SJ WorldNews - шаблон joomla Авто

အထိုက်ပူအေး ဆင်းရဲဘေးကို ငြိမ်းဆေး ဤစာ မည်စေသောဝ်

Sunday, 19 November 2017 10:27 font size decrease font size decrease font size increase font size increase font size

မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် နတ်တော်လဆန်း ၁ ရက် ယနေ့သည် စာဆိုတော်နေ့ဖြစ်သည်။ သက္ကရာဇ် ၈ဝဝ ပြည့်နှစ်လောက်မှစ၍ ပေလေးပင် ရှင်လေးပါး ပေါ်လိမ့်မည်ဟု ဆိုကြရာ ရတနာပူရ အင်းဝနေပြည် တော်ခေတ်တွင် မြန်မာမှု မော်ကွန်းကဗျာ ပျို့လင်္ကာရတုများနှင့် ထူးခြားသော စကားပြေကျမ်းများ ထွက်ပေါ်ခဲ့သည်။

ထိုခေတ်က ပေါ်ထွန်းခဲ့သော ကဗျာလင်္ကာ စာပေကျမ်းဂန်များမှာ စာပေမည်ကာ မတ္တမဟုတ် လွန်စွာအဆင့် အတန်း မြင့်မားကြောင်း၊ မြန်မာစာလုံးပေါင်း သတ်ပုံရေးထုံးကျန၍ အစီအကုံး အဖွဲ့အနွဲ့ ကောင်းလှသဖြင့် ယခုတိုင် စံပြပျို့ကဗျာ လင်္ကာများ အဖြစ် တည်တံ့နေကြောင်း မြန်မာစာပေ ပညာရှင်ကြီးများက ညွှန်ပြထား ကြသည်။ ပေလေးပင် ရှင်လေးပါးဟူသည် တောင်တွင်းကြီးနယ်၌ ဖွားမြင်ကြသော ရှင်မဟာသီလဝံသ လောင်းလျာမောင်ညို၊ ရှင်ဥတ္တမကျော် လောင်းလျာ မောင်ဥက္ကာ၊ ရှင်အုန်းညို လောင်းလျာ သူငယ်တစ်ဦးနှင့် ရှင်ခေမာလောင်းလျာ သူငယ်တစ်ဦးတို့ဖြစ်သည်။ ရတနာပူရ အင်းဝနေပြည်တော်၌ သက္ကရာဇ် ၈၄၆ ခုနှစ်တွင် အသက် ၁၆ နှစ်အရွယ်သာ ရှိသေးသော ရှင်မဟာရဋ္ဌသာရသည် ဘူရိဒတ်လင်္ကာကြီး ရေးသားစပ်ဆိုပြီး သက္ကရာဇ် ၈၅၃ ခုနှစ်တွင် ၃၈ နှစ်အရွယ်ရှိ ရှင်မဟာသီလဝံသက ပါရမီတော်ခန်း ပျို့ကဗျာကို ရေးသား စပ်ဆိုပြီးစီးကြောင်း မှတ်သားရသည်။

ရှင်မဟာသီလဝံသ လောင်းလျာ မောင်ညိုကို တောင်တွင်းကြီးမြို့မြောက်ဘက် မြို့လုလင်ရွာ၌ ဦးကြည်၏ ဇနီးမယ်ထွေးက သက္ကရာဇ် ၈၁၅ ခုနှစ်တွင်ဖွားမြင်ပြီး အသက်ခုနစ်နှစ်ခန့် အရွယ်သို့ ရောက်သောအခါ တောင်တွင်းကြီးမြို့ ရတနာဗိမာန်ကျောင်း မှ နတ်မှီဆရာတော် (နတ်မီးလင်း ဆရာတော်)အရှင်သီလာစာရာ ဘိဓဇထံတွင် ရှင်ဥတ္တမကျော် လောင်းလျာ မောင်ဥက္ကာနှင့်အတူ စာပေသင်ယူကြသည်။ ရှင်မဟာသီလဝံသသည် စာပေသင်ကြား တတ်မြောက်၍ ပါရမီတော်ခန်း ကဗျာကိုပင် စပ်ဆိုနိုင် သည်အထိ ပိဋကတ်ကျမ်းဂန် ကျေပွန်နှံ့စပ်သူဖြစ်သည်။ သို့သော် ထိုမျှနှင့်မတင်းတိမ်နိုင် ရတနာပူရ အင်းဝနေပြည်တော်သို့ သွားရောက် ပညာဆည်းပူးလိုသဖြင့် ကျေးဇူးရှင် ဆရာတော်ထံခွင့်ပန်၍ ပါရမီတော်ခန်းကဗျာ စာပလွေကို ထမ်းကာရတနာပူရ အင်းဝနေပြည်တော်သို့ ကြွလှမ်းတော်မူသည်မှာ သက္ကရာဇ် ၈၅၅ ခုနှစ်ခန့်ဟု ပညာရှင်တစ်ဦးက ရေးသားထားသည်။ ရှင်မဟာသီလဝံသသည် အင်းဝနေပြည်တော်သို့ ရောက်ပြီးမကြာမီ အင်းဝဘုရင် ဒုတိ ယမင်းခေါင်ထံသို့ မေတ္တာစာဧကပိုဒ်ရတုကို ပထမဦးဆုံး ဆက်သွင်းသည်။ ထို့နောက် ပါရမီတော်ခန်းပျို့ ကဗျာကို ဆက်သွင်းသောအခါ ဘုရင်မင်းခေါင် လွန်စွာကြည်ညိုတော်မူသဖြင့် စစ်ကိုင်းဘက်ကမ်းမှ ထူပါရုံ စေတီတော် အရှေ့မြောက် ယွန်းယွန်းတွင် လစ်လပ်နေသော ရတနာ့ဗိမာန်ကျောင်းေ တ်ာကို တင်လှူတော်မူ ပြီး သီလဝံသာဘိဓဇ မဟာဓမ္မ ရာဇဂုရုဘွဲ့တံဆိပ် ဆက်ကပ် လှူဒါန်းသည်။

ရှင်မဟာသီလဝံသ၏ ပါရမီတော်ကဗျာနှင့် ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ် လင်္ကာကြီးတို့ကို မင်းကြီးနှစ်သက် ကြည်ညိုတော်မူသဖြင့် ရွှေနန်းတော်တွင်း စာပွဲသဘင်ဆင်ယင် ကျင်းပ၍ စာတော်ဖတ်များက ဖတ်ကြရ သည်။ထိုအခါ ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်း ကဗျာသည် အလွန်ကောင်းသော်လည်း အကြောင်းအရာအားဖြင့် သုမေဓကထာ မစုံလင်သေး၊ သုမေဓာရသေ့ ဘုရားဆုပန်ဆင်သည့် ရှေ့ပိုင်းကျန်သေးသည်ဟု ပြောလာကြသဖြင့် ရှင်မဟာသီလဝံသသည် ဆုတောင်းခန်းပျို့ကို ရေးစ ပ်တော်မူ ပြန်သောအခါ ဗုဒ္ဓဝင်ပါဠိ တော် သုမေဓကထာတစ်ခုလုံး ပြည့်စုံသွားသည်။ မင်းနှင့်တကွ ပြည်သူအပေါင်းတို့လည်း များစွာနှစ်သက် အားရ ဖြစ်ကြသည်။ ပါရမီတော်ခန်းပျို့၏ အကြောင်းအရာ အကျဉ်းချုပ်မှာ သုမေဓာရသေ့သည် ရမ္မာဝတီ ပြည်၌ ဒီပင်္ကရာ မြတ်စွာဘုရား၏ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းရသဖြင့် ဘုရားဖြစ်ကြောင်း ပါရမီဆယ်ပါးတို့ကို ဆင်ခြင်သုံးသပ်၍ ဖြည့်ကျင့်ရန် ဆုံးဖြတ်တော်မူသော အချက်များဖြစ်သည်။ ရှင်မဟာသီလဝံသသည် မြတ်စွာဘုရား၏ ဗုဒ္ဓဝင်ဒေသနာ သုမေဓက ထာပါဠိကို လူတိုင်းနားလည်၍ အတုယူနိုင်ကြစေရန် မြန်မာပျို့ ကဗျာဖြင့်လဲလှယ်ကာ ဒုက္ခငြိမ်းဆေးအဖြစ် တိုက်ကျွေးလိုက်လေသည်ဟု ဆိုသည့်တိုင်အောင် ပါရမီတော် ခန်းကဗျာသည် ဆုတောင်းခန်း ကဗျာထက် များစွာခမ်းနားဆန်းပြား နက်နဲသောေ ကြာင့် ပါရမီမသီနှင့်ဟု ဥဒါန်းတွင်ရစ်သည်။ ပါရမီတော်ဆယ်ပါးတို့ကို ဆင်ခြင်ခန်း၌ ဒါနပါရမီကို ရေပြည့်အိုးသွန်ဥပမာ၊ သီလပါရမီ ကို စာမရီသားကောင်း ဥပမာ၊ နိက္ခမပါရမီကို နှောင်အိမ်ဥပမာ၊ ပညာပါရမီကို ဆွမ်းခံရဟန်း ဥပမာ၊ ဝီရိယပါရမီကို ခြင်္သေ့မင်းဥပမာ၊ ခန္တီပါရမီကို မြေကြီးဥပမာ၊ သစ္စာပါရမီကို သောက်ရှူးကြယ် ဥပမာ၊ အဓိဋ္ဌာန်ပါရမီကို ကျောက်တောင်ကြီး ဥပမာ၊ မေတ္တာပါရမီကို သီတာရေစင် ဥပမာ၊ ဥပေက္ခာပါရမီကို မြေကြီးဥပမာ၊ စင်းချိန်ကြီး ဥပမာတို့သည် မူလသုမေဓကထာ ကျမ်းရင်းပါ ဥပမာများအတိုင်း ရှင်မဟာ သီလဝံသက ဖွဲ့စည်းထားသည်ဟု ဆိုထားသည်။

စာဆို၏ စေတနာကို ဖော်ကျူးရာ၌ ''-----ရှေးစာဟောင်းကို၊ နောက်နှောင်းလူများ၊ ပညာပါးတို့၊ နားမနာသီး၊ ဆေးနှယ်ငြီး၍၊ ဝှဲချီးအမြိုက်၊ ဆူလှယ်တိုက်သား၊ အထိုက်ပူအေး၊ ဆင်းရဲဘေးကို၊ ငြိမ်းဆေးဤ စာမည်စေသောဝ်''ဟု ဆုတောင်းခန်းပျို့နိဂုံးတွင် တွေ့ရသည်။ ပါရမီမသီနှင့်ဟုဆိုငြား ဥာဏ်မီသမျှ ဆိုရသော် ပညာ လွန်ကဲသော ဘုရားလောင်းသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်။ သဒ္ဓါလွန်ကဲသော ဘုရားလောင်းသည် ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ဝီရိယလွန်ကဲသော ဘုရားေ လာင်းသည် တစ်ဆယ့် ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရသည်ဟူ၍ မှတ်သားရသည်။ ဒီပင်္ကရာ မြတ်စွာဘုရား၏ နိယတဗျာဒိတ်တော် ရပင်ရသော်ငြား ပါရမီဆယ်ပါးကို ကိုယ်တိုင်အားထုတ် ဖြည့်ဆည်းသူသာ အကျိုးရနိုင် ကြောင်းသိရ သည်မှာ စာဆိုရှင်မဟာသီလဝံသ၏ ကျေးဇူးကြီးမားလှပေသည်ဟူ၍ ၁၃၇၉ ခုနှစ် နတ်တော် လဆန်း ၁ ရက် စာဆိုတော်နေ့တွင် ဖော်ကျူးလျက် ခေတ်အဆက်ဆက် စာပေပညာရှင်ကြီးများအား မြဝတီက ဂါရဝပြုအပ်ပါသည်။

Read 50 times Last modified on Sunday, 19 November 2017 10:29