SJ WorldNews - шаблон joomla Авто

သမ္မတ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် အမေရိကန်အား သတိပေးလိုက် သည့် ပူတင်

Sunday, 31 December 2017 08:18 font size decrease font size decrease font size increase font size increase font size

ရုရှားနိုင်ငံ၌ ၂ဝ၁၈ ခုနှစ်တွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲတွင် အမေရိကန် ပြည်ထောင်စုမှ ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် လက်ရှိ ရုရှား သမ္မတ ဗလာဒီမာပူတင်က သတိပေး ပြောကြားပြီး နောက်ပိုင်း အမေရိကန် အစိုးရဘက်မှ တုံ့ပြန်သံများ ထွက်ပေါ် လာသည်ကို တွေ့ရသည်။

သမ္မတ ရွေးကောက်ပွဲကို ရုရှားနိုင်ငံ၌ ၂ဝ၁၈ ခုနှစ် မတ် ၁၈ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး ယင်း ရွေးကောက်ပွဲသည် လက်ရှိ သမ္မတ ဗလာဒီမာပူတင် အနိုင်ရရှိမည်ဟု အများက ကျယ်ကျယ် ပြန့်ပြန့် မျှော်လင့်ထား လျက်ရှိသည်။ ရုရှား အစိုးရသည် ရွေးကောက်ပွဲတွင် ပူတင်နှင့် ယှဉ်ပြိုင် အရွေးခံမည့် အတိုက်အခံ ခေါင်းဆောင်လည်းဖြစ်၊ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားသူ တစ်ဦးလည်းဖြစ်သူ အလက်ဇီနာ ဗာနီအား ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်နိုင်ခြင်း မရှိစေရန် တားမြစ် ပိတ်ပင်ထားသည်။ ရုရှား အစိုးရ၏ ယင်းသို့ ပိတ်ပင်မှုအား အမေရိကန် ပြည်ထောင်စုက လွတ်လပ်စွာ ပြောကြားခွင့်ကို ဖိနှိပ်ချုပ်ချယ်ခြင်း ဖြစ်သည်ဟု ဝေဖန် ပြောကြား လိုက်သည်။ ထို့ပြင် ရုရှားအစိုးရ အနေဖြင့် နိုင်ငံအတွင်း၌ ပွင့်လင်း မြင်သာမှု ရှိ၍ တရား မျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပရန် အမေရိကန်အစိုးရက တိုက်တွန်း ထားသည်။ အမေရိကန်အစိုးရ၏ တိုက်တွန်းချက်သည် ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အတွင်း ဝင်ရောက် စွက်ဖက်နေခြင်းဖြစ်သည်ဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ မာရီယာဇာခါရိုဗာက တုံ့ပြန် ပြောကြားခဲ့ သည်။ ထို့ပြင် ရုရှားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေသည့် နိုင်ငံများမှာ အမေရိကန် ပြည်ထောင်စု တစ်နိုင်ငံတည်းသာ မဟုတ်ဟု ဇာခါရိုဗာက ၎င်း၏ ဖေ့ဘွတ် စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

မကြာမီ ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက် မစွက်ဖက်ရန် အမေရိကန် အစိုးရအား ရုရှားက သတိပေး ပြောကြားလိုက်ခြင်းသည် ၂ဝ၁၆ ခုနှစ်က အမေရိကန် ပြည်ထောင်စုတွင် ကျင်းပသည့် သမ္မတ ရွေးကောက်ပွဲ အတွင်း ရုရှားက ဝင်ရောက် စွက်ဖက်ခဲ့သည် ဟူသော စွပ်စွဲချက် အပေါ် တရားရုံးချုပ်မှ ရှေ့နေတစ်ဦး ဖြစ်သူ ရော်ဘတ်မူးလာ ဦးဆောင်သည့် အထူး စုံစမ်း စစ်ဆေးရေးအဖွဲ့၏ စုံစမ်း ဖော်ထုတ်နေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရုရှား အစိုးရသည် အမေရိကန် သမ္မတ ရွေးကောက်ပွဲကျင်းပစဉ် ဝင်ရောက် စွက်ဖက်ခဲ့သည် ဟု အမေရိကန် ထောက်လှမ်းရေး အသိုက်အဝန်းက ခိုင်ခိုင်မာမာ ယုံကြည်လျက် ရှိသည်။ သို့သော် အဆိုပါ စွပ်စွဲချက်များကို ရုရှားအစိုးရက ငြင်းဆိုခဲ့သည့် အပြင် ရုရှားနိုင်ငံ၌ ကျင်းပ မည့် သမ္မတ ရွေးကောက်ပွဲမှာပါ ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ဆိုခဲ့သည်။သမ္မတ ပူတင် အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ကျိန်းသေပေါက် အနိုင်ရရှိမည်ဟု ရုရှားအစိုးရက မျှော်လင့် ထားဖွယ် ရှိပြီး ယင်း အခြေအနေအား ပြည်ပနိုင်ငံ တစ်နိုင်ငံ၏ အနှောင့်အယှက် ပေးမှုကြောင့် ပျက်ပြား သွားမည်ကို စိုးရိမ်မကင်း ဖြစ်နေဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ဆိုထား သည်။ သို့ရာတွင် သမ္မတ ရွေးကောက်ပွဲ မကျင်းပမီ အချိန်ထိ သမ္မတပူတင်အနေဖြင့် စိန်ခေါ်မှု တချို့ကို ကျော်ဖြတ်ရမည် ဖြစ်သည်။ အတိုက်အခံ ခေါင်းဆောင် နာဗာနီအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ငြင်းဆို ခံထားရသော်လည်း ၎င်း၏ ကြိုးပမ်းမှုကို အလွယ်တကူ အလျှော့ပေးမည့် အခြေအနေ နည်းပါးခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် ၎င်းအနေဖြင့် ရွေးကောက်ပွဲ သပိတ်မှောက်ရန် ကြိုးပမ်းနေမည် ဆိုပါက ဥပဒေအရ အရေးယူ ခံရမည်ဟု ရုရှားအစိုးရက ခြိမ်းခြောက်ထားသည် ဟူသော သတင်းများလည်း ထွက်ပေါ် လျက်ရှိသည်။ တစ်ချိန် တည်းမှာပင် ရုရှား သမ္မတရွေးကောက်ပွဲတွင် အမေရိကန် အစိုးရ၏ ဝင်ရောက် နှောင့်ယှက်မည့် အန္တရာယ်ကိုလည်း ရုရှားအစိုးရက စိုးရိမ်လျက်ရှိရာ နိုင်ငံအတွင်း ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲကို အနှောင့်အယှက် ကင်းစွာ ကျင်းပနိုင်ရေး အတွက် အမေရိကန် အစိုးရအား သတိပေး လိုက်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားခြင်း ဖြစ်ပေသည်။

Read 416 times Last modified on Sunday, 31 December 2017 08:31