SJ WorldNews - шаблон joomla Авто

အစ္စရေးက အကြမ်းဖက်မှုနှင့်ဆက်နွှယ်သည့် ပါလက်စတိုင်း နိုင်ငံသား ၂၉ ဦးကို ဖမ်းဆီး

Tuesday, 26 December 2017 10:51 font size decrease font size decrease font size increase font size increase font size

မော်စကို  ဒီဇင်ဘာ  ၂၅

အနောက်ဘက်ကမ်းခြေဒေသနှင့် ဂါဇာ ကမ်းမြောင် ဒေသအတွင်း အကြမ်းဖက်တိုက် ခိုက်မှုများနှင့် ဆက်နွှယ်နေသူများကို အစ္စရေး  အာဏာပိုင်များက ဒီဇင်ဘာ ၂၄ ရက်တွင် စီးနင်းရှာဖွေရာ သံသယရှိသူ ပါလက်စတိုင်း နိုင်ငံသား ၂၉ ဦးကို ဖမ်းဆီးရမိကြောင်း The Jerusalem Post  သတင်းစာက ဖော်ပြသည်။

ဖမ်းဆီးရမိသည့် ပါလက်စတိုင်းနိုင်ငံသား ၂၉ ဦးသည် အကြမ်းဖက်မှု လုပ်ရပ်များတွင် ပါဝင်နေသူများဟု ယူဆရပြီး  အကြမ်းဖက်ဝါဒကို ထောက်ခံနေသူများ ဖြစ်ကြောင်း အဆိုပါသတင်းစာက ဖော်ပြထားသည်။

ဂျေရုဆလင်မြို့အား အစ္စရေးနိုင်ငံ၏ မြို့တော်အဖြစ် အမေရိကန်အစိုးရက တရားဝင် အသိအမှတ်ပြုခြင်းကို ကုလသမဂ္ဂအထွေထွေ ညီလာခံက ကန့်ကွက်ရန် ဒီဇင်ဘာ ၂၁ ရက်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၂၈ မဲ၊ ကန့်ကွက်မဲ ကိုးမဲနှင့်  ကြားနေမဲ ၃၅ မဲဖြင့်  အတည်ပြုနိုင်ခဲ့သည်။ အဆိုပါ ကိစ္စပြီးနောက်တွင် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာသည်။

ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခြင်းသည် မူဆလင် နိုင်ငံများအား ရန်စရာရောက်ပြီး အာရပ် နိုင်ငံများကို စိတ်ဆိုးဒေါသ ထွက်စေခဲ့သည့်အပြင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ပိုမိုဆိုးရွားစေရန် ဦးတည်ခဲ့သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၏  မဲခွဲဆုံးဖြတ်မှုနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ်  ဘင်ဂျမင်နေတန်ယာဟု၏ ရုံးက ထိုကဲ့သို့ မဲခွဲဆုံးဖြတ်မှုကို  လက်မခံနိုင်ကြောင်း၊  ဂျေရု ဆလင်သည် အစ္စရေးနိုင်ငံ၏ အမြဲတမ်းမြို့တော်ဖြစ်ကြောင်း၊ ယင်းအချက်ကို  နိုင်ငံ အများစုကလည်း ထောက်ခံကြောင်း ပြောဆိုထားသည်ဟု သိရသည်။

Read 422 times Last modified on Tuesday, 26 December 2017 10:52