SJ WorldNews - шаблон joomla Авто

အကြမ်းဖက် တိုက်ဖျက်ရေးနှင့် စစ်ဘက် ပူးပေါင်းမှုကို တိုးချဲ့ လာသည့်တရုတ်

Sunday, 31 December 2017 08:05 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံသည် အကြမ်းဖက် အန္တရာယ်ကို ကာကွယ် တားဆီးရေးအဖြစ် နိုင်ငံတကာနှင့် အကြမ်းဖက် တိုက်ဖျက်ရေးနှင့် စစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့် လာသည်ကို တွေ့ ရသည်။

ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအို ပြည်နယ်ရှိ မွတ်စလင်အများစု နေထိုင်ရာ မာရာဝီမြို့အား စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွှယ်နေသည့် မော့စစ်သွေးကြွ များက စီးနင်းသိမ်းပိုက်ပြီး နောက်ပိုင်းတွင် တရုတ် ခေါင်းဆောင်များသည် ဖိလစ်ပိုင် အစိုးရ၏ အကြမ်းဖက် တိုက်ဖျက်ရေး အစီအစဉ်ကို ထောက်ခံခဲ့ပြီး ယင်းနိုင်ငံနှင့် စစ်ဘက် ပူးပေါင်းမှုကို တိုးမြှင့်သည့် အနေဖြင့် ဖိလစ်ပိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်များပါ တပ်ဆင် ပေးခဲ့သည်ကို အမှတ်ရမည် ဖြစ်သည်။

ယခုအခါ တရုတ် အစိုးရသည် ၎င်းတို့၏ စစ်ဘက် ပူးပေါင်းမှုကို အရှေ့တောင် အာရှဒေသ တွင် သာမက တောင်အာရှနှင့် ဗဟိုအာရှကြားရှိ နိုင်ငံ တစ်နိုင်ငံဖြစ်သည့် အာဖဂန်နစ္စတန် အထိ တိုးချဲ့ရန် ကြိုးပမ်းလာပြီ ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် အာဖဂန်နစ္စတန် စစ်ဘက်နှင့် ပူးပေါင်းမှုများ တိုးမြှင့်ရန် အသင့်ရှိကြောင်း တရုတ်ဗဟို စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှုချီလင်က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ပြောကြားလိုက်ပြီး အကြမ်းဖက် တိုက်ဖျက်ရေးနှင့် စစ်ဘက်ဆိုင်ရာ နယ်ပယ်အများအပြား၌ လက်တွေ့ကျသည့် ပူးပေါင်းမှု ဆက်လက် လုပ်ဆောင်မည်ဟု ဗိုလ်ချုပ်ကြီးရှုက အာဖဂန်နစ္စတန် ခေတ္တ ကာကွယ်ရေး ဝန်ကြီး တာရစ်ရှား ဘရာမီနှင့် ဒီဇင်ဘာ၂၇ ရက်က တွေ့ဆုံစဉ် ပြောကြား လိုက်ခြင်း ဖြစ်သည်။ တရုတ် စစ်ဘက်၏ ရည်ရွယ်ချက်မှာ ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းရန်ပင် ဖြစ်သည်။အထူးသဖြင့် တောင်အာရှ ဒေသရှိ ၎င်းတို့၏ အကျိုး စီးပွားများကို စစ်သွေးကြွများ၏ တိုက်ခိုက်ဖျက်ဆီးခြင်းမှ ကာကွယ်ရန်လည်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ထို့ပြင် အာဖဂန် နစ္စတန်၊ တရုတ်နှင့် ဒေသတွင်း၌ တည်ငြိမ်ရေးကို ပူးပေါင်း ထိန်းသိမ်း ထားနိုင်ခြင်းသည် နှစ်နိုင်ငံ စလုံးအတွက် အကျိုးစီးပွားကို ဖြစ်ပေါ်စေသည့် အပြင် နှစ်နိုင်ငံ ဆက်ဆံရေး ကိုပါ မြင့်တက် လာစေနိုင်သည်ဟု တရုတ်နိုင်ငံက ရှုမြင် ထားသည်။ တစ်ချိန်တည်း မှာပင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုဒဏ်ကို မချိမဆံ့ခံ နေရသည့် အာဖဂန် နစ္စတန် အနေဖြင့်လည်း နှစ်နိုင်ငံ စလုံး၏ စစ်ဘက် ဆက်ဆံရေး တိုးတက်လာစေရန် အကြမ်းဖက် တိုက်ဖျက်ရေး အပါအဝင် တခြားနယ်ပယ် အများအပြား၌ တရုတ်နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင်ရန် ဆန္ဒရှိနေမည်ကား မလွဲဧကန်ပင် ဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် တစ်စထက်တစ်စ တိုးတက်လျက်ရှိပြီး တရုတ်အစိုးရက ၎င်းတို့၏ စီးပွားရေးနှင့် စစ်ရေးအင်အား ကြီးထွားလာမှုကို ကမ္ဘာ့နိုင်ငံ အများအပြား တိုးချဲ့ ဖြန့်ကြက် လာရန် ကြိုးပမ်း လျက်ရှိရာ နိုင်ငံအများအပြား၊ အထူးသဖြင့် အကြမ်းဖက် စစ်သွေးကြွများ လှုပ်ရှားနေသည့် နိုင်ငံများရှိ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရေး အတွက် တရုတ်နိုင်ငံ အနေဖြင့် အကြမ်းဖက် တိုက်ဖျက်ရေးနှင့် စစ်ဘက် ပူးပေါင်း မှုများကို ဆက်လက် တိုးချဲ့ရဖွယ် ရှိသည်။

Read 134 times Last modified on Sunday, 31 December 2017 08:18