာကို ဝါတွင်းသုံးလပတ်လုံး မပြတ် ဟောတော်မူစဉ် အာဟာရနှင့်စပ်သော ရူပကာယတော်ကို မျှတစွာ နေထိုင်နိုင်ရန် နိမ္မိတ ဗုဒ္ဓရုပ်ပွားတော်ကို ဖန်ဆင်းသည်။ နိမ္မိတဗုဒ္ဓ ရုပ်ပွားတော်၏ အသွင်အပြင်နှင့် အသံတို့သည် ဤသို့ ဖြစ်စေသတည်း။ ဤမျှလောက်သော တရားတော်တို့ကို ဟောစေသတည်းဟု အဓိဋ္ဌာန်ပြု၍ ဘုရားရှင် ကိုယ်တော်တိုင်မှာ သပိတ်၊ သင်္ကန်းကိုယူလျက် အနောတတ္ထ ရေအိုင်သို့ ကြွသွားတော်မူသည်။ အနောတတ္ထ ရေအိုင်၌ ကိုယ်လက်သုတ်သင်၍ မနော သိလာမည်သော ကျောက်ဖျာပေါ်၌ ရပ်လျက် သင်္ကန်းဝတ်ရုံပြီး စတုလောကပါလ နတ်မင်းကြီး လေးဦးတို့ လှူအပ်သော ကျောက်သပိတ် ကိုယူကာ မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူသည်။ မြောက်ကျွန်း၌ ဆွမ်းခံပြီးသော် အနောတတ္ထ ရေအိုင်ကမ်းနား၌ ထိုင်လျက် ဆွမ်းဘုဉ်းပေးတော်မူသည်။ နေ့အခါ နေ့သန့်စင်ရန် အလို့ငှာ စန္ဒကူးတောသို့ ကြွသွားတော်မူသည်။ ထိုအချိန်၌ အရှင်သာရိ ပုတ္တရာသည် စန္ဒကူးတောသို့ သွား၍ ဘုရားရှင်အား ဝတ်ပြုတော်မူစဉ် ဘုရားရှင်က အဘိဓမ္မာနည်း အမြွက်ကိုပေး၍ အရှင်သာရိ ပုတ္တရာအား ဟောတော်မူသည်။ အရှင်သာရိ ပုတ္တရာသည် ဘုရားဟောအပ်သော တရားတို့ကို ဆောင်ယူလျက် အတူနေ တပည့်ရဟန်း ငါးရာတို့ကို ဟောတော်မူသည်။ နတ်ပြည်၌ ဘုရားရှင် ဟောတော်မူအပ်သော အဘိဓမ္မာတရား ပြီးဆုံးသည်နှင့် အရှင်သာရိ ပုတ္တရာ၏ တပည့်ရဟန်းတို့ အဘိဓမ္မာ သင်ယူခြင်းကိစ္စ ပြီးဆုံးခြင်းတို့သည် တစ်ပြိုင်တည်းဖြစ်သည်။ ထို့ကြောင့် ဤလူ့ပြည်လောက၌ ရှိသော အဘိဓမ္မာ တရားတို့သည် ဂေါတမ မြတ်စွာဘုရား ပေးသော နည်းနိဿယတို့ဖြင့် အရှင်သာရိ ပုတ္တရာ ဟောတော်မူအပ်သော အဘိဓမ္မာ တရားသာဖြစ်သည်။ အရှင်သာရိ ပုတ္တရာ၏ ကိုယ်ပိုင်ဥာဏ်ဖြင့် ဟောတော်မူသော အဘိဓမ္မာ တရားမဟုတ်ချေ။ ဂေါတမ မြတ်စွာဘုရားပေးသော နည်းနိဿယတို့ဖြင့် အရှင်သာရိ ပုတ္တရာ ဟောတော်မူသော အဘိဓမ္မာ တရားတို့သည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ္တိ၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူသော ခုနစ်ကျမ်းတို့ဖြစ်သည်။ ဓမ္မသင်္ဂဏီသည် တရားကို ရေတွက်စုပေါင်းခြင်း အဓိပ္ပာယ်၊ ဝိဘင်းသည် ဝေဖန်ခြင်း၊ ခွဲခြမ်းခြင်း အဓိပ္ပာယ်၊ ဓာတုကထာသည် မဟာဘုတ် လေးပါးတို့၏ တည်ရာသဘောကို ဆိုသော စကားအဓိပ္ပာယ်၊ ပုဂ္ဂလပညတ်သည် ပုဂ္ဂိုလ်သတ္တဝါတို့ကို သိစေခြင်း အဓိပ္ပာယ်၊ ကထာဝတ္ထုသည် ကိုင်တွယ် ထိတွေ့၍ရသော ဒြပ်ပစ္စည်းတို့ကို ဆိုသော စကားအဓိပ္ပာယ်၊ ယမိုက်သည် ချုပ်တည်းခြင်း သဘောနှင့် အစုံဖြစ်သော အဓိပ္ပာယ်၊ ပဋ္ဌာန်းသည် အထူးထူး အပြားပြားသော အကြောင်းတို့ကို ဟောခြင်းအဓိပ္ပာယ်ဟူ၍ အသီးသီး အနက်အဓိပ္ပာယ် ဆောင်ကြသည်။

အဘိဓမ္မာ တရားတို့၏ မဖောက်မပြန် မှန်ကန်သည့် အရှိတရား ပရမတ္ထအားဖြင့် စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဟူသော တရားတို့သည် မြတ်သော သဗ္ဗညုတဥာဏ်၏ ကျက်စားရာ အာရုံဖြစ်သည့် တရားလေးပါးဖြစ်သည်။ ပညတ်ဟူသည်မှာ မဖောက်မပြန် မှန်ကန်သော ပရမတ္ထတို့၏ ခေါ်ဝေါ်ပြောဆိုစရာ အထည်ကိုယ်နှင့် နာမည်ဖြစ်သည်။ ဥပမာအားဖြင့် လူဆိုရာ၌ လူသည် သဒ္ဒပညတ်ဖြစ်သည်။ ထိုပညတ်၏တည်ရာ ရုပ်ခန္ဓာကိုယ်သည် အတ္တပညတ်ဖြစ်ပြီး အတ္တပညတ်၏ တည်ရာ ပထဝီစသော ရုပ်တရားသည် ပရမတ်ဖြစ်သည်။  ရေမြေတောတောင် စသည့် သဘာဝတရားနှင့် လူတို့ဖန်တီးအပ်သော အိမ်စသည်တို့ ကိုလည်း ဤနည်းအတိုင်း ခွဲခြားသိနိုင်သည်။ အဘိဓမ္မာ တရားတော်သည် စိတ်၏သဘော ဖြစ်ပုံပျက်ပုံ၊ တက်ပုံကျပုံ စသည်တို့ကိုပြသော စိတ်အကြောင်းအရာ (Psychology) အကြောင်းရင်း အကြောင်းမှန်၊ အကျိုးရင်း အကျိုးမှန်ကိုပြသော အကြောင်းအကျိုး ပြပညာ (Philosophy)၊ သူတော်ကောင်း ကျင့်စဉ်ကိုပြသော ကျင့်ဝတ်နီတိ (Ethics) တို့ ပါဝင်သောကြောင့် သာမန်စိတ်ပညာ အကြောင်း အကျိုးပြပညာ၊ သူတော်ကောင်း ကျင့်ဝတ်နီတိတို့ထက် သာလွန်ထူးမြတ်သော တရားဖြစ်သည်။ စိတ်၏အကြောင်းကို အသေးစိတ် အပြည့်အစုံ ပြရုံမျှမက ၎င်းစိတ်ကို အဘိဓမ္မာနည်းအရ စင်ကြယ်အောင် ထိန်းသိမ်းနိုင်လျှင် လောကီချမ်းသာထက် သာလွန်သော လောကုတ္တရာ နိဗ္ဗာန်ချမ်းသာကို မြင်နိုင်ရနိုင်သော ပညာဖြစ်သည်။ စိတ်သည်အာရုံကို သိတတ်သော သဘောတရားဖြစ်သည်။ အာရုံမှန်သမျှကို အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့၊ ကြံစည်တွေးတော စိတ်ကူးသော အားဖြင့် မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ ချိုချဉ်ငန်စပ်ခါးဖန် အရသာတို့ကို သိစိတ်၊ မာကျောခြင်းနှင့် နူးညံ့ခြင်းတို့ကို သိသောတွေ့ထိစိတ်၊ ကြံစည် တွေးတောခြင်းဖြင့် ဝမ်းသာဝမ်းနည်း စသည့် ခံစားမှုကို သိသောစိတ်တို့ ဖြစ်ပေါ်ရသည်။ ထိုသို့အာရုံခြောက်ပါး တို့ကို သာယာတပ်မက်မှု၊ စွဲလမ်းမှုတို့ကို မှီ၍ ကုသိုလ်၊ အကုသိုလ်စိတ် ဖြစ်ကြရသည်။ ထို့ကြောင့် ဖြစ်ပေါ်ပြီးသော အကုသိုလ်စိတ်တို့ကို ပယ်ဖျောက်၍ ထပ်မံ မဖြစ်ပေါ်စေရန်  စောင့်စည်း၍ ဖြစ်ပေါ်ပြီးသော ကုသိုလ်စိတ် တိုးပွားစေခြင်းငှာ အားထုတ်ကြပါရန် ၁၃၇၉ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့တွင် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

Read 931 times Last modified on Thursday, 05 October 2017 08:27