SJ WorldNews - шаблон joomla Авто

မမေ့အပ်သော သမိုင်းသင်ခန်းစာ အောက်တိုဘာ

Friday, 13 October 2017 08:17 font size decrease font size decrease font size increase font size increase font size

ငါးအင်ပဒုမ္မာ ပွင့်ဝါနီဖြူ လှိုင်ကြူရနံ့သင်းပျံ့သော သီတင်းကျွတ် လပြည့်ကျော်လာသည်နှင့် မိုးလေကင်းသော နံနက်ခင်း၌ လမ်းလျှောက်ထွက်စဉ် ကာယကြံ့ခိုင်ရေး လေ့ကျင့်နေကြသော တပ်မတော်သားများနှင့် လမ်းမှာဆုံရသည်။အပြေးတက်ရင်း  ''ဘာလုပ်နေလဲ လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ တိုက်ပွဲဝင်ဖို့၊ ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်''ဟူ၍ ညီညီညာညာဖြင့် သံပြိုင်ဟစ်ကြွေးသွားကြသည်။

စုဖွဲ့လေ့ကျင့်၊ အားမာန်ဝင့်၊ ထွန်းတင့်မျိုးဂုဏ်ရောင်ဟူသော ခံယူချက်ဖြင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နေချိန်တွင် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပြည်သူနှင့် တပ်မတော်တို့ တစ်စိတ်တစ်ဝမ်းတည်းဖြင့် ကိုယ်စီတာဝန် ကျေပွန်ကြရပေမည်။ လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှအောင်ပွဲ ဆင်နိုင်မည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ဌာနမဆို စနစ်တကျစုဖွဲ့မှု၊ စနစ် တကျလေ့ကျင့်မှုတို့ ရှိကြမှသာ ရည်မှန်းချက်ကို ချောချောမောမော ရောက်ရှိနိုင်ကြမည်။

မြန်မာနိုင်ငံသမိုင်းတွင် စနစ်တကျစုဖွဲ့ လေ့ကျင့်ထားသော တပ်မတော်မရှိသဖြင့် အင်္ဂလိပ်တို့က ကျူးကျော်စစ်ပွဲ သုံးကြိမ်ဆင်နွှဲ သိမ်းပိုက်ခံရသည့်ဖြစ်စဉ်များမှ နယ်ချဲ့တို့၏ တတိယကျူးကျော်စစ်ပွဲကို အစပျိုးခဲ့သည်မှာ ၁၈၈၅ ခုနှစ် အောက်တိုဘာတွင်ဖြစ်သည်။ တောင်ငူနယ်၌ သစ်ထုတ်လုပ်ငန်း လုပ်ကိုင်နေသော ဘုံဘေဘားမား သစ်ကုမ္ပဏီက သစ်လုံးများကိုခိုးယူနေကြောင်း မြန်မာအစိုးရက သိရှိရသဖြင့် ဒဏ်ငွေ ၂၃ သိန်းပေးဆောင်စေရန် အကြောင်းကြားလိုက်သည်။ ဘုံဘေဘားမား သစ်ကုမ္ပဏီက ဤကိစ္စကို အင်္ဂလိပ်အစိုးရထံ တိုင်ကြားသောအခါ အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖရင်က ၁၈၈၅ ခုနှစ် အောက်တိုဘာတွင် အထူးသင်္ဘောစေလွှတ်၍ နောက်ဆုံးအကြောင်းကြားစာကို ပေးပို့လိုက်သည်။

အိန္ဒိယဘုရင်ခံချုပ်က ပေးပို့သော နောက်ဆုံးအကြောင်းကြားစာ၌ သစ်ကုမ္ပဏီကိစ္စကို စစ်ဆေးရန် ဘုရင်ခံချုပ်က စေလွှတ်သော ကိုယ်စားလှယ်ရောက်သည်အထိ စောင့်ဆိုင်းရန်၊ ၎င်းကိုယ်စားလှယ် မရောက်မီ အမှုကိစ္စကို မဆုံးဖြတ်ဘဲ ဆိုင်းငံ့ထားရန်၊ မန္တလေးနေပြည်တော်တွင် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်ကို လက်နက်အပြည့်အစုံနှင့် ထားရန်၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားကိစ္စကို အင်္ဂလိပ်အစိုးရသဘောကျ စီမံခွင့်ပေး ရန်တို့ဖြစ်သည်။

အင်္ဂလိပ်တို့တောင်းဆိုသော အချက်များကို မြန်မာဘုရင့်အစိုးရက လိုက်လျောရာတွင် သစ်ကုမ္ပဏီက ဆက်သွင်းရမည့် ဒဏ်ငွေတော်ကို ပလပ်လိုက်ကြောင်း၊ ခမည်းတော်မင်းတုန်းမင်း လက်ထက်မှာကဲ့သို့ ကိုယ်စားလှယ်ထားနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးကိစ္စကို အဓိပ္ပာယ်တစ်မျိုးဖြင့် ပြန်ကြားလိုက်သည်။ မြန်မာဘုရင့်အစိုးရက မည်သို့ပင် လိုက်လျောစေကာမူ မြန်မာတစ်နိုင်ငံလုံး သိမ်းပိုက်ရန် အစဉ်တစိုက် အားထုတ်နေသော နယ်ချဲ့တို့က ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် မန္တလေးနေပြည်တော်သို့ ရောက်ရှိလာကြပြီး နိုဝင်ဘာ ၂၉ ရက်တွင် သီပေါမင်းနှင့်စုဖုရားလတ်တို့ကို ရန်ကုန်သို့ သင်္ဘောနှင့်ဖမ်းဆီး ခေါ်ဆောင်သွားကြသည်။

ဒီဇင်ဘာလတွင် မင်းနှင့်မိဖုရား အပါအဝင် သမီးတော်တို့ကို အိန္ဒိယနိုင်ငံ မဒရပ်၊ ထိုမှတစ်ဆင့် ရတနာဂီရိသို့ ပို့လိုက်သည်။ ဘုရင်ခံချုပ် လော့ဒပ်ဖရင်သည် မြန်မာနိုင်ငံကို ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဝိတိုရိယ ဘုရင်မကြီးအား နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးအပ်လိုက်သည်။ သီပေါမင်းသည် ရတနာဂီရိမြို့၌ ၁၉၁၆ ခုနှစ်တွင်နတ်ရွာစံ၍ စုဖုရားလတ်သည် ၁၉၂၅ ခုနှစ်တွင် ရန်ကုန်မြို့၌ဘဝတစ်ပါး ပြောင်းသွားသည်။

နယ်ချဲ့တို့က လောကကိုအပိုင်ကြံ၍ နိုင်ငံကိုပါ သိမ်းထားချိန်တွင် မြန်မာတစ်မျိုးသားလုံး လူလုံးမလှဖြစ်ရသည့်ဘဝမှ လွတ်မြောက်အောင် မျိုးချစ်လူငယ်များက နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြသည်။ နောက်ဆုံး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မျိုးချစ်လူငယ် ရဲဘော်သုံးကျိပ်တို့က တပ်မတော်ကို ဖွဲ့စည်းပြီး တိုင်းရင်းသားပြည်သူတို့နှင့် လက်တွဲ၍ စွန့်လွှတ်စွန့်စား ကြိုးစားခဲ့ကြသဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေး ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ တပ်မတော်သည် တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက်ဖွဲ့စည်းခဲ့သော တပ်မတော်ဖြစ်သည့် အားလျော်စွာ နိုင်ငံတော်နှင့်ပြည်သူတို့အတွက် အရေးကြုံတိုင်း ရှေ့ကမားမားမတ်မတ် ရပ်တည်သော တပ်မတော်ဖြစ်သည်။ အမျိုးသားရေးဟူသည် အချိန်ကာလ တစ်ခုအတွင်း၌သာ ဆောင်ရွက်ရသော တာဝန်မျိုးမဟုတ်ဘဲ အသက်ထက်ဆုံး သားစဉ်မြေးမြစ် ပြောထုံးဖြစ်အောင် ပါဝင်ဆောင်ရွက်ရသောတာဝန်ဖြစ်သည်။

မြန်မာတစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် မျိုးချစ်လူငယ်များဖြင့် စနစ်တကျစုဖွဲ့ လေ့ကျင့်ထားသော တပ်မတော်သည် မျိုးချစ်တပ်မတော်ဖြစ်သည်။ စည်းကမ်းကောင်းသော တပ်မတော်ဖြစ်သည်။ သစ္စာရှိသော တပ်မတော်ဖြစ်သည်။ စည်းလုံးညီညွတ်သော တပ်မတော်ဖြစ်သည်။ စွမ်းရည်ရှိသော တပ်မတော်ဖြစ်သည်။

စွန့်လွှတ်စွန့်စားသော တပ်မတော်ဖြစ်သည်။ တစ်ဦးချင်း ကိုယ်ကျိုးကို ပဓာနမထားသော တပ်မတော်ဖြစ်သည်။စိတ်ဓာတ်မြင့်မြတ်သော တပ်မတော်ဖြစ်သည်။ အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိသော တပ်မတော်ဖြစ်သည်။ အပင်ပန်း ဆင်းရဲခံနိုင်သည့် တပ်မတော်ဖြစ်သည်။ ဇွဲ၊ လုံ့လ၊ ဝီရိယရှိသော တပ်မတော် ဖြစ်သည်။ ဒို့တာဝန်အရေးသုံးပါးကို အမြဲတမ်းဦးထိပ်ပန်ဆင်သော တပ်မတော်ဖြစ်သည် ဟူသည့် မွန်မြတ်သောအစဉ်အလာ(၁၂)ရပ်နှင့် ပြည့်စုံသော တပ်မတော်ဖြစ်သည်။

တပ်မတော်၏ မွန်မြတ်သော အစဉ်အလာ(၁၂)ရပ်နှင့်အညီ တိုင်းရင်းသားပြည်သူတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့လုံခြုံရေးစခန်းများအား တိုက်ခိုက်ခြင်းနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြသဖြင့် တပ်မတော်က နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် ယနေ့အချိန်အထိ ဒေသခံပြည်သူများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ အောက်တိုဘာသည် မြန်မာပြည်သူတို့အတွက် အတိတ်ကာလနှင့် ပစ္စုပ္ပန်ကာလမှာပါ မမေ့အပ်သော သင်ခန်းစာများ ရရှိသောကာလဖြစ်ကြောင်း မြဝတီက ထပ်လောင်းအသိပေး နှိုးဆော်လိုက်ရပါသည်။ 

Read 20 times Last modified on Friday, 13 October 2017 08:19