SJ WorldNews - шаблон joomla Авто

ကြီးထွားလာနိုင်ဖွယ်ရှိသည့် အင်အားကြီးနှစ်နိုင်ငံကြားမှ ပြိုင်ဆိုင်မှုများ

Sunday, 10 September 2017 16:31 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံသည် အိန္ဒိယ၏ ကန့်သတ်ချက်ကို စမ်းသပ်လျက်ရှိသောကြောင့် အိန္ဒိယအနေဖြင့် သတိထားရမည့်ကာလသို့ရောက်ရှိနေသည့်အပြင် ဖြစ်ပေါ်လာနိုင်သည့်စစ်ပွဲအတွက် ကြိုတင် ပြင်ဆင်ရမည်ဟု အိန္ဒိယစစ်ဘက်မှ အကြီးအကဲဗိုလ်ချုပ်ကြီး ဘင်ပင်ရာဝပ်က ပြီးခဲ့သည့် ရက် သတ္တပတ်အတွင်းက ပြောကြားလိုက်သည်ကို တွေ့ရသည်။

ထူးခြားသည့်အချက်မှာ ဗိုလ်ချုပ်ကြီးရာဝပ်၏ပြောကြားချက်သည် တရုတ်နှင့်အိန္ဒိယ နှစ်နိုင် ငံကြား ဒေါ့ကလန်ဒေသ၌ကာလအတန်ကြာ ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေသည် အာရှ၏အင်အားကြီးနှစ်နိုင်ငံကြားအားစမ်းမှုဖြစ်သည်ဟု တချို့ကယူဆ ထားသည်။

အဆိုပါ ဒေါ့ကလန်ဒေသကို သူပိုင်သည်၊ ငါပိုင်သည်ဟု တရုတ်နှင့်ဘူလ်တန်တို့က အငြင်းပွားလျက်ရှိသည်။ ယင်းအချိန်တွင် အိန္ဒိယသည် ဘူလ်တန်၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံအဖြစ်ရှိနေပြီး ယင်းနိုင်ငံ၏လုံခြုံရေးကိုပါ တစ်စိတ်တစ်ဒေသအားဖြင့် တာဝန်ယူ လျက်ရှိသည်။ ရှေ့မတိုး၊နောက်မဆုတ်သာအခြေအနေမှာ ပိုမိုတင်းမာလာပြီးနောက် နောက်ဆုံး တွင်အိန္ဒိယအစိုးရက ၄င်းတို့၏တပ်များကိုအဆိုပါဒေသမှ ပြန်လည်ဆုတ်ခွာစေခဲ့ရာမှ တင်းမာမှုများမှာ အတော်အတန်လျော့ကျလာခဲ့သည်ကိုတွေ့ရသည်။ သို့သော်တရုတ် နှင့်အိန္ဒိယတို့ကြား ဖြစ်ပွားသည့်အဆိုပါတင်းမာမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံပိုင်မီဒီယာ တစ်ခုက အိန္ဒိယအစိုးရအားလှောင်ပြောင်သကဲ့သို့ ဖော်ပြခဲ့ကြသည့်အပြင် အိန္ဒိယအနေဖြင့် ၁၉၆၂ ခုနှစ်ကဖြစ်ပွားသည့်စစ်ပွဲကို သင်ခန်းစာယူသင့်သည်ဟူသောပြောဆိုမှုများလည်း ထွက်ပေါ် လာခဲ့သည်။ ယင်းအချက်များသည် အိန္ဒိယစစ်ဘက်ရှိ ခေါင်းဆောင်ပိုင်းမှ တချို့ကို

သတိပေးလိုက်သကဲ့သို့ဖြစ်လာခဲ့သည့်အပြင်တရုတ်အစိုးရက အင်အားပြသ၍ နယ်မြေပိုင် နက်များကို တဖြည်းဖြည်းဝါးမျိုနေခြင်းဖြစ်သည်ဟုယူဆလာသည်ကို တွေ့ရသည်။

ထို့ကြောင့် အိန္ဒိယအနေဖြင့် မိမိတို့၏ကာကွယ်ရေးစွမ်းရည်နှင့်နည်းပညာတိုးတက် မှုများနှင့် စပ်လျဉ်း၍ မိမိတို့ဘာသာ အားရကျေနပ်ခြင်းမရှိဘဲစတင်လာပြီဖြစ်သည့် အင်အားပြသမှုကြောင့် ရေကုန်ရေခန်းတိုက်ခိုက်ရန် အလားအလာရှိသည့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးရာဝပ်က စက်တင်ဘာ၇ ရက်တွင် ပြောကြား လိုက်ခြင်းဖြစ်သည်။

ထို့ပြင် ပိုင်နက်နယ်မြေများကို တဖြည်းဖြည်းဝါးမျိုမှုနှင့် အိန္ဒိယ၏ တုံ့ပြန်နိုင်မှုအတိုင်းအတာကို စမ်းသပ်ခြင်းတို့သည်မိမိတို့နိုင်ငံအတွက်စိုးရိမ်ဖွယ်ရာဖြစ်ပြီး ယင်းအခြေအနေများသည် ပဋိပက္ခအသွင်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားနိုင်သည့်အခြေအနေများ ထွက်ပေါ် လာခြင်းကြောင့်အဆိုပါအခြေအနေများအတွက်ပြင်ဆင်ရမည်ဖြစ်ကြောင်း၎င်းကသတိပေးထားသည်။ အလားတူအိန္ဒိယအနေဖြင့် စစ်မျက်နှာနှစ်ခုဖွင့်လှစ်ရနိုင်ဖွယ်ရှိသည်ဟုဆိုထားသည်။ ၄င်းဆိုလိုသည်မှာ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးပိုမိုတိုးချဲ့လာသည့်တောင်အာရှရှိ ပြိုင်ဘက် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ပါကစ္စတန်ကိုရည်ညွှန်းဖွယ်ရှိသည်။ ထို့ပြင် အိန္ဒိယသည် ကာလရှည်ကြာပြိုင်ဘက်အဖြစ် ရပ်တည်နေသည့် ပါကစ္စတန်နှင့်ပြန်လည်ရင်ကြားစေ့ မည့်အနေအထားမရှိဟု ၄င်းကပြောသည်။

အိန္ဒိယစစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာဝပ်၏ပြောဆိုချက်သည် တုန်လှုပ်ဖွယ်နှင့် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပြီး ၄င်းပြောကြားချက်များသည် အစိုးရ၏အာဘော်ဖြစ်မည်ဟု မမျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုလိုက်ခြင်းကြောင့် အင်အားကြီး နှစ်နိုင်ငံကြားပြိုင်ဆိုင်မှုသည် လာမည့်အနာဂတ်ကာလတွင် ပိုမိုကြီးထွားလာမည့် အခြေ အနေတွင်ရှိနေသည်။

ဇေယျဘုန်း

Read 141 times Last modified on Sunday, 10 September 2017 16:42