SJ WorldNews - шаблон joomla Авто

ကိုယ်နှင့်ထပ်တူ ဆွေလူတော်ကြ သဟာယသို့

Saturday, 18 November 2017 08:25 font size decrease font size decrease font size increase font size increase font size

ကျေးဇူးတင်ဆိုသော ဝေါဟာရကို မြန်မာအဘိဓာန်က အဓိပ္ပာယ် ဖွင့်ဆိုရာ၌ သူတစ်ပါးက ပြုသော ကျေးဇူးကို အောက်မေ့သည်၊ ချီးကျူးပြောဆိုသည် ဟူ၍လည်းကောင်း၊ ကျေးဇူးရှင် ဆိုသည်ကို ကျေးဇူးပြုသောသူ ဟူ၍ လည်းကောင်း အဓိပ္ပာယ် အသီးသီး ဖွင့်ဆိုထားသည်။ ကျေးဇူးပြုသူသည် တုံ့ပြန်ရယူလိုသော လောဘစိတ် အညစ်အကြေး လုံးဝမပါဘဲ သဒ္ဓါ၊ ပညာ၊ မေတ္တာ၊ အလောဘ စသည့် ကောင်းမွန်သော စိတ်နှင့် သူတစ်ပါးတို့ကို အကျိုးပြုသူဖြစ်ကြောင်း သံဃာတော်များ မိန့်ကြားကြသည်။ ကျေးဇူးဆပ်ခြင်း ဆိုသည်မှာ ကျေးဇူးပြုခဲ့ သူကိုသာ ပြန်လည် ကျေးဇူးဆပ်ရသည့် သဘောမဟုတ်ဘဲ မိမိအား ကျေးဇူးပြုခဲ့ ဖူးသူ မရှိတော့သည့် တိုင်အောင် ကျေးဇူးပြုတတ်သူတို့ကို အတုယူ အားကျပြီး မိမိက အခြားသူများအား ကျေးဇူးပြုရသည်ဟု ဆရာတော်၊ သံဃာတော်များ မှာကြားကြသည်။

မကြာသေးသော ရက်ပိုင်းအတွင်းက လုပ်ငန်းတာဝန် တစ်ခုဖြင့် ရန်ကုန်သို့ သွားစဉ် ရပ်ကွက်အတွင်း ဆွမ်းခံကြွနေကျ ကိုရင်တစ်ပါးကို မတွေ့ရသဖြင့် မေးကြည့်သော် သူ့ရပ်ရွာသို့ ပြန်သွားကြောင်း သိရသည်။ ပရိယတ္တိ စာသင်ယူရန် နယ်မှ လာကြသော ရဟန်းသံဃာနှင့် သာမဏေတို့အား တစ်ဇွန်းတစ်ယောက် မ နည်းများမဆို ဆွမ်းဒါန ပြုကြသည်မှာ သာသနာတော် ထွန်းကားပြန့်ပွားရေးကို ရည်မှန်း၍ လှူဒါန်းကြခြင်း ဖြစ်သည်။ အနယ်နယ် အရပ်ရပ်မှ   ပရိယတ္တိ စာပေသင်ကြားရန် လာကြသော   ရဟန်းသံဃာနှင့် သာမဏေတို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)   ကျောက်မဲခရိုင်မှ ကိုရင်တစ်ပါး၏ ဇာတိကျေးရွာသို့ လွန်ခဲ့သော ဆယ်စုနှစ်များက ရောက်ခဲ့ဖူးသည်။ ထိုကျေးရွာကလေးတွင် ရှမ်းတိုင်းရင်းသားများ၊ ပလောင်တိုင်းရင်းသားများနေထိုင်ကြပြီး လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးကြသည်။ ရာသီဥတု၊ ရေမြေတောတောင် သဘာဝသာယာသည်။ ယခု ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ဝန်းကျင်မှ ချုံးဟောင်း၊ ချုံးသစ်၊ ပန်တောင်း၊ ကြင်ကိုင်၊ ဟူးစွန်၊ ဟူးကွက်၊တော့ဆန်ရွာတို့ကို ခြေရာချင်းထပ်မျှဝင်ထွက်သွားလာခဲ့ရဖူးသည်။ မိုင်းငေါ့နှင့် နမ့်ဆန်တို့ကိုလည်း အစုန်အဆန် သွားခဲ့ဖူးသည်။ ကျေးရွာပြည်သူတို့ စေတနာဖြင့် ကျွေးသော ကောက်ညှင်းပေါင်း၊ ပဲပုပ်ထောင်းနှင့် မုန်ညင်းပေါင်း ဟင်းရည်တို့ကို အဆာပြေ စားခဲ့ရဖူးသည်။ ဒေသအခေါ် ဖကဆော့ မုန်ညင်းပေါင်း ဟင်းရည်ကို ပုစွန်ခြောက်မပါ၊ အချိုမှုန့် မထည့်၊ ကြံသကာနှင့် ချက်ကြသည်။ နေထိုင်မကောင်းသူများကို  ဆေးကုပေးသော အခါ ''ကျေးဇူးတင်ခ'' ဆိုသည့် စကားသံကို ကြားရသည်။

စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် မိမိတို့အပေါ် ကျေးဇူးပြုခဲ့ ဖူးသူတို့ အမည်များကို မှတ်မိသမျှ မေးကြည့်သော် ကိုရင်မသိသူက များသဖြင့် သက်ရှိထင်ရှား မရှိကြတော့ဟု နားလည်လိုက်ရသည်။ ထိုကိုရင်အတွက် ဆွမ်းလောင်းလှူရခြင်းသည် လွန်ခဲ့သော ဆယ်စုနှစ်များက ကျေးရွာပြည်သူတို့က မိမိအပေါ် ပြုဖူးသော ကျေးဇူးကို ပြန်လည်ပေးဆပ်ခွင့်ကြုံခြင်း၊   ဂေါတမဘုရားရှင်၏ အဆုံးအမ တရားတော်များ မပျောက်ပျက်အောင် သင်အံလေ့ကျက်သော သာမဏေကို လှူဒါန်းရခြင်းဟူ၍   ကုသိုလ်ပီတိစိတ် နှစ်မျိုးဖြစ်ရစဉ် ယခုရွာပြန်သွားသည်ဆိုခြင်းကြောင့် စိုးရိမ်စိတ် ဖြစ်ရပြန်သည်။ စိုးရိမ်စိတ်ဖြစ်ရသည့် အကြောင်းမှာ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာနေ ဒေါ်မိုးဦးအား နမ့်ဆန်မြို့ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ပန်စမိန်းကျေးရွာသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ၄င်းတွင် သားသုံးဦးရှိသည့်အတွက် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တွင်  တာဝန်ထမ်းဆောင်ရန် တစ်ဦးပေးရမည်ဟု ပြောကြောင်း သိရသည်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးနောက် ဒေါ်မိုးဦးနှင့် သားသုံးယောက် ကျန်ရစ်ခဲ့ကြရာ သားနှစ်ယောက်က လုပ်ငန်းခွင် ဝင်နေကြပြီး အငယ်ဆုံးသားက ဒသမတန်း ပညာသင်ကြား နေသူဖြစ်သည်။ သူတို့ မိသားစု ကံကြမ္မာဖန်လာမည့် အရေးကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

 TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က အဓမ္မ လူသစ်စုဆောင်းသည့် သတင်းနှင့်အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့နယ် (ခွဲ) အတွင်း ကျေးရွာများရှိ အရွယ်မရောက်သေးသည့် ကလေးငယ်များအား UWSA ''ဝ'' အဖွဲ့က  အဓမ္မ လူသစ် စုဆောင်းမှုများကြောင့်   မိုင်းယန်းမြို့နယ်၏ အနောက်မြောက်ဘက်  ၈ မိုင်ခန့် အကွာရှိ နမ့်ဆော် (အာခါ) ကျေးရွာနှင့် တုံဖကော် ကျေးရွာတို့မှ လားဟူ တိုင်းရင်းသားများသည် နိုဝင်ဘာ ၁၁ ရက်တွင် နမ့်မော်ခမ်းကျေးရွာနှင့် လေးအိမ်စု ကျေးရွာ တို့သို့ တိမ်းရှောင်ထွက်ပြေးလာကြသည်။   ထွက်ပြေးတိမ်းရှောင်လာသည့် မိသားစုဝင်များအား   နယ်မြေခံ တပ်မတော်သားများက ဆန်နှင့် စားသောက်ဖွယ်ရာများကို နိုဝင်ဘာ ၁၃ ရက်တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ နိုဝင်ဘာ ၁၂ ရက်နှင့်၁၃ ရက်တို့တွင် နားခွင်းကျေးရွာနှင့် ချပ်ပလောနီ ကျေးရွာ တို့မှ လားဟူ တိုင်းရင်းသား ၃၆ ဦးတို့သည်လည်း မိုင်းခတ်မြို့နယ် လေးအိမ်စုကျေးရွာနှင့် ဝဂ္ဂီကျေးရွာ တို့သို့ ထပ်မံတိမ်းရှောင် ထွက်ပြေးလာကြသည်။

တိုင်းရင်းသား ပြည်သူများနှင့် တပ်မတော်တို့သည် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှစ၍ သမိုင်းစဉ် တစ်လျှောက်လက်တွဲ၍ စာနာစိတ်၊ နားလည်စိတ် တို့ဖြင့် နေထိုင်လာခဲ့ကြသည်။ တိုင်းရင်းသားပြည်သူတို့ ဘဝကို တပ်မတော်သားတို့က သိနားလည်မှုသည် လေ့လာရေး ခရီးအတွေ့အကြုံထက် များစွာပိုပါသည်။ ထို့ကြောင့် ကိုယ်နှင့်ထပ်တူ၊ ဆွေလူတော်ကြ၊ သဟာယသို့၊ ဝေငှစရာ၊ လှူကမ်းငှာနှင့်၊ ဝမ်းစာမထူး၊ နှလုံးနူး၏ပမာသာဖြစ်ကြပါသည်။  

Read 46 times Last modified on Saturday, 18 November 2017 08:26