SJ WorldNews - шаблон joomla Авто

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းရေး

Wednesday, 11 October 2017 08:19 font size decrease font size decrease font size increase font size increase font size

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို အသုံးပြု၍ နေ့စဉ်သွားလာနေကြသော မော်တော်ယာဉ် အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလျက်ရှိရာ ယာဉ်မတော်တဆမှု လျော့နည်းစေရန် သက်ဆိုင်ရာဌာနများက ဆောင်ရွက်နေကြသည့်တိုင်အောင် ယခုနှစ် စက်တင်ဘာလအတွင်း ယာဉ်မတော်တဆမှု ၃၄ ကြိမ်ဖြစ်ပွား သဖြင့် လူကိုးဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် သွားလာနေကြသော  မော်တော်ယာဉ်များ မတော်တဆဖြစ်ရသည့် အကြောင်းရင်းများမှာ ယာဉ်မောင်းများ မဆင်မခြင်မောင်းနှင်မှု၊ အမြန်လမ်းပေါ် မောင်းနှင်ခွင့်မရှိသော စက်တပ်ယာဉ်များနှင့် အနှေးယာဉ်များကို ရှောင်တိမ်းရမှု၊ ကျွဲ၊ နွားတိရစ္ဆာန်များကို ရှောင်တိမ်းရမှု၊ လမ်းဖြတ်ကူးသူများကို ရှောင်တိမ်းရမှု၊ ရာသီဥတု အခြေအနေနှင့် လမ်းအခြေအနေတို့ကြောင့်ဖြစ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် လုံခြုံရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် ရန်ကုန်-လှည်းကူး ကားလမ်းဆုံရှိ အမှတ်(၃)ရဲစခန်းမှ မန္တလေး-တံတားဦးလမ်းဆုံရှိ စကားအင်း ရဲစခန်းအထိ နယ်မြေအလိုက် လုံခြုံရေးရဲစခန်းများ ဖွင့်လှစ်၍  ၂၄ နာရီ တာဝန်ထမ်းဆောင်လျက်ရှိသည်။ ထို့အတူ အမြန်လမ်းမကြီး မီးသတ်စခန်းများကိုလည်း ဖွင့်လှစ်ထားသည်။

အမြန်လမ်းမကြီး ဥပဒေကို ၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာ ၁၇ ရက်တွင်ထုတ်ပြန်ထားရာ ပုဒ်မ ၂၉(က)၌ လမ်းမကြီး၏လမ်းမျက်နှာပြင်ပေါ်တွင် တိရစ္ဆာန်များကို မောင်းနှင်ခြင်း၊ ဆွဲယူခြင်း၊ စီးနင်းခြင်း၊ ချည်ထားခြင်း၊ ထိန်းကျောင်းခြင်း၊  လွှတ်ကျောင်းခြင်းမပြုရန် တားမြစ်ထားပြီး  အဆိုပါဥပဒေကို ဖောက်ဖျက်ပါက ထောင်ဒဏ် (၃)လအထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။  အမြန်လမ်းမကြီးဘေး တစ်လျှောက်ရှိ ကျေးရွာပြည်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စများအတွက် အမြန်လမ်းမကြီးပေါ်၌ မော်တော်ဆိုင်ကယ်ဖြင့် သွားလာပါက သတ်မှတ်ထားသော လမ်းကြောင်းကိုသာ အသုံးပြုကြရမည်ဖြစ်ပြီး ညအချိန်များတွင် အထူးသတိထားကြရန်ဖြစ်သည်။ မော်တော်ယာဉ် တစ်စီးနှင့်တစ်စီး ကျော်တက်ကြရာတွင် ယခင်က  ယာဉ်၏ဘယ်ဘက်အချက်ပြမီးကို အသုံးပြုခဲ့ကြရာမှ ယခုအချိန်တွင် ယာဉ်ညာဘက် အချက်ပြမီးကို ပြောင်းလဲ အသုံးပြုနေကြပြီဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စဖွင့်သည့်ကာလတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများမှာ အနှေးယာဉ်နှင့် တိရစ္ဆာန်တို့ပယောဂကြောင့် ဖြစ်ပွားမှုများ တွေ့ရသော်လည်း  ယခုအချိန်တွင် မတွေ့ရတော့ပါ။

သို့သော်လည်း အခြားအကြောင်းများကြောင့် ယာဉ်မတော်တဆမှုများ နေ့စဉ်ဖြစ်နေကြောင်း တွေ့ရသည်။ ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ယာဉ်မတော်တဆမှု သတင်းများ၌ မွန်ပြည်နယ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု ၆၅၃ မှု၌ မော်တော်ယာဉ် မတော်တဆမှု ၂၈၃ မှုနှင့် မော်တော်ဆိုင်ကယ် မတော်တဆမှု ၃၇ဝ ဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ ၂၃၄ ဦး၊ ဒဏ်ရာရသူ ၁၁၄၈ ဦးရှိကြောင်း သိရသည်။ မွန်ပြည်နယ်အတွင်း ယာဉ်မတော်တဆမှု လျော့နည်းပပျောက်ရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး ဟောပြောပွဲများကို ရပ်ကွက်/ကျေးရွာများနှင့် အခြေခံပညာကျောင်းများ၌ ပြုလုပ်ခဲ့သော်လည်း ဦးထုပ်မဆောင်းဘဲ မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်း၊ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနှင်ခြင်း၊ အရက်သေစာ သောက်စားပြီးမောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု မရှိခြင်းတို့ကြောင့် ယာဉ်မတော်တဆဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်အရှိန် မထိန်းနိုင်ခြင်းကြောင့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မှ နောင်ချိုဘက်သို့ မိသားစုဝင်ခုနစ်ဦးခန့် လိုက်ပါလာသော အိမ်စီးယာဉ် တစ်စီးသည် အောက်တိုဘာ ၈ ရက် နံနက် ၁၁ နာရီခန့်တွင် ဒုဋ္ဌဝတီတံတားအဆင်း၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ ပေ ၅ဝ နက်သော ချောက်ထဲသို့ထိုးကျသွားရာ ငါးဦးသေဆုံးကြောင်း ကနဦးသတင်းအရ သိရသည်။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့၌ အောက်တိုဘာ ၆ ရက် ည ၆ နာရီခွဲခန့်က ဘုရားဖူး ပြန်လာသော သံဃာအပါး ၂ဝ နှင့် ကိုရင် ၃၁ ပါးတို့ လိုက်ပါလာသည့် ထော်လာဂျီယာဉ် တစ်စီးသည် တောင်ဆင်းလမ်းကွေ့ရောက်ချိန် ဘရိတ်ပေါက်သွားကာ တောင်အောက်မှ တက်လာသော ဆိုင်ကယ်နှင့်တိုက်မိသဖြင့် ဒဏ်ရာရရှိသွားသူ များပြားကြောင်း သိရသည်။ ယာဉ်မတော်တဆမှုများမှာ ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင် ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ လုပ်ငန်းသုံးယာဉ်များ၊ အိမ်စီးယာဉ်များ၊ မော်တော်ဆိုင်ကယ်နှင့် အနှေးယာဉ် စသည်ဖြင့် အမျိုးမျိုးပါဝင်ကြသည်။

လူဦးရေထူထပ်ပြီး ယာဉ်အသွားအလာများသော ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂ဝ၁၇ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ ယာဉ်မတော်တဆမှုပေါင်း ၁၉၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၆၆ ဦး၊ ဒဏ်ရာရသူ ၂၄၆၈ ဦးရှိခဲ့ရာ စက်တင်ဘာလအတွင်း ယာဉ်မတော်တဆမှု ၁၇၄ မှုမှ သေဆုံးသူ ၃၅ ဦးနှင့် ဒဏ်ရာရသူ ၁၉၇ ဦးပါဝင်သည်။ ယခုနှစ် စက်တင်ဘာလဖြစ်စဉ်နှင့် ယခင်နှစ်ကာလတူ နှိုင်းယှဉ်ပါက ယာဉ်မတော်တဆမှု အကြိမ် ၄ဝ၊ သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရသူ ၆၆ ဦး လျော့နည်းကြောင်း သိရသည်။

သို့ဖြစ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းရေး ဌာနဆိုင်ရာများနှင့် ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။   

Read 16 times Last modified on Wednesday, 11 October 2017 08:20