SJ WorldNews - шаблон joomla Авто

အမေရိကန် စစ်ဘက်က တောင်တရုတ် ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်ပြီးနောက် အငြင်းပွား ရေပိုင်နက် အနီးကင်းလှည့်

Thursday, 12 April 2018 12:31 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဧပြီ ၁၁

အမေရိကန်စစ်ဘက်သည် တောင်တရုတ် ပင်လယ်အတွင်း မိနစ်၂ဝ ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပိုင်နက်အနီးသို့ ဝင်ရောက်ကင်းလှည့် ခဲ့ကြောင်း သိရသည်။

ဧပြီ ၁ဝ ရက်တွင် လုပ်ဆောင်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှု အတွင်း F-18 တိုက်လေယာဉ် အစင်း ၂ဝ ပါဝင်လေ့ကျင့်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုတို့ကို ပြသစေသည်။ ထို့နောက် တိုက်လေယာဉ်များကို ယူအက်(စ်)အက်(စ်) သီအိုဒိုရုစဗဲ့ လေယာဉ်တင် သင်္ဘောအပေါ်သို့ ပြန်လည်ဆင်းသက် စေခဲ့ပြီး အမေရိကန် ပြည်ထောင်စု၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်ရှိ ဆိပ်ကမ်းတစ်ခုသို့ ဦးတည်ထွက်ခွာ သွားကြောင်းသိရသည်။ တောင်တရုတ် ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်နေစဉ် အမေရိကန် စစ်သင်္ဘောအနီးသို့ တရုတ်သင်္ဘောများ ချဉ်းကပ်လာကြောင်း တိုက်ရေယာဉ်စုမှ တပ်မှူး ရေတပ်ဗိုလ်ချုပ် စတိခိုးလားက လေယာဉ်တင် သင်္ဘောပေါ်တွင် လိုက်ပါလာသည့် သတင်းထောက်များအား ပြောသည်။ ရေကြောင်းသွားလာရေး အတွက် အဓိကကျသည့် တောင်တရုတ်ပင်လယ်၌ မောင်းနှင်သွားလာနေသည့် နိုင်ငံများတွင် အမေရိကန် ပြည်ထောင်စုသာမက တရုတ်၊ ဂျပန်နှင့်အခြား အရှေ့တောင်အာရှ နိုင်ငံများမှ ရေတပ်များလည်း ပါဝင်လျက်ရှိသည်။ တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ် အတွင်း၌ လေတပ်နှင့် ရေတပ်စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ်ကို လုပ်ဆောင်ပြီး ရက်အနည်းငယ် အကြာတွင် အမေရိကန် စစ်ဘက်က အဆိုပါ လေယာဉ်တင်သင်္ဘောကို ဒေသတွင်းသို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံက လုပ်ဆောင်သည့် စစ်ရေးလေ့ကျင့်မှု ကြီးသည် သာမန်အားဖြင့် လုပ်လေ့လုပ်ထမရှိသော ရေတပ်အင်အားကို ပြသသည့် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ထားသည်။ တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများ အပါအဝင် အနောက်ပစိဖိတ် ဒေသရှိ ရေတပ်များသည် ပင်လယ်ပြင်အတွင်း အဓိကရုဏ်းများကို ရှောင်ရှားနိုင်ရေး အတွက် ရေတပ်သင်္ဘောများ တစ်စင်းနှင့် တစ်စင်း မမျှော်လင့်ဘဲ တွေ့ဆုံရာတွင် လိုက်နာရမည့် ကျင့်ဝတ်စည်းမျဉ်း တစ်ရပ်ကို ချမှတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

Read 138 times Last modified on Thursday, 12 April 2018 13:58