SJ WorldNews - шаблон joomla Авто

တရားမပျက် မေတ္တာဆက်၍ မဖျက်ဆီးမှု မေတ္တာပြု

Thursday, 02 November 2017 08:16 font size decrease font size decrease font size increase font size increase font size

(၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)

လူသားတို့ နေထိုင်ရာကမ္ဘာကြီး သာယာငြိမ်းချမ်းအောင် စွမ်းဆောင်နိုင်သည့် မေတ္တာ၊ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလေးပါးကို ပွားများကြရမည်ဖြစ်သည်။တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုစကားအတိုင်း မိမိကိုယ်တိုင်က အခြားသူများအပေါ် မေတ္တာ၊စေတနာထားနိုင်လျှင် အခြားသူများက မိမိအပေါ်မေတ္တာ၊ စေတနာ နှင့် တုံ့ပြန်ကြပေမည်။

တည်ငြိမ်နေသော ရေပြင်သို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သော် လှိုင်းဂယက်ထလာသည့် သဘာဝနှင့်အလားတူ မိမိ၏ပြုမူပြောဆိုမှုကြောင့် အခြားသူများအား ထိခိုက်စေနိုင်သည်။ တစ်စုံတစ်ဦး၏ ပြုမူပြောဆိုမှုကြောင့် လည်း မိမိအတွက် ထိခိုက်စေနိုင်သည်။ မိမိကြောင့်ဖြစ်စေ၊ အခြား တစ်စုံတစ်ဦးကြောင့်ဖြစ်စေ အမှိုက်ကစ ပြာသာဒ် မီးလောင်မဖြစ်စေရန်စောင့်ထိန်းကြရမည်ဖြစ်သည်။ တစ်ခါတစ်ရံ မိမိ၏ပေါ့လျော့မှုကြောင့် အခြားသူ များအကျိုးစီးပွား ဆုံးရှုံးရသည်လည်းရှိသည်။ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ကွင်းကြီးကျေးရွာ အုပ်စု၌ ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးသည် ၂ဝ၁၆ ခုနှစ် မေ၆ ရက်တွင် ရိုးချောင်း ငါးကန်ဘေး၌ ရှိသော ချုံများကို မီးရှို့ပြီးထားခဲ့ရာမှ မွန်းလွဲပိုင်းတွင် လေတိုက်သောအခါ အခြားသူ တစ်ဦးစိုက်ထားသော ကွမ်းခြံပေါ်သို့ မီးပွားလွင့်ကျသဖြင့် ကွမ်းခြံနှစ်ခြံမှ ကွမ်းပင်တစ်ထောင်ခန့် မီးလောင်ကျွမ်းသွားသည်မှာ ထိုအချိန် က ဆုံးရှုံးမှု တန်ဖိုးငွေ ကျပ်သိန်း ၅ဝ ခန့်ရှိသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားကွင်းအတွင်း ၂ဝ၁၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော အာရှယူ-၁၉ ခြေစစ်ပွဲ၌ ပွဲကြည့်ပရိသတ်တစ်ဦး ဘောလုံးကစားနေသော ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့သဖြင့် အာရှ ဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၅၅ဝဝ ပေးဆောင်ရန်နှင့် ဘောလုံးပွဲတစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရသည်မှာ နိုင်ငံပုံရိပ်ကို ထိခိုက်စေသည်။ သုဝဏ္ဏ အား ကစား ကွင်းတွင် ကစားသောဘောလုံးပွဲများသို့ လာရောက်ကြည့်ရှု အားပေးကြသော ပရိသတ်အချို့၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော ခုံအရေအတွက် ၂၆၅ ခုံအထိရှိသည်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အသစ်တပ်ဆင်ခဲ့ရသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်စေရန် ပရိသတ်များအား ပညာပေး စည်းရုံးရေးများ ဆောင်ရွက်ခဲ့သဖြင့် နောက်ပိုင်း ပြဿနာ မရှိတော့ကြောင်း သိရ သည်။

ဘောလုံးပွဲ ကြည့်ပရိသတ်သည် လူအမျိုးမျိုးပါဝင်ကြရာ ပြဿနာဖြစ်ရန် အနီးစပ်ဆုံးသော အခြေအနေနှင့်ကြုံတွေ့ ကြရသည်။ ယခုနှစ် အောက်တိုဘာ ၂၅ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦး မြို့ရှိ မြို့မအားကစားကွင်း၌ အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌဖလား အသက် ၂၂ နှစ်အောက်ဘောလုံးပြိုင်ပွဲ အုပ်စုဗိုလ်လုပွဲကို ကျေးရွာဘောလုံးအသင်း နှစ်သင်းယှဉ်ပြိုင်ကစားကြသည်။ဘောလုံးပွဲ ဒုတိယ ပိုင်းတွင် နှစ်ဖက်အသင်းကို အားပေးကြသော ပရိသတ်များ အချင်းချင်းအားပေးလွန်ကာ စကားများကြရာမှ တစ်ဖက်နှင့် တစ်ဖက် အုတ်ခဲများနှင့် ပစ်ပေါက်ကြသဖြင့် လူတစ်ဦး၏ ခေါင်းထိမှန်သွားသည်။ ဦးခေါင်း အုတ်ခဲထိမှန် ခံရသူကို မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးစဉ်မှာ သေဆုံးသွားသည်။ အုတ်ခဲနှင့် ပစ်ပေါက်သူကို ဖော်ထုတ်၍ ရေဦး မြို့မ ရဲစခန်းက အမှုဖွင့် ဆောင်ရွက်နေကြောင်းသိရသည်။

အထက်ပါ ဖြစ်စဉ်များအား ပြန်လည်သုံးသပ်သော် ကွမ်းခြံမီးလောင်သည့် ဖြစ်စဉ်မှာ ငါးကန်ဘေးရှိ ချုံများကို မီးရှို့သူသည် မီးငြိမ်းအောင်စောင့်၍ မီးကြွင်းမီးကျန်များကို ရေဖြင့်ငြှိမ်းသတ်ခဲ့သော် ကွမ်းခြံသို့ မီးပွား လွင့်မည် မဟုတ်ပေ။ တစ်ဖက်ကလည်း ကွမ်းခြံအစောင့်ရှိခဲ့သော် အချိန်မီငြှိမ်းသတ်နိုင်မည်ဖြစ်သဖြင့် ဆုံးရှုံးမှုများ မည် မဟုတ်ပေ။ ကံကြမ္မာသည် မိမိအတွက် အမြဲမျက်နှာသာ မပေးတတ်သည့် သဘောရှိကြောင်း ဆင်ခြင် ရန် ဖြစ်သည်။

ဘောလုံးပွဲ ဖြစ်စဉ်များမှာ လောကလူသားတို့ကို ဖျက်ဆီးတတ်သော မနာလိုဝန်တိုမှု ဣဿာနှင့် တွန့်တိုမှု မစ္ဆရိယတို့ကြောင့်ဖြစ်သည်။ မိမိအားပေးသော အသင်းကို တစ်ဖက်အသင်းက အနိုင်ရသွားမှာကို မနာလို ဝန်တို သော အကုသိုလ်စိတ်သည် မုဒိတာဆိုသည့် ကုသိုလ်စိတ်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည်။ ထို့အတူ မိမိအားပေးသော အသင်းကတစ်ဖက်အသင်းကို ဂိုးမပေးစေလိုသော တွန့်တိုသည့် အကုသိုလ်စိတ်သည် မေတ္တာဆိုသည့် ကုသိုလ်စိတ်နှင့် ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်သည်။ လူတို့အတွက် အကုသိုလ်စိတ် ဖြစ်ပေါ်စေသည့် အကြောင်းတရားနှစ်ခုကို ရှောင်၍ ကုသိုလ်စိတ်ကို ဆောင်နိုင်အောင် ကြိုးစားအားထုတ် ကြရ မည်ဖြစ်သည်။

ထို့ကြောင့် ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီး အရှင်ဇဝနရေးဖွဲ့ သွန်သင်ထားသော မဟာသုတကာ ရီမဃဒေဝလင်္ကာသစ်၌ ''တရားမပျက်၊ မေတ္တာဆက်၍၊ မဖျက်ဆီးမှု၊ချီးမြှောက်ပြုလော့၊ သူ့ကိုချီးမြှောက်၊ ကိုယ် ဂုဏ် မြောက်၏၊ ယွင်းဖောက်အလို၊ ဝန်မတိုနှင့်၊သူ့ကိုဂုဏ်နှိမ့်၊ ကိုယ်ဂုဏ်နိမ့်၏'' ဟုတွေ့ရကြောင်း မြဝတီက ထပ်လောင်း ကောက်နုတ်တင်ပြလိုက်ရပါသည်။ ။

Read 64 times Last modified on Thursday, 02 November 2017 08:41